AA သိမ်းပိုက်ထားတဲ့ ကျောက်တော်မြို့ကို စစ်တပ်က လေကြောင်းဗုံးကြဲ၊ ရိုဟင်ဂျာ ခုနစ်ဦးထက်မနည်း သေဆုံး

ဖေဖော်ဝါရီ၊ ၁၂
 
ရက္ခိုင့်တပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းက ဗုံးလာကြဲခဲ့လို့ ရိုဟင်ဂျာ ၇ ဦးထက်မနည်း သေဆုံးကာ တဆယ်နီးပါး ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
မနေ့က ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညအချိန်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲခဲ့တာဖြစ်ပြီး ကျောက်တော်မြို့အနီး ပိုက်သည် (ရိုဟင်ဂျာ)ရပ်ကွက်ထဲ ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။
 
“ညည့်လာကြဲတာ၊ လေယာဉ်အဖြူ (Y 12)နဲ့ လာချတာ၊ မြို့ထဲကိုတော့ မကျဘူး၊ မြို့နားက မူဆလင်ရွာထဲကို ကျတယ်၊ သေတာမှာ ကလေးတွေရောပါတယ်၊ သေတာက ၇ ယောက်ပါ” လို့ ကျောက်တော်မြို့ခံတဦးက DNA ကို ပြောပါတယ်။
 
စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးခဲ့ရသူတွေရဲ့ အသက်အရွယ်နဲ့ ဒဏ်ရာရသူအရေအတွက် အတိအကျကိုတော့ ဖုန်းလိုင်းအခက်အခဲကြောင့် အသေးစိတ်မသိရသေးပါဘူး။
 
အဲဒီလို လေကြောင်းဗုံးလာကြဲတာကြောင့် ကစ္ဆပနဒီတံတားနဲ့ မြို့ပေါ်ရှိ နေအိမ်အချို့လည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ကျောက်တော်မြို့တွင်း စစ်ကောင်စီတပ် အထိုင်ချတာ မရှိလို့ မြို့တွင်း တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့သလို တိုက်ပွဲကာလတုန်းက နေအိမ်ပျက်စီးမှုတွေလည်း မရှိခဲ့ပါဘူး။ အခု မြို့သိမ်းပြီးနောက်ပိုင်းမှပဲ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လာတာပါ။
 
AAဟာ စစ်ကောင်စီရဲ့တပ်မဌာနချုပ်ရှိပြီး အခြေစိုက်တပ်ရင်း လေးခု၊ အမြောက်တပ်ရင်း တခု ရှိတဲ့ ကျောက်တောမြိုနယ်တခုလုံးကို အခုဖေဖော်ဝါရီလ ပထမပတ်က သိမ်းယူခဲ့တာပါ။
 
ဒါ့အပြင် မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ တောင်ပြိုမြို့နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကိုလည်း သိမ်းယူထိန်းချုပ်ထားပါတယ်။
 
အဲဒီလက်လွှတ်ထားရတဲ့ မြို့နယ်တွေကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတာတွေ လုပ်နေပြီး မနေ့ကတရက်တည်းမှာပဲ ပလက်၀မြို့နယ်အတွင်းမှ ကလေးငယ်တဦးလည်း သေဆုံးခဲ့ရပါတယ်။
 
အလားတူပဲ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကလည်း မင်းပြားမြို့နယ်ကို လေကြောင်းနဲ့ ရေကြောင်းတို့ကနေ တိုက်ခိုက်တာတွေ လုပ်ခဲ့ပြီး လူနေအိမ်အများအပြား ပျက်စီးခဲ့ရပါတယ်။
 
ဓာတ်ပုံ – 3Brotherhood Alliance