ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် အင်မထီးရွာ ပျူစောထီးတွေက လုပ်သားရွာကို စီးနင်း၊ ခြောက်ဦးကို ဖမ်းဆီး

ဖေဖော်ဝါရီ၊ ၁၄
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အနောက်ခြမ်းက ပျူစောထီးရွာဖြစ်တဲ့ အင်မထီးရွာ မနေ့က ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် အဲဒီရွာနဲ့ နှစ်မိုင်အကွာက လုပ်သားရွာကို ပျူစောထီးတွေက ဝင်ရောက်စီးနင်းကာ နှစ်နှစ်အရွယ် ကလေးတဦးအပါအဝင် ဒေသခံ ခြောက်ဦးကို ဖမ်းဆီးသွားတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာ၀န်ခံ ကိုဇော်ထက် ကပြောပါတယ်။
 
“အများစုကတော့ သူတို့ (ပျူစောထီးအဖွဲ့) လာတယ်သတင်းကြားတော့ ထွက်ပြေးကြတာပေါ့။ တချို့ကတော့ ရွာထဲမ၀င် လောက်ဘူးထင်ပြီး မပြေးဘဲ ကျန်ခဲ့တဲ့သူတွေ ဖမ်းဆီးခံထားရတယ်။ အင်မထီးရွာဘက်ကို ဖမ်းသွားပါတယ်” လို့ သူက ပြောပါတယ်။
 
အင်မထီးရွာ ပျူစောထီးအဖွဲ့က ဖမ်းခေါ်ထားတဲ့ ဒေသခံ ခြောက်ဦးနဲ့ ပတ်သက်ပြီး ဒီကနေ့အထိ အဆက်အသွယ် မရရှိသေးသလို သူတို့ရဲ့ အချက်အလက်တွေကိုလည်း အသေးစိပ်မသိရသေးဘူးလို့ သူကဆက်ပြောပါတယ်။
 
ပုလဲမြို့နယ်အနောက်ခြမ်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း အစပ်မှာရှိတဲ့ အင်မထီးရွာဟာ ပျူစောထီးတွေ အားကောင်းတာကြောင့် တော်လှန်ရေးတပ်တွေက မကြာခဏ တိုက်ခိုက်လေ့ရှိသလို မနေ့က မနက်ပိုင်းမှာလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ တခုက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ခဲ့တယ်ဆိုတာ မသိရပေမယ့် တိုက်ခိုက်မှုအပြီးမှာ အင်မထီးရွာ ပျူစောထီးတွေက ဒရုန်းလာတဲ့ လမ်းကြောင်းအတိုင်း အင်အားအများအပြားနဲ့ စစ်ကြောင်းထွက်လာကြပြီး လုပ်သားရွာကို စီးနင်းခဲ့တာလို့ ဆိုပါတယ်။
 
အဲဒီပျူစောထီးတွေက လုပ်သားရွာထဲက ပြည်သူပိုင်နေအိမ် လေးလုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
 
ပုလဲနယ်အတွင်းရှိ အင်မထီးပျူစခန်းနဲ့ ကန်ဒေါင့်နယ်မြေရဲစခန်းက အနီးအနားက ကျေးရွာတွေကို မကြာမကြာ စစ်ကြောင်းထိုးကာ ရိက္ခာရှာဖွေလေ့ရှိတာကြောင့် အနီးတဝိုက်မှာရှိတဲ့ ကန်ဒေါင့်၊ သာစည်၊ သရက်လှ၊ ညောင်ရင်ကုန်း၊ မဲဇရပ် စတဲ့ကျေးရွာတွေက ဒေသခံ ခြောက်ထောင်လောက်ဟာ နီးစပ်ရာကျေးရွာတွေကို စစ်ဘေးရှောင်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုလဲဒေသခံတဦးက ပြောပါတယ်။
 
“စစ်ရှောင်နေရတာ နှစ်လလောက်ရှိပြီ၊ ရွာကိုလည်း ပြန်မရသေးဘူး ကန်ဒေါင့်စခန်းက နေ့တိုင်း အနီးအနားက ရွာတွေကို ပတ်သွားနေလို့ပါ။ လူတွေ့ရင် လူဖမ်းတယ် ပစ္စည်းတွေ့လည်း သိမ်းတယ်” လို့ သူကဆိုပါတယ်။
 
စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက ဒေသခံတွေနဲ့ သူတို့ပိုင် ကျွဲ၊ နွားနဲ့ မော်တော်ယာဉ်တွေကို ဖမ်းဆီးပြီးနောက် ရိက္ခာတွေနဲ့ ပြန်ရွေးယူခိုင်းနေတာလို့ သူကဆိုပါတယ်။
 
“မနေ့က ကန်ဒေါင့်ရဲစခန်းမှာ သုံးဘီးဆိုင်ကယ် တစီးအဖမ်းခံရတော့ ၀က်သားအချိန် သုံးဆယ်နဲ့ လာပြန်ယူဖို့ ပြောတယ်။ အဲလိုပဲနွားတွေ သိမ်းခံရရင်လည်း ငါးခြောက်တို့ ဆေးလိပ်တို့ ကွမ်းယာတို့ပေါ့သူတို့ လိုအပ်တာတွေနဲ့ ပြန်ရွေးခိုင်းပါတယ်” လို့ အဲဒီပုလဲဒေသခံက ပြောပါတယ်။
 
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ကိုဇော်ထက်ကတော့ ဒေသတွင်း ပျူစောထီးစခန်းတွေအတွက် ရိက္ခာရဖို့ စစ်ကောင်စီတပ်က စစ်ကြောင်းမထိုးပေးနိုင်တော့တာကြောင့် အခုလို ဒေသခံတွေကို ဖမ်းဆီးပြီး ရိက္ခာရှာနေတာလို့ ပြောပါတယ်။
 
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းကလည်း အင်မထီး ပျူစောထီးရွာက ဒေသခံ ခုနစ်ဦးဟာ ရိက္ခာအခက်အခဲတွေကြောင့် ရွာကထွက်ပြေးလာတဲ့အတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေက ကူညီစောင့်ရှောက်ထားရတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – ပုလဲပအဖ
ပုံစာ – စစ်အုပ်စုစစ်ကြောင်းထိုးလာလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပုလဲဒေသခံများ