ကိယက်ဗ်အပါအဝင် ယူကရိန်းအနှံ့က မြို့တွေကို ရုရှားက ဒုံးကျည်တွေနဲ့ တိုက်ခိုက်

ဇန်နဝါရီ၊ ၂၄

မြို့တော် ကိယက်ဗ် အပါအဝင် ယူကရိန်းရဲ့ မြို့တချို့ကို ရုရှားက လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် လူ ၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ်ဟာ တတိယမြောက် ပြက္ခဒိန်နှစ်ထဲ ချဉ်းနင်း ဝင်ရောက်လာပြီဖြစ်ပြီး ဇန်နဝါရီ ၂၃ ရက်မှာတော့ မြို့ကြီးတချို့ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ဖြန့်ကျက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူ ၆ ဦးထဲက ၅ ဦးနဲ့ ဒဏ်ရာရသူ ၇၀ ကျော်ထဲက ၅၁ ဦးဟာ ယူကရိန်း အရှေ့ပိုင်း ခါကစ်ဗ်မြို့ခံတွေ ဖြစ်တယ်လို့လည်း ဒေသခံ အုပ်ချုပ်ရေး အရာရှိ အိုလာ ဆိုင်နီဟူဘော့ဗ်က Telegramကနေတဆင့် ရေးသား အတည်ပြုခဲ့ပါတယ်။

ခါကစ်ဗ်ဟာ အဲဒီနေ့က ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှုတွေဒဏ်ကို အဆိုးဆုံး ခံခဲ့ရပြီး တိုက်ခန်းတွဲတွေ အပါအဝင် အဆောက်အအုံ ဒါဇင်နဲ့ချီ ထိခိုက် ပျက်စီးခဲ့တယ်လို့လည်း ဆိုင်နီဟာဘော့ဗ်က ပြောပါတယ်။

နောက်ပြီး ခါကစ်ဗ်မှာရှိတဲ့ ဓာတ်ငွေ့ ပိုက်လိုင်းတခုလည်း ဒုံးကျည် ထိမှန် ပျက်စီးခဲ့တာကြောင့် ဆောင်းတွင်းကာလမှာ ဒေသခံတွေအတွက် အပူပေးစနစ် ရရှိဖို့ အခက်အခဲတွေ ကြုံရမယ့်သဘော ဖြစ်နေပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေက အဆောက်အအုံ အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေ ရှိဦးမလား ဆိုတာကို ဖြန့်ကျက် ရှာဖွေနေပါတယ်။

ကိယက်ဗ်မှာတော့ မနက်စောစော လေကြောင်းကာကွယ်ရေး အန္တရာယ် အချက်ပေး ဥဩသံတွေကြောင့် အထိတ်တလန့် ဖြစ်ခဲ့ကြပြီး ရုရှားဒုံးကျည်တွေရဲ့ အစအနတွေ ထိမှန်တာကြောင့် နေအိမ်တချို့ ပျက်စီးခဲ့သလို ကလေး ၃ ဦး အပါအဝင် ၂၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ရုရှားဟာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ အိမ်နီးချင်း ယူကရိန်းကို ကျူးကျော် စစ်ပြုခဲ့ချိန်ကစလို့ အရပ်သား ဧရိယာတွေနဲ့ အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ ပုံမှန် ကျူးလွန်ခဲ့ပါတယ်။

ယူကရိန်း လေတပ်ကတော့ ဇန်နဝါရီ ၂၃ ရက် တိုက်ခိုက်မှုမှာ ရုရှားဟာ အမျိုးအစားစုံ ဒရုန်းနဲ့ ဒုံးကျည် စုစုပေါင်း ၄၁ စင်းကို ပစ်ခတ်ခဲ့ပြီး အဲဒီထဲက ၂၁ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်သွားပါတယ်။

 ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ သူတို့ရဲ့ စစ်ဆင်ရေးဟာ အရပ်သားတွေကို ပစ်မှတ်ထားခဲ့တယ် ဆိုတာကို ငြင်းဆန်ပြီး ယူကရိန်းရဲ့ ဒုံးကျည်နဲ့ စစ်လက်နက်တွေ ထုတ်လုပ်တဲ့ နေရာတွေကိုသာ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ကြေညာသွားပါတယ်။

 

Ref: Reuters