တိုက်ပွဲတွေကြောင့် နယ်စပ်က ပြည်သူတွေ ထိခိုက်သေကြေမှုကို ဘင်္ဂလားဒေ့ရှ် ရှုတ်ချ

ဖေဖော်ဝါရီ၊ ၇

မြန်မာဖက်က ပဋိပက္ခတွေကနေ လမ်းကြောင်းချော်လာတဲ့ စစ်လက်နက်တွေကြောင့် ဘင်္ဂလားဒေ့ရှ်မှာ ထိခိုက်သေကြေမှုတွေ ဖြစ်ပေါ်ခဲ့တာနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

အခုသီတင်းပတ် အစောပိုင်းတုန်းက မြန်မာဖက်ခြမ်း တိုက်ပွဲတွေကနေ နယ်စပ်ကို ဖြတ်ကျော် ကျရောက်လာတဲ့ မော်တာကျည်တွေ ထိမှန်လို့ ဘင်္ဂလားဒေ့ရှ်မှာ လူ ၂ ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် နောက်ထပ် ဒါဇင်နဲ့ချီပြီး ကျည်ဆန်ထိမှန် ဒဏ်ရာတွေ ရခဲ့ပါတယ်။ 

ဖေဖော်ဝါရီ ၅ ရက် မနက်အစောပိုင်း ကတည်းက နယ်စပ်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး သေနတ်သံတွေ၊ ပေါက်ကွဲသံတွေကြောင့် ဒေသခံ ဘင်္ဂလားဒေ့ရှ် ကျေးရွာတွေမှာ ကျီးလန့်စာစား ဖြစ်ခဲ့ရပါတယ်။ မြန်မာဖက်ခြမ်းမှာတော့ အာဏာသိမ်း စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA)ကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ပေါ်ပေါက်နေခဲ့တာပါ။

တိုက်ပွဲတွေရဲ့ ဂယက်ကြောင့် ဘင်္ဂလားဒေ့ရှ်ဖက်ကို မြန်မာ စစ်ရှောင်တွေ ဝင်ရောက် ခိုလှုံလာသလို စစ်သား ရာဂဏန်းလောက်ထိလည်း ထွက်ပြေးလာကြတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက စစ်ကောင်စီ ခန့်အပ်ထားတဲ့ မြန်မာ သံအမတ် အောင်ကျော်မိုးကို ဆင့်ခေါ်ပြီး နယ်စပ်က ကိစ္စတွေနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်မှာ လက်ခံနိုင်စရာ မရှိတဲ့ အခြေအနေတွေကို ရပ်တန့်ပေးပြီး ဘင်္ဂလားဒေ့ရှ် ပြည်သူတွေ ထိခိုက်သေကြေမှု ဆက်မဖြစ်အောင် တားဆီးပေးဖို့ မြန်မာ သံအမတ်ကို တောင်းဆိုခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

နောက်ပြီး နယ်စပ်မှာ ဖြစ်ပွားတဲ့ ပဋိပက္ခတွေကြောင့် စစ်ရှောင်တွေ အလုံးအရင်း ဝင်ရောက်လာတဲ့ အခြေအနေမျိုးကို ဘင်္ဂလားဒေ့ရှ်ဖက်က ခွင့်မပြုနိုင်တော့ဘူး ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း အသိပေးခဲ့တယ်လို့ ဝန်ကြီးဌာနက ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်တွေနဲ့ အာဏာသိမ်း စစ်တပ်ကြား တိုက်ပွဲတွေကြောင့် အိမ်နီးချင်း နိုင်ငံတွေဆီ စစ်ရှောင်တွေ ခိုလှုံဝင်ရောက်မှုကို ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အိန္ဒိယ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတွေလည်း တွေ့ကြုံခဲ့ရပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)ရဲ့ ထုတ်ပြန်ချက်အရ စစ်သားတွေ၊ ရဲတွေ၊ အကောက်ခွန် ဝန်ထမ်းတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ အပါအဝင် လူပေါင်း ၂၆၀ ကျော်လောက်ဟာ နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲထိ ထွက်ပြေးခဲ့ကြကြောင်း သိရပါတယ်။

 

Ref: Nikkei