စစ်ကောင်စီကလက်နက်ကြီးပစ်ခတ်နေလို့ ဆီဆိုင်မြို့အ၀င်လမ်းတွေကို သွားလာခြင်းမပြုဖို့ PNLA

ဖေဖော်ဝါရီ ၊ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချူပ်ခွင့်ရ ဒေသဖြစ်တဲ့ ဆီဆိုင်မြို့အတွင်းကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ အပြင် လေကြောင်းကပါပစ်ခတ်နေတာကြောင့် မြို့အ၀င် ပြည်ထောင်စုလမ်းတွေအပါအ၀င် အနီးဝန်းကျင်လမ်းတွေကို ယာယီပိတ်ထားမယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA) ကထုတ်ပြန် အသိပေးထားပါတယ်။

ဆီဆိုင်မြို့ကနေ ဆိုင်ခေါင်ကို ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးအပါအ၀င် အဲဒီလမ်းမကြီးရဲ့ အရှေ့အနောက်ရှိ ကျေးရွာလမ်းငယ်တွေအပြင် ဆီဆိုင်မြို့အနောက်ဖက် နမ်းတဘက်ချောင်း အနောက်ဘက်ဒေသရှိ တောလမ်းတွေကို အသုံးမပြုဖို့ တိုက်တွန်းထားတာပါ။လက်ရှိအခြေအနေက စစ်ရေးအရအလွန်ရှုပ်ထွေးနေတဲ့ တိုက်ပွဲကာလဖြစ်တဲ့အတွက် မြို့အ၀င်လမ်းတွေနဲ့ မြို့အနီးနားက လမ်းတွေကို ယာယီပိတ်ထားမယ်လို့ အသိပေးထားတာ​ဖြစ်ပါတယ်။ ဒါပေမယ့် သွားလာဖို့ သင့်တဲ့အခြေအနေရောက်ရင် ပြန်လည် အသိပေးမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ သူတို့လက်အောက်ခံ ပအိုဝ်းပြည်သူစစ်အဖွဲ့(PNO) တို့ ပူးပေါင်းပြီး ဆီဆိုင်မြို့ကို လက်နက်ကြီးတွေ လေယာဉ်တွေနဲ့ နေ့စဉ်ပစ်ခတ်နေတာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးနေရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် မြို့ကို စွန့်ခွာထွက်ပြေးနေရတဲ့ ဆီဆိုင်မြို့ခံ တဦးကတော့ ဆိုက်ခေါင်ရှိ ပြည်သူစစ်တွေက စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မြို့တွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ ဆိုပါတယ်။

“ ဒီကနေ့ မနက်ကလည်း လက်နက်ကြီးနဲ့ ငါးလုံးလောက်ပစ်ခတ်လိုက်လို့ မွေတော်ဘုရားဘက်ကျသွားတယ်လို့ကြားတယ် အဲဒီက နေအိမ်နှစ်လုံးလောက်လည်း ပျက်ဆီးသွားတယ် ” လို့ သူကပြောပါတယ်။

အဲဒီလိုစစ်တပ်ရဲ့ လက်နက်ကြီးနဲ့ အရပ်သားနဲ့ စစ်ရေးပစ်မှတ်မခွဲခြားဘဲ ရမ်းသမ်းပစ်ခတ်နေမှုကြောင့် ဆီဆိုင်မြို့အတွင်းရှိ နေအိမ် သုံးပုံနှစ်ပုံလောက်နဲ့ ဘုရားကျောင်း စေတီတွေလည်း ပျက်ဆီးနေပြီး ​​ပြည်သူ​တွေကတောင်ကြီးမြို့အပြင် တခြားဒေသတွေမှာ ထွက်ပြေးနေရတယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိ ဆီဆိုင်မြို့ကို တော်လှန်ရေးတပ်တွေက အပြည့်အ၀ ထိန်းချူ့ပ်ထားပြီး မြို့အတွင်းမှာ လူနည်းငယ်ပဲ ကျန်နေတော့သလို မြို့အ၀င်အထွက်ကိုလည်း လုံး၀ လုပ်မရတော့ဘူးလို့ သူကဆက်ပြောပါတယ်။

“ အခုပိတ်လိုက်တဲ့ လမ်းတွေက အရင်တုန်းကမြို့ထဲ၀င်ပြီး ပစ္စည်းတွေယူတာပေါ့ အခုတော့ သိပ်မရှိတော့ဘူး။ ကျနော်တို့လည်း သွားမရတော့ဘူးလေ ” လို့ သူကဆိုပါတယ်။

မြို့အ၀င်လမ်းတွေ ယာယီပိတ်ဆို့တာနဲ့ ပက်သက်ပြီး အသေးစိတ် သိရဖို့PNLA အဖွဲ့ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလိုင်းအခက်အခဲတွေကြောင့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့က ပအိုဝ်းကိုယ်ပိုင် အုပ်ချူပ်ခွင့်ရ ဒေသ ဟိုပုန်းမြို့ စံဖူးရွာမှာ ကားနဲ့ လက်နက်သယ်ဆောင်လာတဲ့ PNLA တပ်ဖွဲ့၀င်တွေနဲ့ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့၀င်တွေကြား ပစ်ခတ်မှုဖြစ်ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုရှိခဲ့သလို ရွာခံတွေရဲ့ နေအိမ် သုံးဆယ်နီးပါး မီးလောင်ခဲ့ပါသေးတယ်။

အဲဒီနောက် ဇန်နဝါရီလ ၂၂ ရက်နေ့မှာ PNLA တပ်ဖွဲ့၀င်တွေ လှုပ်ရှားတဲ့ ဆီဆိုင်မြို့ နောင်ထော်ရွာကို စစ်တပ်က လေကြောင်းကတဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၂၄ ရက်နေ့ကစလို့ ဆီဆိုင်မြို့ ပေါ်ကစစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ၀င်တွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ၀င်တိုက်ခဲ့တာပါ။

ဆီဆိုင်မြို့ကို လက်လွတ်ထားရတဲ့ စစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင်တာမလုပ်နိုင်ပေမယ့် သူတို့လက်အောက်ခံ ပြည်သူစစ်တွေနဲ့ပူးပေါင်းပြီး ကျေးရွာတွေအတွင်း အတင်းအဓမ္မ စစ်သားသစ်စုစောင်းလက်နက်တပ်ဆင်ပေးတာတွေပြုလုပ်နေပါတယ်။

လက်ရှိ ဆီဆိုင်မြို့တိုက်ပွဲတွေမှာ အဓိကပါ၀င်နေတဲ့ PNLA ဟာတနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ်(NCA) မှာ လက်မှတ်ရေးထိုးထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချူပ်(PNLO) ရဲ့ လက်နက်ကိုင်တပ်တခုဖြစ်ပါတယ်။