စစ်အုပ်စုကျူးလွန်ပြီးဖုံးကွယ်ဖို့ကြိုးစားနေတဲ့ မြောက်ခင်ရန်းရွာ မီးရှို့လူသတ်မှု၊ PDF ကျူးလွန်ဆိုတဲ့သတင်းမှား

ဖေဖော်ဝါရီ၊ ၉

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာက ပြည်သူ ၂ ဦးကို PDF အဖွဲ့တွေက စစ်တပ်ဝတ်စုံဝတ်ကာ လက်လုပ် သေနတ်တွေကိုင်ဆောင်ပြီး အရှင်လတ်လတ်မီးရှို့သတ်တယ်ဆိုတဲ့ သတင်းမှားတခု လူမှုကွန်ယက်စာ မျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။
 
စစ်ကောင်စီ လော်ဘီချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေ တယ်လီဂရန် အကောင့် ကနေ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ “ပြည်သူ့စစ်ယူနီဖောင်းကို ဘက်တံဆိပ်မပါဘဲ ဝတ်ထားပြီး လက်လုပ်သေနတ်ကိုင်ကာ လူမြင်ကွင်းမှာ လူ ၂ ယောက်ကို အရှင်လတ်လတ် မီးရှို့သတ်တာဟာ PDF တွေလုပ်တာကို ခွေးသစ်မီဒီယာက သတင်းမှားတင်” ဆိုတဲ့ ဝါဒဖြန့်ရေးသားခဲ့ရာ React ၅၇၁၊ Views ၅၈,၈၈၉၊ Shares ၁၃၂ ထိရှိခဲ့ပြီး ပျံ့နှံ့နေတာကို တွေ့ရှိရပါတယ်။
 
အဲဒီအကြောင်းအရာကိုပဲ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်ဖြစ်တဲ့ အောင်စစ်သည် “ဂန့်ဂေါ မြို့နယ်၊ မြောက်ခင်ရန်းကျေးရွာတွင် အပြစ်မဲ့ကျေးရွာသား၂ဦးကို ကျေးရွာအကြမ်းဖက်ပဒပ်များက ရက်ရက်စက်စက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ် ဒါကိုတပ်မတော်ကသတ်ပါတယ်ဆိုပြီး တပ်မတော် ယူနီဖောင်းဝတ်ပြပြီးဝါဒဖြန့်ဖိုင်တခုလုံးရဲ့နောက်ပိုင်းကို ကြည့်ရင်သိရပါတယ်လို့ ရေးသားထားတာကို တွေ့ရပါတယ်။
 
အဲ့ဒီလို ပြန့်နှံ့နေတဲ့ အကြောင်းအရာတွေနဲ့ ဗွီဒီယိုဖိုင်တွေကို DNA Fact Check အဖွဲ့ကနေ စစ်ဆေးကြည့်တဲ့အခါမှာ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်ထဲက ဖြစ်စဉ်မှာ စစ်ကောင်စီတပ်သားတွေ ကျူးလွန်ထားတာကို တွေ့ရှိရပြီး မျက်မြင်တွေ့ရှိခဲ့သူနဲ့လည်း တိုက်ဆိုင်မေးမြန်းနိုင်ခဲ့ကာ သတင်းမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
 
“ရွာထဲမှာ လှည့်အော်သွားတယ် PDF ၂ယောက်မိတယ်ဆိုပြီး ကျွန်တော်က သူငယ်ချင်း နှစ်ယောက်နဲ့လေးလေးနဲ့သွားကြည့်တာ။ဘေးနားက သူတွေက မီးများများထည့်ပေးပါ ကိုယ့်စရိတ်နဲ့ကိုယ်လာတာခံပေါ့ အဲ့လိုမျိူးပြောကြတယ်။ အကိုနှစ်ယောက်ကတော့တောင်းပန်ပါတယ် ပြန်လွှတ်ပေးပါ အဲ့လိုမျိူး ပြောတာ မရဘူး သူတို့က” လို့ မြောက်ခင်ရန်းကျေးရွာက ထွက်ပြေးလွတ်မြောက်လာတဲ့ အသက် ၁၃ နှစ်အရွယ် ကလေးတဦးက DNA Fact Check အဖွဲ့ကိုပြောပါတယ်။
 
ယောကာကွယ်ရေးတပ်(YDF)ကို DNA Fact Check ကဆက်သွယ်မေးမြန်းရာမှာတော့ “ဒါကတော့ အရှင်းကြီးပါ။ ဟို မြောက်ခင်ရန်းရွာဆိုတာ ပျူစောထီးရွာလေ၊ ပျူစောထီးရွာဆိုတာ အထဲမှာပါတဲ့ ပုံတွေကို ကြည့်ရင်ကို သူတို့ပြောတဲ့ဆိုတဲ့နေရာမှာ မြောက်ခင်ရန်းကိုလာဦးမလား။ ဘယ်ရွာက ခွေးတွေလည်းလို့ သူတို့ရဲ့မေး တဲ့ပုံတွေကိုကြည့်တာနဲ့တပြိုင်နက်ကို ဒါဟာ PDFလား စစ်ကောင်စီလား ဆိုတာကို ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်။အရေးတော်ပုံ ရှုံးရမည်လို့ ဘယ် PDF မဆို ဒီနိုင်ငံကို အသက်ပေးပြီး ကာကွယ်တဲ့သူတွေ ဘယ်သူမှ အဲ့လိုမပြောဘူး။ ဒီဖြစ်စဉ်ကိုကြည့်ရင် စစ်ကောင်စီဆိုတာရှင်းရှင်းကြီးသိနိုင်ပါတယ်လို့”ယော ကာကွယ်ရေးတပ်(YDF)က တပ်ဖွဲ့ဝင်ကဆိုပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီအားပေးထောက်ခံ လော်ဘီတဦးဖြစ်တဲ့ ကျော်စိုးဦးရဲ့ People Media တယ်လီဂရန်ချန်နယ်ကလည်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့မှာ မြောက်ခင်ရန်းရွာကို လာတိုက်တဲ့ PDF ၆ဦးသေဆုံးခဲ့ပြီး၊ အရှင် ၂ ယောက်ဖမ်းမိခဲ့ကာ၊ သေနတ် ၆ လက် သိမ်းဆည်းရရှိတယ်လို့ ရေးသားထားပြီး မြောက်ခင်ရန်းပြည်သူ့စစ်အတွက် လက်နက်တပ်ဆင်ပေးဖို့ နမခတိုင်းမှူးနဲ့ကစထ-၁ ကာကွယ်ရေးဝန်ကြီးဌာနစစ်ဆင်ရေးအထူးအဖွဲ့မှူးထံတောင်းဆိုထားတာကို ဒီမှာဖတ်ရှုနိုင်ပါတယ်။
 
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်က မြောက်ခင်ရန်းရွာကို ယောကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သွားရောက် တိုက်ခဲ့ရာမှာ PDF တပ်ဖွဲ့ဝင် ဖိုးတေနဲ့သားထောင်ကို ဖမ်းမိလို့ တိုက်နယ်ဆေးရုံဝင်းအတွင်းမှာ စစ်တပ်နဲ့ ပျူစောထီးတွေက အရှင်လတ်လတ်မီးရှို့သတ်ခဲ့တာ ဖြစ်တယ်ဆိုပြီး Myanmar Now ကရေးသားထားတာကို ဒီနေရာမှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
 
ယောကာကွယ်ရေးတပ် (YDF)က တပ်ဖွဲ့ဝင် ၂ ဦးကို ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာမြောက်အထွက်၊ ဆေးရုံရှေ့က ကုက္ကိုလ်ပင်မှာ အရှင်လတ်လတ်ရှို့သတ်ဖြတ်ခြင်းခံခဲ့တာဖြစ်ပြီး မသတ်ခင်ညှင်းပန်းနှိပ်စက် ခဲ့ကာ ရွာထဲမှာ တအိမ်တယောက်ကြည့်ခိုင်းခဲ့တယ်လို့ ယောကာကွယ်ရေးတပ် (YDF)က ရေးသား ထုတ်ပြန်ထားတာကိုဒီမှာ ဖတ်ရှုနိုင်ပါတယ်။
 
ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာမှာ ယောကာကွယ်ရေးတပ် (YDF) ရဲဘော် ၂ ဦးဖြစ်တဲ့ ရဲဘော်ဖိုးတေနဲ့ ရဲဘော်သားထောင်တို့ကို အရှင်လတ်လတ်မီးရှို့သတ်တဲ့ကိစ္စကို စစ်ကောင်စီက ဗိုလ်မှူးသန်းနိုင်၊ မိုးကြိုးပျူ စောထီးအဖွဲ့ခေါင်းဆောင် ဖြိုးဝင်းနဲ့ ပျူစောထီးအဖွဲ့ဝင်တွေဖြစ်တဲ့ အောင်ဗိုလ်၊ မောင်ညိုနှင့် စစ်ကောင်စီ သင်တန်းမှူး ဆန်းဝင်းအောင် တို့က ဦးဆောင်သတ်ဖြတ်ခဲ့ခြင်းဖြစ်တယ်ဆိုပြီး Myanmar Pressphoto Agency ကရေးထားတာကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။
 
စစ်ကောင်စီကနေ ဖုံးကွယ်ရန်ကြိုးစားနေတဲ့ မြောက်ခင်ရန်းရွာ မီးရှို့သတ်ဖြတ်မှုသက်သေအထောက်အ ထားတွေကို စုစည်းဖော်ထုတ်ထားရေးသားထားတဲ့ Burma Affairs & Conflict Study ရဲ့ ထုတ်ပြန်ချက်ကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။
 
ဒါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်း အရာတခုခုကို ပုံဖျက်ဖို့အတွက် သတင်းအမှားတွေ၊ သတင်းအတုတွေကိုရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေလာကြ တာရှိတဲ့အတွက် အလွယ်တကူမယုံကြည်ဖို့၊ ပြန်ပြီးမမျှဝေကြဖို့ အကြံပြုလိုပါတယ်။
 
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြုမေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
 
DNA Fact Check Team ကို ဒီနေရာ ကနေ ဝင်ရောက် ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါတယ်။