မြောက်ခင်ရန်းမှာ ကြယ်နှစ်ပွင့်ကြွေခဲ့တယ်

ဖေဖော်ဝါရီ ၊ ၁၀

“PDF နှစ်ယောက်မိထားတယ်ဟေ့၊ တအိမ်တယောက်ထွက်လာကြည့်ကြ”

မနက်စောစောတုန်းက ပစ်သတ်ခတ်သံတွေနဲ့ ဆူညံခဲ့အပြီး နာရီပိုင်းအကြာ မြောက်ခင်ရန်းရွာထဲမှာ အထက်ပါ စကားသံကို လူအုပ်တအုပ်နဲ့အတူ ရွာအနှံ့ကြားကြရပါတော့တယ်။

တချို့တွေလည်း  အိမ်ထဲက ဒါမှမဟုတ် ရောက်ရာနေရာကနေ အဲ့ဒီအသံနောက်ကို ပျော်ပျော်ပါးပါး ဟေးလားဝါး လားပုံစံနဲ့ လိုက်သွားကြလေရဲ့။အသံနဲ့အတူလိုက်သွားပေမယ့် ပျော်ပျော်ပါးပါးဆိုတဲ့ပုံစံမျိုး  မဟုတ်သူတယောက် တလေလည်းရှိတယ်။

တချို့လည်း အိမ်ထဲကနေပဲ အသံလာရာဆီ၊လူစုစုလှုပ်လှုပ်ရွရွ ဖြစ်နေကြတဲ့ဆီ ချောင်းကြည့်ရုံကြည့်နေလိုက်ဖို့ သာတတ်နိုင်တယ်။

ဒီလိုကြည့်မိသူတွေကတော့ လူအုပ်စုကြားထဲမှာ သံကြိုးတွေနဲ့ တုပ်နှောင်ခံထားရပြီး မြေပြင်ပေါ်တရွတ် ဆွဲခေါ်ခံ လာရတဲ့ ဒဏ်ရာတွေနဲ့ လူငယ်အမျိုးသားနှစ်ယောက်ကို လှမ်းတွေ့ကြရလိမ့်မယ်။

သူတို့က ကလေးနှစ်ယောက်ကို သံကြိုးတွေနဲ့ချည်ပြီးတရွတ်တိုက်ဆွဲသွားတာကိုကျွန်မက အိမ်ပေါ်က လှမ်းမြင် လိုက်တာ၊ရွာစဥ်ပတ်ပြီး ပြကြတယ်၊အရင်ကလည်းအဲ့လိုမိရင်သတ်ပေမယ့် ခုလောက်တော့မဆိုးဘူး”လို့အသက် ငါးဆယ်ဝန်းကျင်အရွယ် မြောက်ခင်ရန်းရွာသူ ဒေါ်အေး(အမည်လွှဲ)ကပြောပါတယ်။

အခုတော့ ဒေါ်အေးဟာ မြောက်ခင်ရန်းရွာမှာရှိမနေတော့ပါဘူး။၂၀၂၃ခုနှစ် နှစ်ကုန်ပိုင်းကနေ အခုနှစ်ဆန်းပိုင်း အထိ မြောက်ခင်ရန်းရွာကနေထွက်ပြေးလာတဲ့ ရွာခံသုံးရာဝန်းကျင်ထဲမှာ ဒေါ်အေးတယောက်လည်း ပါဝင်ပါ တယ်။

“ခုလောက်တော့မဆိုးဘူး”လို့ သူညွန်းဆိုတဲ့ ဖြစ်ရပ်ကတော့ အခုအခါမှာ တနိုင်ငံလုံး၊တကမ္ဘာလုံးမျက်မြင်တွေ့ပြီး ကြ၊တွေ့နိုင်ကြပြီဖြစ်တဲ့ PDF လူငယ်နှစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်ကို ရည်ညွန်းတာပါ။

∎ လွန်ခဲ့တဲ့ လေးလက မြောက်ခင်ရန်းရဲ့အကျည်းတန်မနက်ခင်း

“အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရ” ဆိုတာကို ဒီသုံးနှစ်တာကာလအတွင်း စကားလုံးအနေနဲ့ အကြိမ်ပေါင်း မြောက်များစွာ မြင်တွေ့ဖတ်ရှုခဲ့ကြရပြီးသားပါ။

ကရင်နီနယ် ဖရူဆိုမြို့နယ်ထဲက မိုဆိုရွာဖြစ်စဉ်ဆိုရင် အစောပိုင်းကာလ ၂၀၂၁ခုနှစ် ဒီဇင်ဘာလကတည်းက ဖြစ် ခဲ့သလို အစုအပြုံလိုက် မီးရှို့ သတ်ဖြတ်ခံရမှုအဖြစ်လည်း မှတ်တမ်းတင်ခံထားရပါတယ်။

ဒါပေမယ့် သက်ရှိထင်ရှားလူနှစ်ယောက် အရှင်လတ်လတ် မီးတင်ရှို့ခံရတာကို အစအဆုံးနီးပါးတနိုင်ငံလုံး၊တ ကမ္ဘာလုံး အထင်းသားမြင်ရကြည့်ရနိုင်အောင် မျက်မြင်ဒိဌ ရုပ်သံနဲ့တကွထွက်ပေါ် လာတာမျိုးကတော့ဒီတကြိမ် ဟာပထမဆုံးဖြစ်ပါလိမ့်မယ်။

အသက်နှစ်ဆယ်ကျော် လူငယ်နှစ်ဦးကို လူတစုက အရှင်လတ်လတ်မီးရှို့ သတ်ဖြတ်နေတဲ့ ဗီဒီယိုဖိုင်တခု ဒီရက် ပိုင်း အတွင်း လူမှု ကွန်ယက်မီဒီယာ မှာ ပျံ့နှံ့ခဲ့ပါတယ်။

အဲဒီဗီဒီယို ဖိုင်ထဲက အဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက် လွန်ခဲ့တဲ့ လေးလက မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊မြောက်ခင်ရန်းရွာမှာ ဖြစ်ခဲ့တာပါ။

ဗီဒီယိုဖိုင်ထဲမှာ လူငယ်နှစ်ဦးဟာ လက်နောက်ပြန်ကြိုးတုပ်ခံထားရကာ သွေးအလိမ်းလိမ်းနဲ့ ထိပ်တုံးထဲ ထည့်ခံ ထားရပြီး စစ်သားတွေက ဘယ်ရွာကလည်းမေးမြန်းနေသလို သူတို့နှစ်ဦးကို “ ကျွန်တော်တို့က ခွေးတွေပါ အရေး တော်ပုံ ကျရှုံးရမည်” လို့ အော်ဟစ်ခိုင်းနေတာကို မြင်တွေ့ရပါတယ်။

အဲဒီလိုမေးမြန်းပြီးတဲ့နောက် သံကြိုးတွေနဲ့တုပ်နှောင်ကာ ရွာလယ်ကွန်ကရစ်လမ်းတလျှောက်တရွတ်တိုက် ဆွဲ ခေါ်သွားပြီးတဲ့နောက် မြောက်ခင်ရန်း တိုက်နယ်ဆေးရုံအရှေ့က ကုက္ကိုလ်ပင်မှာ တွဲလောင်းချိတ်ကာအရှင်လတ် လတ်မီးရှို့သတ်ဖြတ်လိုက်ကြတာပါ။

ရုပ်သံဖိုင်ထွက်လာချိန်မှ လူအများ မျက်ဝါးထင်ထင်တွေ့ကြရတဲ့ အဲ့ဒီဖြစ်ရပ်ကို မြောက်ခင်ရန်းရွာခံတွေကတော့ အဲ့ဒီနေ့မှာပဲ နဖူးတွေ့ဒူးတွေ့ မြင်ခဲ့ကြရတာပါ။

ဖမ်းဆီးရမိသူနှစ်ဦးကို မြောက်ခင်ရန်းရွာရဲ့ တိုက်နယ်ဆေးရုံထဲကို ခေါ်ဆောင်ကာ နှိပ်စက်ပြီးနောက် စစ်သားနဲ့ ပျူစောထီးတွေက ရွာ လယ်လမ်းမတွေကနေ “PDF နှစ်ယောက် မိထားတယ် မီးရှို့သတ်ပြမယ်၊တအိမ်တယောက် လာကြည့်ကြ” ဆိုပြီး အော်ဟစ်ပြောဆိုခဲ့တယ်လို့ အဲ့ဒီအဖြစ်အပျက် အစအဆုံးကို မြင်တွေ့ခဲ့ရတဲ့ ဒေသခံတဦး က ပြောပါတယ်။

လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာတဲ့ ရုပ်သံဖိုင်ထဲမှာလည်း လူငယ်နှစ်ဦးကို သံကြိုးတွေနဲ့ တုပ်ကာ အရှင်လတ် လတ်မီးရှို့ နေတဲ့ဖြစ်စဉ်တခုလုံးကို အရပ်ဝတ်နဲ့လူဆယ်နဲ့ချီက ရပ်ကြည့်နေခဲ့ကြသလို ဩဘာပေး အားပေးအားမြှောက်ပြုခဲ့ ကြသူတွေကိုလည်းတွေ့ရပါတယ်။

အဲဒီလူအုပ်စုထဲမှာ အသက် ၁၃ နှစ်အရွယ် ၇ တန်းကျောင်းသားမောင်မြင့်မြတ်အောင်လည်းပါဝင်ခဲ့ပြီး ဒီဖြစ်စဉ် နောက်ပိုင်းမှာ မိသားစုနဲ့အတူ မြောက်ခင်ရန်းကနေ ထွက်ပြေးလွတ်မြောက်လာတဲ့သူ့ကို DNAက ဆက်သွယ် မေးမြန်းနိုင်ခဲ့ပါတယ်။

ရွာထဲမှာ ဆူဆူညံညံနဲ့ လူစုလူဝေးအခြေအနေတွေကြောင့် ကလေးပီပီ ရွယ်တူ သူငယ်ချင်းနှစ်ယောက် ဦးလေးတ ယောက်နဲ့အတူ အဲ့ဒီဖြစ်ရပ်ကိုသွားကြည့်ခဲ့မိခဲ့တယ်လို့ မောင်မြင့်မြတ်အောင်က ပြောပြပါတယ်။

“မီးရှို့ဖို့လုပ်တဲ့အချိန် အကိုနှစ်ယောက်က တောင်းပန်ပါတယ်ပြောတာမရဘူး၊သူတို့က မတောင်းပန်နဲ့ဆိုပြီး ရိုက် သေးတယ်ဗျ” လို့ သူကပြောပါတယ်။

ကနဦး တိုက်ပွဲအတွင်းဖမ်းမိချိန်က ဓာတ်ပုံမှတ်တမ်းတွေအရ မျက်နှာနဲ့ ဦးခေါင်းတွေမှာ ဒဏ်ရာရထားတဲ့ အခြေ အနေမျိုးမတွေ့ရတဲ့ PDF လူငယ်နှစ်ဦးဟာ ဖမ်းဆီးခံရပြီးနောက် ရုပ်သံဖိုင်ထဲမှာတော့ သွေးအလိမ်းလိမ်းနဲ့ဖြစ်  နေပါပြီ။

အဲ့ဒီနောက် နာရီပိုင်းအကြာမှာတော့ သူတို့နှစ်ဦးလုံးဟာ သစ်ပင်တပင်ပေါ်မှာ သံကြိုးတွေနဲ့ တွဲလောင်းချိတ် ဆွဲခံ ထားရပြီး အောက်မှာတော့ အရှိန်ပြင်းပြင်းတောက်လောင်နေတဲ့ မီးပုံတခုရှိနေပါတယ်။

အဲ့ဒီအချိန်အထိ လူငယ်နှစ်ဦးဟာ စစ်ဆေးမေးမြန်းခံနေရဆဲဖြစ်ပြီး အောက်ချပေးဖို့ တောင်းဆိုခဲ့သေးတာကို လည်းရုပ်သံဖိုင်ထဲမှာ ကြားရပါတယ်။

ဒါပေမယ့် သူတို့နံဘေးက လူအုပ်ကြီးကတော့ လှောင်ပြောင်ရယ်မောသံတွေနဲ့ပဲ တုံ့ပြန်ခဲ့ကြပါတယ်။

မီးရှို့နေတဲ့ချိန် ဘေးက ဦးလေးတယောက်က ကိုယ့်အလှည့်‌ရောက်တုန်းလုပ်ပေါ့ပြောတော့ အဲ့ဦးလေးကို ထိပ် တုံးထဲထည့်ခတ်သေးတယ်၊ပြီးတော့ညနေမှ ပြန်လွှတ်ပေးလိုက်တာ”လို့ မောင်မြင့်မြတ်အောင်က ဆိုပါတယ်။

ဒါဟာ လက်ရှိပျံ့နှံ့နေတဲ့ ရုပ်သံမှတ်တမ်းရဲ့နောက်ကွယ်ကဖြစ်ရပ်တခုဖြစ်ပါတယ်။

အရှင်လတ်လတ် မီးရှို့ခံလိုက်ရတဲ့လူငယ်နှစ်ဦး သေဆုံးသွားချိန်မှာတော့ မီးကျွမ်းနေပြီဖြစ်တဲ့ ရုပ်အလောင်းတွေ ကို စစ်သားတွေနဲ့ ပျူစောထီးတွေက ယောဒေသရဲ့ အသက်သွေးကြောလို့ ဆိုနိုင်တဲ့ မြစ်သာမြစ်ထဲ စွန့်ပစ် ဖျောက် ဖျက်လိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ရုပ်သံဖိုင်ထဲက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံလိုက်သူနှစ်ဦးဟာ ယောဒေသကာကွယ်ရေးတပ် YDF က တပ် ဖွဲ့ဝင်တွေဖြစ်တဲ့ ကိုဖိုးတေနဲ့ကိုသာထောင် ဆိုသူ လူငယ်နှစ်ဦးဖြစ်တယ်လို့ YDF ကအတည်ပြုထား ပါတယ်။

 “အရင်ကလည်း ဖမ်းမိတဲ့လူတွေရှိတယ်၊အဲ့လူတွေကိုလည်း မြစ်သာမြစ်နားမှာ ဓါးနဲ့ထိုးပြီးမြစ်ထဲမျှောတာ ရှိ တယ်”လို့ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ မြောက်ခင်ရန်းရွာခံတဦးကပြောပါတယ်။

∎ မြောက်ခင်ရန်းဆိုတာ ဘယ်လိုရွာလဲ

ယောဒေသမြောက်ပိုင်း စစ်ကိုင်းတိုင်းအစပ် ကလေး – ဂန့်ဂေါလမ်းပေါ်မှာရှိတဲ့ မြောက်ခင်ရန်းရွာဟာ အိမ်ခြေ တ ထောင်ကျော်ရှိပြီး စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပျူစောထီးလက်နက်ကိုင်တွေ အားကောင်းလာတဲ့ ရွာတ ရွာပါ။

လူဦးရေငါးထောင်နီးပါးရှိတဲ့ အဲ့ဒီရွာကဒေသခံသုံးပုံနှစ်ပုံလောက်ဟာ စစ်တပ်ထောက်ခံတဲ့ ပျူစောထီးတွေဖြစ် တယ်လို့ဆိုပါတယ်။

စစ်တပ်အာဏာမသိမ်းခင်ကတော့ အဲ့ဒီရွာဟာ ပြည်ခိုင်ဖြိုးပါတီထောက်ခံသူတွေအားကောင်းတဲ့ရွာဖြစ်ခဲ့ပြီး NLD ပါတီထောက်ခံသူတွေလည်းရှိတာကြောင့် ပါတီနှစ်ခုရဲ့ထောက်ခံသူတွေကြား တင်းမာမှုတွေရှိကြတယ်လို့ ဒေသခံ တွေကပြောပါတယ်။

ဂန့်ဂေါနယ်ဟာသူ့ရဲ့အမာခံနယ်လို့ အဲ့ဒီနယ်မှာ စစ်တပ်အရာရှိတဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသလို အဲ့ဒီ ဒေသကနေ အမျိုးသားလွှတ်တော်အမတ်အဖြစ် ရွေးကောက်ပွဲနိုင်ခဲ့ဖူးတဲ့ ပြည်ခိုင်ဖြိုးအမတ်ဟောင်း ဦးလှဆွေ  က ကြွေး ကြော်လေ့ရှိပါတယ်။

အာဏာသိမ်းပြီးနောက် ဂန့်ဂေါ၊ကလေးနဲ့ ယောဒေသတွေထဲ ပျူစောထီးတွေစုစည်းတဲ့အခါ ဦးလှဆွေက ဦး ဆောင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မြောက်ခင်ရန်းဟာလည်း အဲ့ဒီလို ပျူစောထီးရွာတွေထဲက တရွာဖြစ်တယ်လို့ ဒေသခံတွေကပြောကြသလို ဦးလှ ဆွေကိုယ်တိုင်ကလည်း အဲ့ဒီနယ်တကျောမှာ မြောက်ခင်ရန်းက အမာဆုံးရွာဖြစ်တယ်လို့သူ့ရဲ့လူမှုကွန်ရက်ကနေ ထုတ်ဖော်ပြောဆိုရေးသားဖူးပါတယ်။

ဂန့်ဂေါနယ် တောင်ပိုင်းမှာရော ကလေးမြို့နယ်နဲ့ထိစပ်နေတဲ့ မြောက်ပိုင်းမှာပါ အရင်က ပျူစောထီးအမာခံ ရွာ တွေနဲ့ စခန်းတွေ အလျှိုအလျှိုရှိခဲ့ကြသလို မြောက်ခင်ရန်းနဲ့အနီးဆုံးမှာ စစ်တပ်နဲ့ပျူစောထီးတွေအခြေစိုက် စခန်းအဖြစ် တောင်ခင်ရန်းရဲစခန်းရှိခဲ့တာပါ။

ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးပေါ်ပေါက်လာပြီးနောက် နိုင်ငံတဝန်းစခန်းသိမ်းမြို့သိမ်းတိုက်ပွဲရှိလာချိန် ၂၀၂၃ ခုနှစ် နိုဝင်ဘာလဆန်းမှာတော့ တောင်ခင်ရန်းရဲစခန်းထဲက စစ်အုပ်စုလက်အောက်ခံတွေ စခန်းစွန့်ထွက်ပြေး သွားခဲ့ကြပါတယ်။

အဲ့ဒီလိုထွက်ပြေးသွားတာကြောင့် ဂန့်ဂေါမြောက်ပိုင်းမှာ ကန်ရွာရဲစခန်း၊ မြောက်ခင်ရန်းနဲ့ ဟံသာဝတီ ပျူစော ထီး ရွာတို့သာ ကျန်တော့ချိန်မှာ အဲ့ဒီစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ တော်လှန်ရေးအင်အား စုတွေက ပြင်ဆင်ခဲ့ကြပါတယ်။

∎ တော်လှန်ရေးတပ်တွေအထိနာခဲ့တဲ့မြောက်ခင်ရန်းတိုက်ပွဲ

ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာ ၆ရက်နဲ့ ၇ရက်တွေမှာတော့ မြောက်ခင်ရန်းရွာကို တော်လှန်ရေးမဟာမိတ်တပ် တွေ ဘက် ကစတင်ထိုးစစ်ဆင်ခဲ့ပါတယ်။

ကတုတ်ကျင်းတွေ၊ ဆက်သွယ်ရေးမြောင်းတွေအခိုင်အမာတည်ဆောက်ထားတဲ့အပြင် ရွာပတ်လည်မှာ လုံခြုံရေး ကင်းတဒါဇင်ကျော်ရှိတဲ့မြောက်ခင်ရန်းရွာကို နိုဝင်ဘာ ၇ရက် မနက်ပိုင်းမှာတော်လှန်ရေးတပ်တွေ ကစစ်ကြောင်း သုံးကြောင်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့ကြတယ်လို့ ယောဒေသကာကွယ်ရေးတပ် YDF တပ်ဖွဲ့ဝင်တဦးဖြစ်သူ ကို ယောက ပြောပြပါတယ်။

ပျူစောထီးတွေလက်ထဲ အရှင်ဖမ်းဆီးခံလိုက်ရတဲ့ ကိုဖိုးတေနဲ့ ကိုသာထောင်တို့က အဲ့ဒီတိုက်ပွဲမှာအလယ် စစ် ကြောင်းနဲ့အတူပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။ဒီစစ်ကြောင်းဟာ ကံဆိုးမယ့် စစ်ကြောင်းလည်းဖြစ်ခဲ့တာပါ။

ကိုဖိုးတေနဲ့ ကိုသာထောင်တို့ပါဝင်တဲ့ စစ်ကြောင်းဟာ တဖက်က အသင့်စောင့်ကြိုနေတဲ့ စစ်ကောင်စီနဲ့ ပျူစော ထီး ပူးပေါင်း ကင်းပုန်းနဲ့တိုးသွားခဲ့တယ်လို့ ကိုယောကပြောပြပါတယ်။

“သတင်းပေါက်ကြားသွားတာပါ၊ကျွန်တော်တို့မထင်မှတ်လိုက်တဲ့အချိန်မှာ အလစ်ငိုက်တိုက်ခိုက်ခံလိုက်ရတာ”လို့ သူကဆိုပါတယ်။

အဲ့ဒီနေ့တိုက်ပွဲကို ယောကာကွယ်ရေးတပ် (YDF)၊ယောဒေသပြည်သူ့ ကာကွယ်ရေးတပ် (YPDF) ၊ ချင်းအမျိုး သား တပ်မတော် CNA ၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (CDF_KKG)၊နဂါး ညီနောင်ပကဖ၊ယောညီနောင် ပကဖတို့က ပူးပေါင်းတိုက်ခဲ့တာလို့လည်း သိရပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း YDF တပ်ဖွဲ့ဝင် နှစ်ဦး အပါအဝင် တော်လှန်ရေးတပ်တွေဘက်က စုစုပေါင်း ငါးဦးကျဆုံးပြီး အရပ်သား ၁ဦးသေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့ဝင်ငါးဦးဒဏ်ရာရခဲ့တယ်လို့ တိုက်ပွဲအပြီး ရက်ပိုင်းအကြာမှာ YDF ကထုတ်ပြန်ခဲ့ပါတယ်။

“ကျွန်တော်တို့ကအဲ့ဒီဖြစ်စဉ်(မီးရှို့ခံရမှု)ကို သိတယ်၊ကြားတယ်ပေါ့နော်၊ဒါပေမယ့်ကျွန် တော်တို့လက်ဝယ် မချပြ နိုင်ဘူး၊စကားနဲ့ပြောရင်ထိရောက်မှာ မဟုတ်ဘူး ပြည်သူတွေရော တတိုင်းပြည်လုံးရော အခုလောက် ကိုယ်ချင်း စာပေး မှာမဟုတ်ဘူး” လို့ ကိုယောက ဆိုပါတယ်။

ကိုဖိုးတေနဲ့ကိုသာထောင်

အသက် နှစ်ဆယ်ကျော် အရွယ်ဂန့်ဂေါဒေသခံ လူငယ်တွေဖြစ်တဲ့ ကိုဖိုးတေနဲ့ကိုသာထောင်တို့ဟာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ၁ရက် မတိုင်ခင်ကတော့ ကျောင်းသားလူငယ်တွေဖြစ်ခဲ့ကြတာပါ။

အသက်နှစ်ဆယ်အရွယ် ကိုဖိုးတေဟာ တက္ကသိုလ်ဝင်စာမေးပွဲကို နှစ်ဘာသာဂုဏ်ထူးနဲ့အောင်မြင်ထားသူဖြစ်ပြီး အ သက် ၂၃နှစ်အရွယ် ကိုသာထောင်ကတော့ တက္ကသိုလ်ဝင်စာမေးပွဲဆက်လက်ဖြေဆိုနေသူတဦးလို့ သိရပါ တယ်။

နိုင်ငံတဝန်းက တခြားလူငယ်လူရွယ်တွေလိုပဲ စစ်အာဏာသိမ်းမှုကိုလက်မခံနိုင်တဲ့ သူတို့နှစ်ဦးဟာအစောပိုင်း ကတည်းက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာပါဝင်ခဲ့ကြသလို YDF ကိုစတင်တည်ထောင်ချိန်က တည်းက လက်နက်ကိုင်တော်လှန်ဖို့ ပါဝင်ခဲ့ကြသူတွေလည်းဖြစ်တယ်လို့ ကိုယောက ပြောပါတယ်။

လက်ရှိ ရခိုင့်တပ်တော် AA ရဲ့ မဟာမိတ် တပ်ဖွဲ့တခုဖြစ်သလို AA ရဲ့ စစ်ရေးဦးဆောင်မှုတွေမှာလည်း လိုက်ပါ ဆောင် ရွက်နေတဲ့ YDF တပ်ဖွဲ့ဟာ အာဏာသိမ်းပြီးနောက် လေးလလောက်အကြာ ၂၀၂၁ခုနှစ် မေလမှာစတင် တည်ထောင်ခဲ့တာဖြစ်ပါတယ်။

ကိုဖိုးတေနဲ့ ကိုသာထောင်တို့နှစ်ဦးဟာ စတင်တည်ထောင်ချိန်ကတည်းက YDF တပ်ဖွဲ့ထဲ ဝင်ရောက်ခဲ့ကြပြီး  တော်လှန်ရေးမှာယုံယုံကြည်ကြည်တိုက်ပွဲဝင်လေ့ရှိကြသလို အားကိုးရတဲ့သူတွေလည်းဖြစ်တယ်လို့ ကိုယောက ပြောပါတယ်။

သူတို့ရဲ့ နောက်ဆုံးတိုက်ပွဲဖြစ်ခဲ့တဲ့ မြောက်ခင်ရန်းရွာတိုက်ပွဲအတွင်း ကိုဖိုးတေနဲ့ကိုသာထောင်တို့ပါတဲ့ စစ် ကြောင်းဟာ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုနဲ့ကြုံရကာ သူတို့နှစ်ဦးကတော့ ကျည်ထိမှန်ဒဏ်ရာတွေရခဲ့တာကြောင့် ထွက်မပြေးနိုင်တော့ဘဲ အဖမ်းခံလိုက်ရတာလို့ ဆိုပါတယ်။

ကိုဖိုးတေရဲ့ဖခင်ဖြစ်သူ ဦးမြင့်ဇော်ကတော့ သူ့သားနဲ့ပတ်သက်လို့ “ကျွန်တော်နှမျောတာက သူ့ရဲ့ခံယူချက်နဲ့ ပညာရေးလေးကိုနှမျောတာ”လို့ RFA မြန်မာပိုင်းနဲ့မေးမြန်းခန်းမှာပြောပါတယ်။

∎ သတ်ဖြတ်မှုရုပ်သံဖိုင် ဘယ်လိုပျံ့နှံ့လာသလဲ

မြောက်ခင်ရန်းရွာ ဖြစ်စဉ် ရုပ်သံမှတ်တမ်း ပျံ့နှံ့ခဲ့ပြီးနောက် ဒီရုပ်သံ ဘာကြောင့်၊ ဘယ်ကစတင်ပျံ့နှံ့လာ သလဲ ဆိုတာဟာ မေးခွန်းတခုအနေနဲ့ ရှိနေပါတယ်။လူထုကြားအမုန်းတရားတွေသွတ်သွင်းဖို့စစ်ကောင်စီဘက်က စ တင်ဖြန့်ဝေတယ်ဆိုပြီး ယူဆကြသူတွေလည်းရှိပါတယ်။

ဒါပေမယ့် စစ်ကောင်စီကတော့ ဒီဖြစ်ရပ်ကို သူတို့ရဲ့လက်အောက်ခံတွေက ကျူးလွန်ခဲ့တယ်ဆိုတာကို ယတိ ပြတ်ငြင်းဆိုထားပြီး PDF အချင်းချင်းသတ်ဖြတ်မှုကို ပုံမှားရိုက်သတင်းမှားဖြန့်တယ်လို့ တုံ့ပြန်စွပ်စွဲထား ပါတယ်။

အလားတူ မြောင်ခင်ရန်း ပျူစောထီးတွေရဲ့ခေါင်းကိုင် အဖြစ် သတ်မှတ်ခံထားရတဲ့ ဘူးလက်လှဆွေကလည်း နိုဝင်ဘာ ၇ရက်ကတိုက်ပွဲအတွင်း အရှင်းဖမ်းမိခဲ့သူမရှိဘူးလို့ ဆိုပါတယ်။

လက်ရှိ ရုပ်သံဖိုင် ထွက်ပေါ်လာပြီးနောက် စစ်အုပ်စုဘက်က အဲ့ဒီလို ငြင်းဆန်တုံ့ပြန်နေပေမယ့် တိုက်ပွဲဖြစ်တဲ့နေ့ စစ်အုပ်စုရဲ့ မြေပြင် သတင်းဖော်ပြချက်တွေကတော့ လတ်တလောဖြေရှင်းချက်တွေနဲ့ ကွဲလွဲနေပါတယ်။

အဲ့ဒီဖြစ်ရပ်ကို စစ်အုပ်စုက ကျူးလွန်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေဟာ ကနဦးကတည်းက လူမှု ကွန်ရက် မှာ ရှိခဲ့ပြီးသလို တချို့ကိုတော့ ပြန်လည်ဖယ်ရှားထားခဲ့တာလို့ ဗမာ့ရေးရာနဲ့ပဋိပက္ခလေ့လာရေးအဖွဲ့ BACS ကဖေဖော်ဝါရီ ၈ရက်မှာ မှတ်တမ်းတွေနဲ့တကွ ထုတ်ပြန်ထားပါတယ်။

BACS က ထောက်ပြထားတဲ့အချက်တွေမှာ မြောက်ခင်ရန်းရွာတိုက်ပွဲဖြစ်ခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာ ၇ရက်က တည်းက PDF နှစ်ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း စစ်ကောင်စီဘက်က မီဒီယာတချို့နဲ့ လူမှုကွန်ရက်တွေမှာ ဖော်ပြ ခဲ့တယ်ဆိုတဲ့အချက်ပါဝင်ပါတယ်။

ဒါ့အပြင် PDF လူငယ်နှစ်ဦးကို သတ်ဖြတ်ခဲ့တဲ့နေရာဟာလည်း မြောက်ခင်ရန်းရွာမှာ တကယ်ရှိနေတဲ့နေရာ ဖြစ် ကြောင်း အဲ့ဒီရွာကပျူစောထီးတွေ စစ်ရေးလေ့ကျင့်နေတဲ့ရုပ်သံနဲ့တိုက်ဆိုင်ကာ BACS က ထုတ်ဖော်ပြသထား ပါတယ်။

အလားတူ ဖြစ်စဉ်မှတ်တမ်းတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကိုင်ဆောင်လေ့ရှိတဲ့ အမှတ်အသားပါ လက် နက်တချို့ကိုလည်း တွေ့ရတာကြောင့် စစ်ကောင်စီကတာဝန်ခံရမယ့် စစ်ရာဇဝတ်မှုဖြစ်တယ်လို့ BACS ကသုံး သပ်ထားပါတယ်။

ဒီရုပ်သံဟာ မြောက်ခင်ရန်းရွာခံတွေအချင်းချင်းကြား မျှဝေကြရာကနေ အဲ့ဒီရွာက ထွက်ပြေးလာသူတွေနဲ့အတူ ပြင်ပကိုရောက် ရှိ ပျံ့နှံ့လာတာလို့ DNA ကစုံစမ်းသိရှိရပါတယ်။

“စစ်တပ်တတပ်လိုကို ပျူစောထီးတွေကို ပေးကိုင်ထားတာ၊လက်နက်ကိုင်ထားတဲ့သူထဲကထွက်ပြေးလာတဲ့သူ တွေလည်းရှိတယ်၊သူတို့ရဲ့ထွက်ဆိုချက်အရလည်း ကျွန်တော်တို့သိနိုင်တယ်၊ဗီဒီယိုဖိုင်ထဲမှာလည်း မြောက်ခင် ရန်း ကိုလာဦးမလား လို့မေးတာတွေကြားနေတာကို” လို့ YDF တပ်ဖွဲ့ဝင် ကိုယောကပြောပါတယ်။

∎ ဘယ်လိုတုံ့ပြန်ကြမလဲ

တော်လှန်ရေးတပ်ဖွဲ့ဝင်လူငယ်နှစ်ဦးကို စစ်အုပ်စုက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်လိုက်တဲ့ ရုပ်သံဖိုင်ပျံ့နှံ့ ခဲ့ပြီး နောက် တော်လှန်ရေးအင်အားစုတွေဖမ်းမိတဲ့ စစ်သုံ့ပန်းတွေကို ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီးမေးခွန်းထုတ်တာ တွေ ရှိလာပါတယ်။

စစ်အုပ်စုတွေပြုမူသလိုပဲ ထပ်တူ တုံ့ပြန်သင့်တယ်လို့ ပြင်းပြင်းထန်ထန် ရေးသားတိုက်တွန်းကြသူတွေ လည်းရှိပါ တယ်။

အဲ့ဒီရုပ်သံထွက်ပေါ်လာပြီးနောက် မရှောင်းမနှောင်းမှာပဲ ဂန့်ဂေါ ပအဖက စစ်ရှောင်တွေကို ကူညီထောက်ပံ့ နေတဲ့ အကြောင်း အသိပေးတဲ့စာရင်းမှာမြောင်ခင်ရန်းရွာကထွက်ပြေးလာသူတွေကို ကူညီခဲ့တဲ့ အခြေအနေကိုလည်း ထည့်သွင်းဖော်ပြခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ ဂန့်ဂေါပအဖကိုပါ ဝေဖန်မှုတချို့ရှိခဲ့ပြီး မြောက်ခင်းရန်ရွာဆိုတဲ့ နာမည်နဲ့တင် ကူညီထောက်ပံ့မှု တွေပေးဖို့မလိုကြောင်း ပြောဆိုတဲ့အထိ သွေးဆူမှုအရှိန်အဟုန်ပြင်းထန်ခဲ့ပါတယ်။

ဒါပေမယ့် တချိန်တည်းမှာပဲ စစ်အုပ်စုကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေအတိုင်း တော်လှန်ရေးအင်အားစုတွေ ဘက်ကပါ တုံ့ပြန်ပြုမူမယ်ဆိုရင် တော်လှန်ရေးတခုလုံးရဲ့ပုံရိပ် ကျဆင်းသွားမယ်လို့ ပြန်လည်ထောက်ပြကြသူ တွေလည်းရှိပါတယ်။

“ကျွန်တော်တို့က လူသတ်ဝါဒီတွေမဟုတ်ဘူး ဖက်ဆစ်ဝါဒီတွေမဟုတ်ဘူး”လို့ စစ်ကိုင်းတိုင်းထဲမှာအခြေစိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ယင်းမာပင် ခရိုင် တပ်ရင်း(၃၀)ရဲ့တာဝန်ခံ ကိုလင်းနွေက သူ့အမြင်ကိုပြောပါ တယ်။

မြောက်ခင်ရန်းရွာဖြစ်စဉ်ထွက်ပေါ်ခဲ့အပြီး ရက်ပိုင်းအကြာမှာပဲ ကိုလင်းနွေတို့ တပ်ရင်းက စစ်ကောင်စီရဲ့ ပြည် သူ့စစ်(ပျူစောထီး)တဦးကိုဖမ်းမိခဲ့ကြောင်းအသိပေးတဲ့အခါ ထပ်တူတုံ့ပြန်ဖို့ တိုက်တွန်းပြောဆိုချက်တွေ လူမှု ကွန်ရက်ကနေ လက်ခံရရှိခဲ့တယ်လို့ဆိုပါတယ်။

ကျွန်တော်တို့က သုံ့ပန်းနေနေ အလင်းဝင်လာတဲ့သူနေနေ ကျွန်တော်တို့က ကောင်းကောင်းမွန်မွန်ဆက်ဆံတယ် ၊လူသားဝါဒီတိုင်းပဲ ဆက်ဆံတယ်၊ကမ္ဘာကြီးက တိုးတက်ပြောင်းလဲနေတာ၊သူတို့လုပ်တိုင်းလုပ်ရင်တော်လှန်ရေး ကပျက်စီးသွားမယ်၊ကျဆုံးသွားမယ်”လို့ ကိုလင်းနွေကသူ့အယူအဆကိုပြောပါတယ်။

ကိုဖိုးတေနဲ့ကိုသာထောင် ……။ ယောနယ်ကလူငယ်လေးနှစ်ဦး။

သူတို့ရဲ့အဖြစ်ဆိုးကို တော်လှန်ရေးအတွက် အားအင်အဖြစ် ပြန်လည်အသုံးချဖို့ တိုက်တွန်းကြသူတွေလည်း ရှိပါ တယ်။

ကိုဖိုးတေရဲ့ ဖခင်ကိုယ်တိုင်ကလည်း တော်လှန်ရေးအတွက် “စပြီးသားလမ်းနောက်မဆုတ်စတမ်း”လို့သားဖြစ်သူ အတွက် ဝမ်းနည်းငိုကြွေးရင်း RFA မြန်မာပိုင်းကိုပြောပါတယ်။

လူထုရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို  လက်နက်နဲ့ခြိမ်းခြောက်ဖမ်းဆီးကာ အာဏာသိမ်းယူခဲ့ တဲ့ စစ်တပ်ကို ဆန့်ကျင်တော်လှန်ရင်းကြွေလွင့်ခဲ့ရတဲ့ သူတို့နှစ်ဦးကိုတော့ စစ်တပ်ကသတ်ဖြတ်ခဲ့တဲ့ လူထောင် ချီနဲ့ အတူ လူထုက မှတ်မှတ်ထင်ထင်ရှိနေကြပါလိမ့်မယ်။