ရက္ခိတအိပ်မက် နီးစပ်ပြီလား

ဖေဖော်ဝါရီ၊ ၁၁
 
ရခိုင်ဒေသအတွင်းက ရက္ခိုင့်တပ်တော်(AA)ရဲ့ ထိုးစစ်တွေဟာ ပိုပြီးတော့ အရှိန်မြင့်ပြင်းထန်လာပြီး ပြည်နယ် မြောက်ပိုင်းမြို့တွေကို တခုပြီးတခု ဆက်တိုက်သိမ်းပိုက်ကာ တိုက်ပွဲတွေဟာလည်း မြို့တော်စစ်တွေနဲ့ အနီးဆုံး နေရာတွေကို ရောက်လာနေပါတယ်။
 
ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့ ရှမ်းမြောက်ဒေသမှာ ပါဝင်တိုက်ခိုက်နေခဲ့တဲ့ AA ဟာ ရှမ်းမြောက်စစ်ဆင်ရေး စပြီး နှစ်ပတ်ကျော်အကြာ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်ကစလို့ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်၀မြို့နယ်တို့မှာစတင်ထိုးစစ်ဆင်ခဲ့တာပါ။
 
ရက္ခိုင့်တပ်တော်(AA)ဟာ ရခိုင်ဒေသတိုက်ပွဲသုံးလနီးပါးအတွင်း ချင်းပြည်နယ်တောင်ပိုင်း ပလက်၀၊ ရခိုင်ပြည် နယ်မြောက်ပိုင်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တောနဲ့ မောင်တောမြို့နယ် တောင်ပြိုမြို့တို့ကို အ လုံးစုံသိမ်းပိုက်၊ ထိန်းချုပ်ထားပြီဖြစ်ပါတယ်။
 
◾သုံးလအတွင်း မြို့ခြောက်မြို့သိမ်းယူ
 
ရက္ခိုင့်တပ်တော်(AA)ဟာ ရခိုင်ပြည်နယ်၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နဲ့ နယ်နမိတ်ချင်း ထိစပ်နေပြီး အိန္ဒိယရဲ့ ကုလားတန်မြစ်ကြောင်းဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း တည်ရှိရာ ချင်းပြည်နယ် တောင်ပိုင်း ပလက်၀မြို့ကို အစောဆုံး သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။
 
နှစ်လကြာ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပြီးနောက် ၂၀၂၄ ခု ဇန်နဝါရီလ ၁၄ ရက်မှာ မြို့နယ်တခုလုံးကို သိမ်းယူ နိုင်ခဲ့တာပါ။
 
အဲဒီနောက် တပတ်အကြာ ဇန်နဝါရီ ၁၉ ရက်နေ့မှာတော့ ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေနဲ့ အနီးဆုံးမှာတည် ရှိ တဲ့ ပေါက်တောမြို့ကို သိမ်းပိုက်ရရှိခဲ့ပါတယ်။ ပေါက်တောမြို့ဟာ အစိုးရရုံးရှိပြီး ပြည်နယ်စစ်ကောင်စီအဖွဲ့ ဝင် တွေနေထိုင်တဲ့စစ်တွေမြို့ရဲ့အရှေ့ဘက် ရေမိုင် ၁၆ မိုင်အကွာမှာတည်ရှိပါတယ်။
 
ပေါက်တောမြို့နယ်နဲ့ စစ်တွေမြို့နယ်တို့ဟာ ကုလားတန်မြစ်တခုသာခြားပြီး တဖက်တကမ်းမှာ တည်ရှိတာပါ။ ဒါတင်မက AAကပေါက်တောမြို့နဲ့ ထိစပ်နေပြီး ရန်ကုန် – စစ်တွေကားလမ်းမပေါ်တည်ရှိတဲ့ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်မြို့နယ်တို့ကိုလည်း ဖေဖော်ဝါရီလ ၆ ရက်၊ ၇ ရက်၊ ၈ ရက်တွေမှာ ဆက်တိုက် သိမ်းပိုက်ရရှိခဲ့ ပါ တယ်။
 
မင်းပြား၊ မြောက်ဦး၊ ကျောက်တော်မြို့နယ်တို့အတွင်း စစ်ကောင်စီတပ်လက်အောက်ခံ အမှတ်(၉)စစ်ဆင်ရေးကွပ် ကွဲမှုဌာနချုပ်(စကခ ၉)၊ ရဲ့လက်အောက်ခံ ခြေမြန်တပ်ရင်း ဆယ်ခု၊ အမြောက်တပ် တခုနဲ့ ဗျုဟာစခန်းဆယ် ဂဏန်းအထိ ရှိနေခဲ့တာပါ။
 
အဲဒီတပ်ရင်းတွေထဲက တချို့ဟာ တပ်ရင်းလိုက် အင်အားရာချီ လက်နက်ချခဲ့ကြသလို တချို့တပ်ရင်းတွေကတော့ တ၀တပျက်တိုက်ခိုက်ခံရပြီးနောက်မှ အထိနာလို့ လက်နက်ချခဲ့ကြတာလို့ နီးစပ်သူတွေက ဆိုကြပါတယ်။
 
“ဗျူဟာတွေ၊ စခန်းတွေက တိုက်စရာတောင်မလိုလိုက်ဘူး၊ အခြေစိုက်တပ်ရင်းတွေကိုလည်း တလပိုင်း (ဇန်နဝါရီ) ဒုတိယပတ်လောက်ကမှ စတိုက်တာ၊ တလတောင်မတိုက်လိုက်ရဘူး”လို့ AA နဲ့ နီးစပ်တဲ့ မင်းပြားဒေသခံတဦးက မြို့သိမ်းတိုက်ပွဲတွေအကြောင်း ပြောပြပါတယ်။
 
ဒါ့အပြင် မောင်တောမြို့နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ တောင်ပြို(လက်ဝဲ၊ လက်ယာ)မြို့ကိုလည်း အခုရက်ပိုင်းအတွင်း AA က သိမ်းပိုက်ရရှိထားပါတယ်။
 
အဲဒီမြို့သိမ်းတိုက်ပွဲတွေအတွင်းတပ်မဌာနချုပ်နှစ်ခု၊အခြေစိုက်တပ်ရင်း ၁၂ ခုထက်မနည်းအပါအဝင် စစ်ကောင်စီ လက်အောက်ခံစခန်းပေါင်း နှစ်ရာဝန်းကျင်ကို သိမ်းယူခဲ့တယ်လို့ AA ကထုတ်ပြန်တဲ့ အချက်အလက်တွေနဲ့ ဒေသ ခံတွေပြောပြချက်အရ အတည်ပြုနိုင်ပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီရဲ့ သံချပ်ကာကားတွေ၊ ဟောင်ဝစ်ဇာအမြောက်တွေအပါအဝင် လက်နက်ခဲယမ်း အမြောက် အများ သိမ်းဆည်းရရှိကာ တပ်မမှူးအပါအဝင်အရာရှိများစွာကိုလည်း အရှင် ဖမ်းမိခဲ့တယ်လို့ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောထားကြပါတယ်။
 
AA သိမ်းထားတဲ့ ပလက်၀၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦးတို့မှာ မြို့ပေါ်အပြင် ဒေသတခုလုံးမှာပါ စစ် တပ်စခန်းတွေ မကျန်တော့ဘဲ မင်းပြားမြို့နယ်မှာလည်း အမှတ်(၉) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တိုင်းဗဟို ၉)တခုသာ ကျန်တော့တယ်လို့ ဆိုပါတယ်။
 
အခုအခါ သိမ်းပိုက်ထားတဲ့မြို့တွေမှာ ဒေသခံတွေ ပြန်လည်အခြေချနေထိုင်နိုင်ရေး၊ အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နိုင်ရေးတို့အတွက် ပြင်ဆင်မှုတွေလည်း စတင်နေပြီလို့ နီးစပ်တဲ့သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
 
◾ကျန်မြို့တွေပါ ဝိုင်းဝန်း၊ ပိတ်ဆို့ခံနေရ
 
ပြည်နယ်မြောက်ပိုင်းက ခရိုင်မြို့(မြောက်ဦး)အပါအဝင် မြို့နယ်လေးခုနဲ့ မြို့တခု(တောင်ပြို)တို့ကို သိမ်းပိုက်၊ ထိန်းချုပ်ထားတဲ့ AA ဟာ ရသေ့တောင်မြို့နဲ့ ပြည်နယ်အလယ်ပိုင်းရှိ ရမ်းဗြဲမြို့တို့ကိုလည်း ဆက်လက်ထိုးစစ် ဆင်နေပါတယ်။
 
အဲဒီမြို့တွေမှာ နယ်ဒေသတွေအတွင်း တပ်စခန်းတခုမှ မကျန်တော့ဘဲ ရသေ့တောင်မြို့မှာ တပ်ရင်းသုံးခုနဲ့ ရမ်း ဗြဲမြို့မှာ မြို့လယ်တပ်စခန်းအချို့သာ ကျန်တော့ပြီး အဲဒီတပ်ရင်း၊ တပ်စခန်းတွေကို AA ဘက်က ဝိုင်းရံ၊ ပိတ်ဆို့ ထားနိုင်တဲ့အနေအထားလို့ နီးစပ်သူတွေက ပြောကြပါတယ်။
 
ဒါ့အပြင် မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏာကျွန်း၊ မြေပုံ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ အမ်း မြို့နဲ့ တရုတ်စီမံကိန်းတွေရှိရာ ကျောက်ဖြူမြို့နယ်တို့မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ AA နဲ့ ညီနောင် မဟာမိတ်တွေရဲ့ ထုတ်ပြန်ချက်တွေနဲ့ ဒေသခံတွေက ဆိုပါတယ်။
 
ပြည်နယ်ရုံးစိုက်ပြီး ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ဒကစ)တည်ရှိရာ စစ်တွေမြို့နယ်အတွင်းမှာတော့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားတာမရှိသေးပေမယ့် စစ်တွေမြို့နဲ့ လေးမိုင်ဝန်းကျင်သာ ကွာဝေးတဲ့ စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပါတယ်။
 
မြိုတော်စစ်တွေမှာဆိုရင်လည်း အရေးပါတဲ့ရေလမ်းကြောင်းဝင်ပေါက်တွေ၊မြို့အဝင်အထွက်နေရာတွေမှာ စစ်ရေ ယာဥ်တွေ အပါအဝင် တပ်စွဲထားပြီး မြို့စွန်ကျေးရွာတွေမှာလည်း ဘန်ကာတွေပြုလုပ်ကာ စစ်ကောင်စီဘက်က ခံစစ်ပြင်နေတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။
 
ဒါ့အပြင် မြို့တွင်းလမ်းမတွေမှာလည်း သံချပ်ကာကားတွေနဲ့ လှည့်လှည်တာတွေလုပ်နေတယ်လို့ လည်းဆိုပါ တယ်။
 
ရသေ့တောင်၊ ဘူးသီးတောင်တို့လို မြို့ပေါ်တိုက်ပွဲတွေမရှိသေးတဲ့ ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာလည်း စစ်ကောင်စီလက်အောက်ခံတပ်စခန်းတွေအများအပြားမကျန်တော့ဘဲ နှစ်ရှည်လများအခိုင်အမာချထားတဲ့ မြို့ စောင့်တပ်နဲ့ အခြေစိုက်တပ်ရင်းတချို့သာ ကျန်တော့တယ်လို့ နီးစပ်သူတွေက ပြောကြပါတယ်။
 
စစ်တွေမြို့နယ်နဲ့ ကပ်ရပ်ပုဏ္ဏာကျွန်းမြို့နယ်မှာဆိုရင် မြို့စောင့်တပ် ခမရ ၅၅၀ တပ်ရင်းတခုသာ ကျန်တော့ပြီး ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့မှာလည်း နယ်ခြားစောင့်ဌာနချုပ်နဲ့ တပ်ရင်းအချို့သာ ကျန်တော့ကာ ထွက်ပေါက်ပိတ်နေကြပြီလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေက ပြောကြပါတယ်။
 
“တိုက်ရခက်မယ့် အချက်အချာကျတဲ့မြို့တွေကို ရသွားပြီလေ၊ ကျန်မြို့တွေကိုလည်း AA က ဒီလိုအရှိန်နဲ့ တကယ် တမ်းတိုက်မယ်ဆိုရင် လပိုင်းတောင်ကြာမှာ မဟုတ်ဘူး၊ မြောက်ပိုင်းတခုလုံး အကုန်ရသွားမှာ”လို့ ရခိုင်ဒေသခံ စစ်တပ်အရာရှိဟောင်းတဦးက သုံးသပ်ပါတယ်။
 
အမ်းနဲ့ မြေပုံမြို့နယ်တို့အတွင်းမှာဆိုရင်လည်း တကျော့ပြန်တိုက်ပွဲစပြီးနောက်ပိုင်း တပ်ဆုတ်သွားတဲ့ စစ်ကောင်စီ တပ်စခန်း၊ ဗျူဟာ ဆယ်ဂဏန်း ရှိပြီး စစ်ဌာနချုပ်၊ မြို့ပတ်လည်အနီးတဝိုက် တပ်ရင်းတွေနဲ့မြို့အနီးရှိ လက်နက် ကြီးအထိုင်ကုန်းအချို့သာ ကျန်တော့တယ်လို့ ဆိုကြပါတယ်။
 
“အမ်းက နပခရှိလို့ တပ်ရင်းနည်းနည်းများတယ်၊ စစ်တွေကလည်း ဒကစတခုပဲ၊ အခြားတပ်ရင်းတွေမှာ အင်အား ဘယ်လောက်မှ မရှိတော့ဘူး၊ ဖွဲ့စည်းပုံမပြည့်တာကြာပြီ၊ လေယာဉ်ကိုပဲ အားကိုးနေကြတာ၊ ဒါပေမယ့် အကုန်လုံး က အဝိုင်းခံနေရပြီ”လို့ ရခိုင်ဒေသခံ စစ်တပ်အရာရှိဟောင်းက ပြောပါတယ်။
 
◾ကြွက်မနိုင် ကျီမီးရှို့နေ
 
တပ်ရင်း၊ တပ်စခန်းတွေ ဆက်တိုက်ပိတ်ဆို့ခံ၊ လက်လွှတ်ရကာ မြို့တွေ သိမ်းခံနေရတဲ့ စစ်ကောင်စီဟာ အရပ် သားတွေအပေါ် ပိုမိုဦးတည်ပစ်မှတ်ထားလာပြီး တိုက်ပွဲကာလသုံးလနီးပါးအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရသူအရပ်သား တရာကျော်နဲ့ ထိခိုက်ဒဏ်ရာရသူ သုံးရာနီးပါးရှိပြီဖြစ်ပါတယ်။
 
ဒါ့အပြင် တိုက်ပွဲစဖြစ်ကတည်းက တပြည်နယ်လုံးရှိ ဆက်သွယ်ရေးလမ်းကြောင်းတွေအားလုံးကိုပိတ်ခဲ့သလို ကျန်းမာရေးအရဆေးကုသဖို့ အရေးပေါ်သွားလာသူတွေကိုပါ ဟန့်တားတာကြောင့် သေဆုံးရတဲ့ ကလေးငယ်၊ ကိုယ်ဝန်ဆောင်တွေ ဆယ်ချီရှိနေပြီလို့ ဒေသခံတွေက DNA ကို ပြောထားကြပါတယ်။
 
ရခိုင်ပြည်နယ်အတွင်း လမ်းတွေပိတ်ထားတာကြောင့် ကုန်စည်၊ ဆေးဝါးစီးဆင်းမှု လုံးဝရပ်တန့်သွားကာ ဒေသ ထွက်ကုန်တွေကိုလည်း ရောင်းချနိုင်ခြင်းမရှိတော့ဘဲ ကုန်စျေးနှုန်းတွေ အဆမတန်မြင့်တက်နေတာပါ။
 
ဒါကြောင့်ရိုဟင်ဂျာဒုက္ခသည်တွေ၊ ရခိုင်စစ်ရှောင်တွေနဲ့ အခြေခံလက်လုပ်လက်စား ဒေသခံပြည်သူတွေမှာ အငတ် ဘေးနဲ့ ကြုံရတဲ့အခြေအနေရောက်နေကြပြီလို့ပြောကြပါတယ်။
တိုက်ပွဲတွေနဲ့ လုံခြုံးရေးစိတ်မချရတော့တာမလို့ ဒေသခံအများအပြားဟာ ရန်ကုန်အပါအဝင် ပြည်မဒေသတွေဆီ ပြောင်းရွှေ့ကြတာတွေလည်းများလာပါတယ်။
 
“ပိုက်ဆံရှိသူတွေကတော့သွားကြတာပေါ့၊မရှိတဲ့သူကတော့ဘယ်တတ်နိုင်မလဲ၊အသေခံရုံပဲ၊လေယာဥ်လက်မှတ်ကဆယ်သိန်းလောက်ဖြစ်နေပြီ”လို့ကျောက်တော်ဒေသခံအမျိုးသမီးတဦးကဆိုပါတယ်။
 
◾တိုက်ပွဲတွေ ပြည်နယ်တောင်ပိုင်း ရောက်တော့မလား
 
လက်ရှိအနေအထားအရ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်၁၇မြို့နယ်အနက် တောင်ပိုင်းဒေသသံတွဲ၊ဂွနဲ့ အလယ် ပိုင်းရှိမာန်အောင်မြို့တို့ကိုသာ ထိန်းချုပ်ထားနိုင်တဲ့အနေအထားလို့ ဒေသတွင်းသတင်းရင်းမြစ်တွေကတဆို ပါတယ်။ “စစ်တွေတောင်အချိန်မရွေးဝင်တိုက်နိုင်တာ၊ကျန်မြို့တွေလည်းအသိမ်းခံရတာနဲ့အဝိုင်းခံထားရတာတွေပဲလေ”လို့ဒေသတွင်းသတင်းရင်းမြစ်တဦးကပြောပါတယ်။
 
AA အနေနဲ့လည်းရခိုင်မြောက်ပိုင်းက ကျန်မြို့တွေနဲ့ ပြည်နယ်အလယ်ပိုင်းမြို့နယ်တွေမှာပါ ထိုးစစ်တွေ ဆက် တိုက်လုပ်နေတာ တွေ့ရပြီး တောင်ပိုင်းမှာလည်း နှစ်ဖက်စစ်ရေးပြင်ဆင်မှုတွေ ရှိနေကြပါတယ်။
 
AA ရဲ့ ထိုးစစ်တွေ၊ မြို့သိမ်းတိုက်ပွဲတွေဟာ ပြည်နယ်မြောက်ပိုင်းနဲ့ အလယ်အပိုင်းတို့အပြင် အရင်စစ်ပွဲတုန်းက တိုက်ပွဲမရှိခဲ့ဖူးတဲ့ တောင်ပိုင်းမြို့နယ်တွေအထိပါ ကျယ်ပြန့်ကူးစက်လာဦးမယ်လို့ အကဲခတ်တွေနဲ့ လေ့လာသူတွေ က သုံးသပ်ကြပါတယ်။
 
“မြောက်ပိုင်းမှာ မြို့သိမ်းတိုက်ပွဲတွေရှိလာတယ်၊ သိမ်းရတဲ့မြို့တွေ များလာတယ်ဆိုတော့ တောင်ပိုင်းကိုလည်း စ တိုက်ဖို့ နီးလာပြီလို့ ပြောလို့ရတယ်၊ တောင်(ပိုင်း)ဘက်မှာလည်း မြို့သိမ်းတိုက်ပွဲတွေလုပ်ဖို့အတွက် အဆင့်သင့် ဖြစ်နေတဲ့အနေအထားမှာရှိမယ်”လို့ ရခိုင်ဒေသခံ စစ်ရေး၊ နိုင်ငံရေး လေ့လာသူတဦးက သုံးသပ်ပါတယ်။
 
တကျော့ပြန်တိုက်ပွဲအတွင်းရခိုင်တောင်ပိုင်းမြို့နယ်တွေမှာ ရက္ခိုင့်တပ်တော်(AA)ဟာ စစ်ကောင်စီလက်အောက်ခံ နယ်မြေရဲစခန်းအချို့ကို သိမ်းပိုက်၊ နေရာယူတာတွေ ရှိလာခဲ့ပါတယ်။
 
တောင်ကုတ်နဲ့ သံတွဲမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံရဲစခန်း ငါးခုထက်မနည်းကို သိမ်းပိုက်ထား တယ်လို့ ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာ ၁၄ ရက်က ထုတ်ပြန်ခဲ့ပြီး အဲဒီလအတွင်းမှာပဲ တောင်ကုတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်စစ်ကြောင်းတချို့ကို မိုင်းဆွဲတိုက်ခိုက်တာ ရှိခဲ့ပါတယ်။
 
ထို့အတူပဲ စစ်ကောင်စီတပ်ကလည်း တောင်ပိုင်းမြို့နယ်တွေဖြစ်တဲ့ တောင်ကုတ်၊ သံတွဲ၊ ဂွနဲ. မာန်အောင်မြို့ နယ် တို့မှာ ကုန်းကြောင်း၊ ရေကြောင်း စစ်အင်အားတိုးချတာ၊ မြို့ပတ်လည်ကင်းစခန်းတွေ ချကာ အဝင်အထွက် ကန့် သတ်၊ ပိတ်ပင်တာစတဲ့ စစ်ရေးပြင်ဆင်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
ခုရက်ပိုင်း ဖေဖော်ဝါရီလ ၈ ရက်ကလည်း စစ်ကောင်စီတပ်က နှစ်ဖက်တိုက်ပွဲမရှိဘဲ တောင်ကုတ်မြို့နယ် ကုလား ရောင်ကျွန်းမှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ညီနောင်သုံးဖွဲ့နဲ့ ဒေသခံတွေက ဆိုကြ ပါတယ်။
 
တောင်ပိုင်းမြို့တွေမှာ AA က ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပြီး မြို့ကို စွန့်ခွာ သူတွေ ရာချီရှိနေကာ စစ်ကောင်စီရဲ့တပ်ရင်း၊ တပ်စခန်းတွေမှာ ခံစစ်အနေအထား အကာအကွယ်တွေ တိုးလုပ် နေတာ တွေ့ရတယ်လို့လည်း တောင်ပိုင်းမြို့နယ်တွေမှ ဒေသခံတွေက ပြောကြပါတယ်။
 
“စစ်တပ်က နေဗီတွေလည်း အများကြီးပဲ ချထားတယ်၊ အရင်က တခါမှ အဲလောက်အများကြီး မမြင်ဖူးဘူး၊ စစ် ကြောင်း ထိုးတာတွေလည်း ဆက်တိုက်ရှိနေတယ်၊ ဒီအတိုင်းဆိုရင် ဒီဘက်မှာလည်း ကြာတော့မယ်မထင်ဘူး”လို့ သံတွဲမြို့နယ် ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
 
◾ရက္ခိတအိပ်မက် ဘယ်အထိခရီးဆက်မလဲ
 
အဲဒီလိုအခြေအနေတွေကြောင့် ရခိုင်ဒေသတိုက်ပွဲတွေဟာ တောင်ပိုင်းအစွန်ဆုံးအထိ ကျယ်ပြန့်လာနိုင်ပြီး မကြာခင် တောင်ပိုင်းမြို့ကြီးတွေကိုပါ AA က သိမ်းပိုက်လာနိုင်မယ်လို့ စစ်ရေး၊ နိုင်ငံရေးအကဲခတ်တွေနဲ့ လေ့လာသူတွေကခန့်မှန်း၊ သုံးသပ်ပါတယ်။
 
AA က ရည်မှန်းထားတဲ့ ရခိုင့်အနာဂတ်အိပ်မက်ကို ပြည်နယ် မြောက်ပိုင်းတခုတည်းမှာပဲ ဖော်ဆောင်လို့မရတာ ကြောင့် မကြာခင်ကာလအတွင်း တောင်ပိုင်းမြို့နယ်တွေအတွင်း မြို့ပေါ်တိုက်ပွဲတွေ ဆက်ရှိလာမယ်လို့ ရခိုင် ဒေသခံ နိုင်ငံရေး လေ့လာသူတဦးကသုံးသပ်ပါတယ်။
 
ရက္ခိုင့်တပ်တော်(AA)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ရခိုင်ဒေသတခုလုံးကို ပြီးပြည့်စုံအောင် ထိန်း ချုပ်နိုင်ရေး ဆက်လက်ကြိုးပမ်းတိုက်ပွဲဝင်သွားမယ်လို့ တပ်တွင်းမိန့်ခွန်းတွေနဲ့ အင်တာဗျူးတွေမှာ ပြောဆိုထား တာပါ။
 
“စစ်ရေးအရကတော့ ရခိုင်ဒေသတခုလုံးကို ကျွန်တော်တို့နဂိုသတ်မှတ်ထားတဲ့အတိုင်း ပြီးပြည့်စုံအောင် ထိန်းချုပ် နိုင်ဖို့အတွက် ဆက်လက်ကြိုးစားတိုက်ပွဲဝင်သွားမှာ”လို့ အခုလအတွင်း BBC မြန်မာပိုင်းက ဖော်ပြခဲ့တဲ့ သီးသန့် မေးမြန်းခန်းမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပြောပါတယ်။
 
ဒါကြောင့် တကျော့ပြန်တိုက်ပွဲတွေက မြို့သိမ်းရုံသာမကဘဲ ပြည်နယ်တခုလုံးထိန်းချုပ်နိုင်ရေးကိုပါ ဦးတည်ကာ တောင်ပိုင်းမြို့တွေအားလုံးမှာပါ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ကြ ပါတယ်။
 
“အခုတကြိမ်က ရခိုင်ပြည်နယ်ရဲ့ မြို့သိမ်းတိုက်ပွဲရော၊ ပြည်သိမ်းတိုက်ပွဲရော ရှိမယ့်အနေထားကို ရောက်မယ်လို့ ထင်တယ်” လို့ ရခိုင်ဒေသခံ စစ်ရေးလေ့လာသူတဦးကဆိုပါတယ်။
 
ဒါ့အပြင် ရခိုင်ပြည်နယ်တခုလုံးကို AAထိန်းချုပ်နိုင်ပါက နယ်မြေချင်းဆက်စပ်နေတဲ့ဧရာဝတီ၊မကွေးတို့လိုဒေသ တွေက ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်မှုလည်းပိုမိုအားကောင်းလာနိုင်တယ် ဆိုတဲ့ရှုမြင်ချက်တွေ လည်းရှိ ပါတယ်။
 
ချင်းနဲ့ ရခိုင်အစပ်က ပလက်ဝဒေသတခုလုံးအပါအဝင် ရခိုင်ပြည်နယ်အတွင်း ဒေသတော်တော်များများကို ရခိုင့် တပ်တော် AA က လွှမ်းမိုးထိန်းချုပ်နိုင်ခဲ့တဲ့နောက် မကြာခင်ကာလအတွင်းရခိုင်တောင်ပိုင်းမှာ တိုက်ပွဲတွေဆက် ပြီးပြင်းထန်လာနိုင်တယ်လို့ ဝါရင့်စစ်ရေး၊နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က မှန်းဆပါတယ်။
 
မကြာခင် တောင်ကုတ်တို့ သိမ်းနိုင်မယ်၊ အပြင်းထန်ဆုံးကတော့ အမ်းမှာ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်၊ ရခိုင်ပြည် နယ် အနေနဲ့ အစောဆုံးလွတ်မြောက်မယ့် ပြည်နယ်ထဲမှာ ပါလိမ့်မယ်လို့ ထင်ပါတယ်”လို့ သူကဆိုပါတယ်။
 
ရခိုင်အမျိုးသားရေးဆိုင်ရာ အချုပ်အခြာကိုပြန်ရဖို့ ရက္ခိတအိပ်မက်အတွက် လက်နက်ကိုင်တော်လှန်မှုတွေ စ တင်ခဲ့တာလို့ ရှင်းပြခဲ့ဖူးတဲ့ ရခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ လက်ရှိရခိုင် တိုက် ပွဲတွေနဲ့ ပတ်သက်ပြီး သူ တို့ရဲ့မျှော်မှန်းချက်ကို ဘီဘီစီမြန်မာပိုင်းမှာ အခုလိုပြောထားပါတယ်။
 
“စကားကို ဆုံးအောင်တော့ မပြောလိုပါဘူး၊သို့သော် အရမ်းအခက်ခဲဆုံး အချိန်မှာတောင်မှ ကျွန်တော်တို့ အ ကောင်းဆုံး ကြိုးစားခဲ့တယ်၊ဒီလိုအချိန်မှာဆိုရင် မျှော်လင့်ချက်တွေက ပိုပြီးမှ နီးကပ်တယ်၊အရင်ထက် ပိုပြီးမှ ပီပြင်တယ်”