ယီမင်အခြေစိုက် ဟိုသီ စစ်ရေးပစ်မှတ်တွေကို အမေရိကန်နဲ့ ဗြိတိန် ဆက်လက်တိုက်ခိုက်

ဇန်နဝါရီ၊ ၂၃

အရှေ့အလယ်ပိုင်း ဒေသမှာ တင်းမာမှုတွေ မြင့်တက်နေချိန် အမေရိကန်နဲ့ ဗြိတိန်တို့ဟာ ယီမင် အခြေစိုက် ဟိုသီ သူပုန်တွေကို လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေကြောင်း သိရပါတယ်။

ဇန်နဝါရီ ၂၂ ရက်တုန်းက ယီမင်နိုင်ငံ တနေရာမှာ ဟိုသီတွေရဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေ သိုလှောင်ထားရာ မြေအောက် ဘန်ကာ တခုကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း အနောက်မဟာမိတ် နှစ်နိုင်ငံက ပြောပါတယ်။

အီရန် အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ ဟိုသီတွေဟာ မြို့တော် ဆာနား အပါအဝင် ယီမင်ရဲ့ လူဦးရေ အထူထပ်ဆုံး နယ်မြေတွေကို ထိန်းချုပ်ထားတဲ့ သူပုန်အဖွဲ့ပါ။ အစ္စရေး-ပါလက်စတိုင်း စစ်ပွဲ စတင်ချိန် ကတည်းက ဟိုသီတွေဟာ အေဒန် ပင်လယ်ကွေ့နဲ့ ပင်လယ်နီမှာ ခုတ်မောင်း သွားလာနေတဲ့ အရပ်ဖက် ရေယာဉ်တွေကို ပစ်မှတ်ထားပြီး စီးနင်းတာ၊ ဒုံးကျည်တွေ ဒရုန်းတွေ အသုံးပြု တိုက်ခိုက်တာတွေ ဆက်တိုက လုပ်ဆောင်လာခဲ့ပါတယ်။

ဟိုသီတွေက သူတို့ရဲ့ လုပ်ရပ်ဟာ အစ္စရေးနဲ့ အစ္စရေးကို ကူညီနေတဲ့ နိုင်ငံတွေရဲ့ သင်္ဘောတွေကိုသာ ပစ်မှတ်ထားတာပါလို့ အကြောင်းပြခဲ့ပေမယ့်လည်း ဒေသတွင်း ရေကြောင်းသွားလာမှု ကဏ္ဍကို ဆိုးဆိုးရွားရွား ထိခိုက်လာစေခဲ့ပါတယ်။ ဒါကြောင့် အမေရိကန်နဲ့ ဗြိတိန်တို့က ဟိုသီတွေရဲ့ စစ်ရေး ပစ်မှတ်တွေကို အကန့်အသတ်နဲ့ တိုက်ခိုက်လာသလို အမေရိကန်က ဟိုသီတွေကို အကြမ်းဖက် အဖွဲ့အစည်း အနေနဲ့ ပြန်လည် သတ်မှတ် ကြေညာခဲ့ပါတယ်။

ဇန်နဝါရီ ၂၂ ရက်မှာတော့ အမေရိကန်နဲ့ ဗြိတိန်ရဲ့ ရေယာဉ်၊ လေယာဉ်တွေနဲ့ မြေပြင်အခြေစိုက် စစ်လက်နက်တွေကနေ ဒုံးကျည်နဲ့ ခဲယမ်းမီးကျောက်ပေါင်းစုံ ၂၅ ခုနဲ့ ၃၀ ကြားလောက်ထိ ယီမင်နိုင်ငံဖက်ကို ပစ်ခတ်ခဲ့တယ်လို့ အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာချုပ် ပြောရေးဆိုခွင့်ရ အရာရှိ တဦးက ဆိုပါတယ်။ အဲဒီ စစ်ဆင်ရေးမှာ အရှေ့အလယ်ပိုင်း ဒေသကို ရောက်နေတဲ့ အမေရိကန် လေယာဉ်တင် သင်္ဘောကြီး တစီးပေါ်က တိုက်လေယာဉ်တွေလည်း ပူးပေါင်း ပါဝင်ခဲ့ပါတယ်။

အမေရိကန်နဲ့ ဗြိတိန်တို့ဟာ လွန်ခဲ့တဲ့ တလလောက်အတွင်း ဟိုသီတွေရဲ့ စစ်ရေး ပစ်မှတ်တွေကို ၈ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပေမယ့် ဒေသတွင်း အရပ်ဖက် ကုန်သွယ်ရေကြောင်း ကဏ္ဍအပေါ် ဟိုသီတွေရဲ့ ပစ်မှတ်ထား ရန်လိုမှုတွေကတော့ ရပ်တန့် မသွားသေးပါဘူး။

အမေရိကန် အစိုးရဟာ ဂါဇာစစ်ပွဲကို အရှေ့အလယ်ပိုင်း ဒေသတခုလုံးထိ ကျယ်ပြန့်မသွားအောင် ဟန့်တားမယ်လို့ ကြွေးကြော်ထားပေမယ့် ဟိုသီတွေကို ကိုယ်ထိလက်ရောက် ဆင်နွှဲနေတဲ့ စစ်ဆင်ရေးတွေကြောင့် ပဋိပက္ခတွေကို ကိုယ်တိုင် မီးစာထိုးပေးသလို ဖြစ်နေကြောင်း ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

 

Ref: CNN