ဆီဆိုင်မှာတရက်တည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးပြီး ပြည်သူ့စစ်နှစ်ဦး ဖမ်းမိတယ်လို့ဆို

ဖေဖော်ဝါရီ၊ ၇
 
တိုက်ပွဲတွေဖြစ်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းမှာ မနေ့က တရက်တည်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ရှစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရကာ ပြည်သူ့စစ် နှစ်ဦး ကိုဖမ်းမိထားတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က ဒီကနေ့ထုတ်ပြန်ပါတယ်။
 
စစ်ကောင်စီနဲ့ PNLA ပူးပေါင်းတပ်တွေဟာ မနေ့က ဆီဆိုင်မြို့နယ်အတွင်း နှစ်နေရာမှာ ထိတွေ့မှု နှစ်ကြိမ်ဖြစ်ခဲ့ပြီး ဆီဆိုင်မြို့မြောက်ဘက်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်း ခြောက်လောင်းနဲ့ လက်နက် ငါးလက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
 
အလားတူ ဆီဆိုင်မြို့အခြေစိုက် ခမရ (၄၂၃) အနီးမှာ ရေဆင်းခပ်တဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းနင်းမိပြီး နှစ်ဦး ထပ်မံသေဆုံးကာ ခြောက်ဦး ဒဏ်ရာရသွားတယ်လို့လည်း ဖော်ပြထားပါတယ်။ အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကိုယ်ထောင်တဲ့မိုင်း ကိုယ်ပြန်နင်းမိတာလို့ PNLA ကဆိုပါတယ်။
 
ဒါ့အပြင် ဆီဆိုင်မြို့နယ်မြောက်ခြမ်း လွယ်ပွတ်ရွာ အနီးမှာလည်း PNLA တပ်ဖွဲ့ကို စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေက စတင်ပစ်ခတ်တာကြောင့် ထိတွေ့မှု ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
 
အဲဒီဖြစ်စဉ်မှာတော့ PNLA ဘက်က တုံ့ပြန်တိုက်ခိုက်ချိန်မှာ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေဟာ လွယ်ပွတ်ရွာထဲ ပြေးဝင်ကာ ဒေသခံတွေရဲ့မော်တော်ယာဉ်တွေကိုယူပြီး ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။
 
စတင်ပစ်ခတ်ပြီး ထွက်ပြေးသွားတဲ့ အဲဒီစစ်အုပ်စုကို ပိတ်ဆို့ဖမ်းဆီးမှုတွေ လုပ်ရာမှာ ပြည်သူ့စစ်နှစ်ဦးကို ဖမ်းမိခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
 
အဲဒီနောက်စစ်ကောင်စီက လွယ်ပွတ်ကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အပြင် လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့တာကြောင့် နေအိမ်၊ အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုရှိတယ်လို့ သိရပါတယ်။
 
အထက်ပါအချက်အလက်တွေနဲ့ ပတ်သက်ပြီး DNA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
 
အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်း ဒေသအများစုမှာ စစ်ရေးလှုပ်ရှားမှုတွေနဲ့ တိုက်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် မရှိခဲ့ပေမယ့် NCA လက်မှတ်ထိုးထားတဲ့ PNLO/PNLA တပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ ဆီဆိုင်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းကစလို့ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
 
ဓာတ်ပုံ – PNLA
ပုံစာ-PNLA က ဖမ်းမိထားတဲ့ ပြည်သူ့စစ်ဆိုသူ အမျိုးသားနှစ်ဦးနဲ့ တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ ဒေသခံများ