မြန်မာစစ်တပ်အတွက် အလုပ်မဖြစ်တော့တဲ့ နောက်ဆုံး ကောက်ရိုးမျှင် (သို့မဟုတ်) တရုတ်ကြားဝင် စေ့စပ်မှု

ဒီဇင်ဘာ၊ ၁၉

တရုတ် အစိုးရရဲ့ ကြားဝင် စေ့စပ်ပေးမှုအရ ယာယီ အပစ်အခတ် ရပ်စဲထားတယ် ဆိုပေမယ့်လည်း တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေဟာ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းက တိုက်ပွဲတွေမှာ ဆက်တိုက် အသာစီး ရနေပါတယ်။ ပြီးတော့ လောလောလတ်လတ်အဖြစ် တရုတ် နယ်စပ်နားက အရေးပါတဲ့ မြို့တမြို့နဲ့ ကုန်သွယ်ရေး ဇုန်တခုကိုလည်း တော်လှန်ရေး အင်အားစုတွေက ထိန်းချုပ်နိုင်ခဲ့ပါတယ်။

အဲဒီဒေသမှာ တိုက်ပွဲတွေက အောက်တိုဘာ လကုန်ပိုင်းကစလို့ အရှိန်အဟုန်နဲ့ ဖြစ်ပေါ်လာပါတယ်။ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA), တအောင်း အမျိုးသား လွတ်မြောက်ရေး (TNLA)နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ စုစည်းထားတဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့ဟာ ရှမ်းပြည်နယ် မြောက်ပိုင်းက အာဏာသိမ်း စစ်ကောင်စီ အခြေစိုက် စခန်းတွေကို လျှပ်တပြက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တဦးက အာဏာသိမ်း မြန်မာစစ်ကောင်စီနဲ့ ညီနောင် မဟာမိတ် သုံးဖွဲ့ရဲ့ ကိုယ်စားလှယ်တွေဟာ ကူမင်းမြို့မှာ တွေ့ဆုံဖြစ်ခဲ့ကြကြောင်း၊ ပြီးတော့ ယာယီ အပစ်ရပ်ရေး အပါအဝင် သဘောတူညီမှု တချို့ကို ညှိနှိုင်း ရယူနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီ တွေ့ဆုံမှုရဲ့ အကျိုးဆက် အနေနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ သိသိသာသာ အရှိန်လျော့သွားကြောင်း၊ အဲဒီ အခြေအနေဟာ မြန်မာ့နိုင်ငံရေးရဲ့ ဆက်စပ် အင်အားစုတွေကို အကျိုးဖြစ်စေရုံသာ မကဘဲ တရုတ်-မြန်မာ နယ်စပ်ဒေသရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုတွေကိုပါ အထောက်အကူ ဖြစ်စေကြောင်း တရုတ်က ဆိုပါတယ်။

တကယ်လည်း MNDAA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အခြေအနေတွေက အေးချမ်းသွားသယောင် ရှိခဲ့ပါတယ်။ နောက်တနေ့မှာပဲ စစ်ပွဲတွေ ဆက်လက် ဖြစ်ပွားခဲ့ပြီး TNLAဟာ စစ်မြေပြင်မှာ ထင်ရှားမြင်သာတဲ့ အောင်မြင်မှုတွေ ဆက်တိုက် ရယူနေနိုင်ခဲ့ပါတယ်။

ပထမဆုံး ဒေသခံ မီဒီယာတွေက နမ့်ဆန်မြို့ကို TNLAက သိမ်းယူလိုက်နိုင်ကြောင်း ပြည်တွင်း မီဒီယာတွေက ဖော်ပြလာပါတယ်။ နမ့်ဆန်ဟာ ညီနောင် မဟာမိတ် သုံးဖွဲ့ စစ်ဆင်ရေးတွေ ဖော်ဆောင် လှုပ်ရှားနေရာ နယ်မြေရဲ့ အနောက်ဖက်ပိုင်းမှာ တည်ရှိပါတယ်။ လူမှုကွန်ရက်ပေါ် ထုတ်ပြန်ပြသခဲ့တဲ့ ဗီဒီယိုတွေမှာဆိုရင် TNLA ခေါင်းဆောင်တွေက စစ်သုံ့ပန်းတွေကို ထိန်းသိမ်းထားတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ စကားစမြည် ပြောဆိုရင်း နမ်ဆန်မြို့ထဲ လှည့်ပတ် စစ်ဆေးနေတာကို တွေ့နိုင်ပါတယ်။ ဒါ့အပြင် TNLAက နမ့်ဆန် မြို့သိမ်း တိုက်ပွဲမှာ စစ်ကောင်စီ တပ်တွေဆီကနေ သိမ်းယူ ရရှိထားတဲ့ စစ်လက်နက်နဲ့ ခဲယမ်းမီးကျောက် အများအပြားရဲ့ ဓာတ်ပုံတွေကလည်း Facebookမှာ ပျံ့နှံ့လာပြန်ပါတယ်။

တနေ့တည်းမှာပဲ တော်လှန်ရေး အင်အားစုတွေဟာ မူဆယ်မြို့နဲ့ ၁၀ ကီလိုမီတာလောက် အကွာက အရေးပါတဲ့ ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်ကိုပါ ထိန်းချုပ်လိုက်နိုင်ပါတယ်။ မူဆယ်ဟာ တရုတ်နဲ့ နယ်စပ်နားမှာ တည်ရှိပြီး အချက်အခြာကျတဲ့ မြို့ကြီးတခု ဖြစ်ပါတယ်။ ဒေသခံတွေရဲ့ အဆိုကို ကိုးကားပြီး ပြည်တွင်း မီဒီယာ တခုဖြစ်တဲ့ Myanmar Nowက ဖော်ပြထားရာမှာ တိုင်းရင်းသား တော်လှန်ရေး မဟာမိတ် အင်အားစုတွေဟာ ကုန်သွယ်ရေးဇုန်နားက တောင်ကုန်းတခုပေါ်မှာ တည်ရှိတဲ့ စစ်ကောင်စီရဲ့ လက်ကျန် ခံစစ်အထိုင် စခန်းကို ဒီဇင်ဘာ ၁၅ ရက်မှာ စီးနင်း သိမ်းယူနိုင်ခဲ့တယ်လို့ ပါရှိပါတယ်။ နောက်တော့ TNLAကပါ အဲဒီသတင်း မှန်ကန်ကြောင်း အတည်ပြုခဲ့ပြီး ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို အပြည့်အဝ ထိန်းချုပ်လိုက်ပြီလို့ AFP သတင်းဌာနဆီ အသိပေးခဲ့ပါတယ်။

မဟာမိတ် တပ်ဖွဲ့တွေဟာ မူဆယ်နားကို ချဉ်းကပ် ဖြန့်ကျက်ထားနိုင်ခဲ့တာ အချိန်အတိုင်းအတာ တခုထိ ကြာမြင့်လာပါပြီ။ နိုဝင်ဘာ လကုန်ပိုင်းတုန်းက ညီနောင် မဟာမိတ် သုံးဖွဲ့ဟာ အဓိက နယ်စပ် ကုန်သွယ်ရေး ဂိတ် ၅ ခုထဲက ကျင်စန်းကျော့ဂိတ်ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် မူဆယ် တဝိုက်က စစ်စခန်းတွေလည်း တိုင်းရင်းသား မဟာမိတ် တပ်တွေလက်ထဲ ဆက်တိုက် ကျရောက်ခဲ့ပါတယ်။

အဲဒီ အောင်မြင်မှုတွေဟာ အောက်တိုဘာ ၂၇ ရက်မှာ ညီနောင် မဟာမိတ် သုံးဖွဲ့က အကောင်အထည်ဖော် ဆင်နွှဲခဲ့တဲ့ ‘အော်ပရေးရှင်း ၁၀၂၇’ရဲ့ အသီးအပွင့်တွေလို့ ဆိုနိုင်ပါတယ်။ အဲဒီ စစ်ဆင်ရေး စကတည်းက စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုတွေဟာ ဆက်တိုက် အောင်ပွဲခံနေပြီး နိုင်ငံအနှံ့မှာ မြို့ ၇ ခုထက် မနည်းနဲ့ စစ်စခန်းပေါင်း ၄၂၂ ခုထက်မနည်းကို ထိန်းချုပ် သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။

အဲဒီ အောင်မြင်မှုတွေထဲမှာမှ နယ်စပ် ကုန်သွယ်ရေးဇုန်ကို ထိန်းချုပ်လိုက်နိုင်ခြင်းဟာ အရေးအကြီးဆုံး ဖြစ်လာမယ့် အလားအလာတွေလည်း ရှိနေပါတယ်။ မူဆယ်ဟာ တရုတ်နဲ့ နယ်စပ် ကုန်သွယ်ရေး ကဏ္ဍတခုလုံးရဲ့ အစိတ်အပိုင်း ကြီးကြီးမားမားကို ထိန်းချုပ်ထားတဲ့မြို့ ဖြစ်ပါတယ်။ (ဧရာဝတီ သတင်းဌာနက တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေး ၇၀ ရာခိုင်နှုန်းဟာ မူဆယ်ကို အခြေပြုတယ်လို့ ဖော်ပြပြီး Myanmar Nowကတော့ ၉၀ ရာခိုင်နှုန်းလို့ ရေးသားထားပါတယ်။ အတိအကျကိုတော့ The Diplomatက အတည်မပြုနိုင်ပါဘူး) ဒီတော့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို လက်လွှတ်လိုက်ရတာဟာ စစ်တပ်အတွက် အရှိုက်ကို ခပ်ပြင်းပြင်း အထိုးခံလိုက်ရသလို ဖြစ်ပါတယ်။ ဒေသခံ တဦးကတော့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ဟာ ရှမ်းပြည်နယ် မြောက်ပိုင်း ကုန်သွယ်ရေး ကဏ္ဍမှာ စစ်တပ်အတွက် အသက်သွေးကြောလို့ ဆိုနိုင်ကြောင်း ပြောပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်ထဲမှာ ဘယ်နေ့ကစလို့ အပစ်ရပ်မှု စတင် အသက်ဝင်လာမလဲ ဆိုတာမျိုးတွေကို အတိအကျ ထည့်ပြောမထားပါဘူး။ တချိန်တည်းမှာပဲ ညီနောင် မဟာမိတ် သုံးဖွဲ့ကတော့ အော်ပရေးရှင်း ၁၀၂၇ ကိုစတင်ပြီး ဆင်နွှဲချိန် ကတည်းက ရည်ရွယ်ထားတဲ့ သူတို့ရဲ့ စစ်ရေးနဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ ပြည့်မြောက်တဲ့ထိ စစ်ဆင်ရေးတွေ ဆက်လက် ဆင်နွှဲနေမယ်လို့ Telegramကနေတဆင့် ကြေညာခဲ့ပါတယ်။ တနည်းအားဖြင့် ညီနောင် မဟာမိတ် သုံးဖွဲ့ဟာ တရုတ်ဆီမှာ ကတိခံထားတဲ့ အပစ်အခတ် ရပ်စဲရေးကာလ မစခင်ထိ စစ်မြေပြင်မှာ အသာစီးရမှုကို အစွမ်းကုန် ချဲ့ထွင်ထားဖို့ ရည်ရွယ်ကြောင်း မြင်သာစေပါတယ်။

အရင်ကတည်းက ယိုင်နဲ့နဲ့ ဖြစ်နေတဲ့ မြန်မာစစ်တပ်ဟာ အော်ပရေးရှင်း ၁၀၂၇ စတင်လာချိန်မှာတော့ အတော်ကြီးကို ချိနဲ့သွားတဲ့ အခြေအနေမျိုးနဲ့သာ တုံ့ပြန်နိုင်တော့တာကို ကြည့်ရင်တော့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တရုတ်က ကြားဝင် စေ့စပ်ပေးလို့ သီတင်းပတ် နည်းနည်းလောက် တိုက်ပွဲတွေ ရပ်နားသွားမယ် ဆိုရင်တောင်မှ အပြောင်းအလဲ ထူးထူးခြားခြား ရှိတော့မယ့်ပုံ မပေါ်ပါဘူး။ စစ်တပ်ဟာ စစ်မြေပြင်မှာ အထိနာနေတာတွေအတွက် နောက်ဆုံး ကောက်ရိုးတမျှင်အဖြစ် တရုတ်ရဲ့ ကြားဝင် စေ့စပ်ပေးမှုအပေါ် မျှော်လင့်ချက် ထားခဲ့မယ်ဆိုရင် ရလဒ်ပိုင်းအရ အခုထိ အလုပ်မဖြစ်သေးတာ အမှန်ပါပဲ။

(The Diplomat၏ Myanmar Ethnic Alliance Continues Gains, Despite China-Brokered Ceasefire ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)