ကိုးတန်ကောက် နယ်ခြားစောင့်တပ်စခန်းကို အေအေသိမ်းပိုက်လို့ ဒေသခံတွေပြော

ဖေဖော်ဝါရီ၊ ၉
 
ရသေ့တောင်မြို့နယ် မောင်တော-အငူမော် ကားလမ်းမှာရှိတဲ့ ကိုးတန်ကောက် နယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။
 
ဖေဖော်ဝါရီ ၈ ရက် မနက်ပိုင်းကစလို့ ကိုးတန်ကောက်စခန်းကို အေအေက ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့ နေ့လည်ပိုင်းမှာ သိမ်းပိုက်လိုက်တာလို့ ဒေသတွင်း သတင်းရင်းမြစ်တဦးက DNA ကိုပြောပါတယ်။
 
” နေ့လည်ပိုင်းမှာ အသံ(သေနတ်သံ)မကြားရတော့ပါ။ တပ်တော်က သိမ်းလိုက်ပြီလို့ ကြားပါတယ်။ သေချာတော့မ ပြောတတ် ” လို့ ဒေသခံ သတင်းရင်းမြစ်တယောက်က ဆိုပါတယ်။
 
ကိုးတန်ကောက် နယ်ခြားစောင့်တပ်စခန်းကို သိမ်းပိုက်နိုင်မှုနဲ့ပတ်သတ်လို့ DNA က သီးခြားအတည်ပြုနိုင်တာ မရှိသေးသလို အေအေဖက်ကလည်း ထုတ်ပြန်တာ မရှိသေးပါဘူး။
 
ကိုးတန်ကောက်စခန်းကို အေအေက စတင်ထိုးစစ်ဆင်ကတည်းက စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူပေး ခုခံခဲ့တာလည်း ဖြစ်ပါတယ်။
 
ကိုးတန်ကောက် နယ်ခြားစောင့်စခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဆယ်လောက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ကိုးတန်ကောက် နယ်ခြားစောင့်တပ်စခန်းနားမှာ တည်ရှိတဲ့ ဒုံးပိုက်နဲ့ ချိန်ခါလီ စခန်းတွေကိုတော့ အေအေက မနှစ်က နိုဝင်ဘာကတည်းက တိုက်ခိုက်သိမ်းပိုက်ထားတာပါ။
 
ရခိုင်ပြည်နယ်မှာ မနှစ်က နိုဝင်ဘာ ထိုးစစ်စတင်ကတည်းက စစ်ကောင်စီရဲ့အရေးပါတဲ့ စခန်းအများအပြားကို အေအေက သိမ်းပိုက်ထားတာလည်း ဖြစ်ပါတယ်။
 
ဒါ့အပြင် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီ တဖက်ဘဂ်လားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးနေရတာ ဖြစ်ပါတယ်။
 
ဓာတ်ပုံ – AA Infodesk (ပုံဟောင်း)