မြေပုံမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့အားလုံး ထွက်ပြေး

ဖေဖော်ဝါရီ၊ ၁၂
 
ရခိုင်ပြည်နယ်မြောက်ပိုင်း မြေပုံမြို့ပေါ်ရှိစစ်ကောင်စီတပ် သားတွေနဲ့ ရဲတပ်ဖွဲ့၀င်တွေအားလုံးဟာ ဒီနေ့ ဖေဖော်ဝါရီလ ၁၂ ရက် မနက်အစောပိုင်းမှာ စစ်ရေယာဉ်နဲ့ စွန့်ခွာ၊ ထွက်ပြေးသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့တွေဟာ မနက် ခြောက်နာရီ၀န်းကျင်မှာ စစ်ရေယာဉ်တစီးနဲ့ ကျောက်ဖြူမြို့ဆီ ထွက်ခွာသွားကြတာဖြစ်ပြီး အင်အားတရာ၀န်းကျင်ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်သားတွေရဲ့ စစ်လက်နက်၊ ခဲယမ်းတွေ သင်္ဘောဆိပ်မှာ ကျန်ခဲ့တယ်လို့လည်း သိရပါတယ်။
 
“အတိုက်ခံရမှာစိုးလို့ ထွက်ပြေးကြတာဖြစ်မယ်၊ AA ဘက်က ဝိုင်းထားတာကြာပြီလေ၊ အစကတော့ မြို့ကလူတွေကို ဓါးစာခံလုပ်ပြီး နေခဲ့ကြသေးတယ်၊ အခု အကုန်ပြေးသွားပြီ” လို့ မြေပုံဒေသခံ သတင်းရင်းမြစ်တဦးက DNA ကို ပြောပါတယ်။
 
စစ်ကောင်စီတပ်သားတွေဟာ ရခိုင်ဒေသတကျော့ပြန်တိုက်ပွဲတွေ စပြီးနောက် မြေပုံမြို့ပေါ်ရဲစခန်း၊ လူနေအိမ်ကြီးတွေနဲ့ မြို့ပတ်လည်၀င်ပေါက်တွေမှာ အထိုင်ချနေထိုင်ခဲ့ကြပြီး စစ်ရေးပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။
 
ဒါပေမယ့် စစ်ကောင်စီဟာ မြို့ပေါ်နဲ့ မြို့နီးပတ်လည်ဒေသအချို့ကိုသာ ထိန်း ချုပ်နိုင်ခဲ့ပြီး မင်းပြားမြို့ကနေ မြေပုံမြို့နားအထိ ကားလမ်းတလျှောက်လုံးကို ရက္ခိုင့်တပ်တော် (AA)ဘက်က ထိန်းချုပ်ထားခဲ့တာပါ။
 
အခုအခါမှာတော့ မြို့ပေါ်ကပါ စွန့်ခွာသွားခဲ့ကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လအတွင်းကလည်း စစ်တွေ – ရန်ကုန်ကားလမ်းမပေါ်ရှိ မြေပုံမြိုနယ် ယိုးချောင်းဗျူဟာကုန်းကိုလည်း စွန့်ခွာခဲ့ပါသေးတယ်။
 
စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့၀င်တွေ စွန့်ခွာသွားတဲ့ မြေပုံမြို့ဟာ AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မင်းပြားမြို့နယ်နဲ့ ထိစပ်နေပြီး ဘင်္ဂလားပင်လယ်၀မှာ တည်ရှိပါတယ်။
 
“ဒီဘက်(ကျောက်ဖြူ)မှာလည်း တိုက်ပွဲတွေဖြစ်နေတော့ မြို့ကို ကာကွယ်ဖို့အင်အားထပ်ဖြည့်ပြီး ထိန်းချင်တာဖြစ်မယ်၊ စစ်တပ်မှာ အင်အားမရှိတော့ဘူးလေ၊ တနေရာကို စစ်ကူပို့ရင် တနေရာက လက်လွှတ်ရမှာပဲ”လို့ စစ်ရေးနဲ့ နီးစပ်တဲ့ ကျောက်ဖြူဒေသခံတဦးက ပြောပါတယ်။
 
တရုတ်ရဲ့ စတင်အကောင်အထည်ဖော်တော့မယ့် ရေနက်ဆိပ်ကမ်းစီမံကိန်းအပါအ၀င် တရုတ်စီမံကိန်းကြီးတွေ ရှိနေတဲ့ ကျောက်ဖြူမြိုနယ်အတွင်း ဓည၀တီရေတပ်စခန်းအနီးနဲ့ ကုလဘာကျေး ရွာအုပ်စုတို့မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲတွေ ဖြစ်ပွားနေကြတယဖြစ်ပါတယ်။
 
ဒီနေ့မနက်ပိုင်းမှာလည်း ကျောက်ဖြူမြို့နယ် ငှက်ပျောချောင်းရွာအနီး စစ်ကောင်စီရဲတပ်ရင်း၀န်းကျင်မှာ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၃ နို၀င်ဘာ ၁၃ ရက်နေ့က စခဲ့တဲ့ ရခိုင်ဒေသတိုက်ပွဲတွေဟာ ပြည်နယ်အလယ်ပိုင်းနဲ့ တောင်ပိုင်းအထိ ကျယ်ပြန့်ပြင်းထန်လာနေပြီး သုံးလနီးပါးအတွင်း ချင်းပြည်နယ် ပလက်၀၊ ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး ၊ မင်းပြား၊ ပေါက်တောနဲ့တောင်ပြိုမြို့တို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
 
AA က သိမ်းထားတဲ့ မင်းပြား၊ ကျောက်တော်၊ ပလက်၀တို့ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတာတွေ လုပ်နေပြီး မနေ့က ဗုံးကြဲမှုကြောင့် ကျောက်တော်မြို့ ကစ္ဆပနဒီတံတားနဲ့ မြို့ပေါ်ရပ်ကွက်မှ နေအိမ်အချို့ ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
လက်ရှိမှာ ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊နဲ့အမ်းတို့မှာလည်း စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲဖြစ်ပွားနေကြပါတယ်။
 
ဓာတ်ပုံ – Social Media