ပဲနွယ်ကုန်းမှာ လက်လုပ်ဗုံးကို ကော်ထုတ်ရာက ပေါက်ကွဲလို့ တဦးသေဆုံး၊ ငါးဦးဒဏ်ရာရ

ဇန်နဝါရီ၊ ၂၂
 
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့ သဲကောကျေးရွာမှာ မနေ့ မနက်ဆယ်နာရီလောက်က ကားဝပ်ရှော့အနီး တွေ့ရတဲ့ လက်လုပ်ဗုံး တလုံးကို ကော်ထုတ်ရာက ဗုံးပေါက်ကွဲလို့ အရပ်သားတဦး သေဆုံးကာ ငါးဦးဒဏ်ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
“ အလုပ်ရုံအနားမှာ ဗုံးတွေ့တာကို တခုခုနဲ့ ကလော်လိုက်တာ၊ အဲမှာ ကွဲတာ တော်တော်ထိသွားကြတာ၊ တယောက်က သေသွားတာ၊ ကျန်တဲ့သူတွေလည်း ထိတာပေါ့၊ သူတို့အနား ကွဲတာဆိုတော့ ” လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။
 
ဗုံးပေါက်ကွဲမှုကြောင့် အသက် ၂၆ နှစ်အရွယ် မဟာညွန့်ဝင်း ဆိုသူဟာ လက်ခြေထောက်၊ ရင်ဘတ်၊ မျက်နှာ တွေမှာ ပေါက်ပြဲဒဏ်ရာတွေရကာ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် အသက် ၃၀ အရွယ် ဝေဖြိုးအောင်၊ အသက် ၂၀ နှစ်အရွယ် ပြည့်စုံအောင်၊ အသက် ၄၄ နှစ်အရွယ် ဦးချစ်ဆွေတို့ အပါအဝင် ငါးဦးဟာလည်း ခန္ဓကိုယ်အနှံ့ ဗုံးစထိမှန်ဒဏ်ရာတွေ ရသွားတယ်လို့ ဆိုပါတယ်။
 
“ ဒဏ်ရာက များတယ်၊ နှစ်ဦးက စိုးရိမ်ရတယ်၊ စုတ်ပြတ်သွားတဲ့ ပုံစံဖြစ်သွားတာ အခု ဆေးရုံမှာ ကျန်တဲ့သူတွေက မစိုးရိမ်ရပေမယ့် ဒဏ်ရာက များတယ်ဗျ ” လို့ အဲဒီဒေသခံက ပြောပါတယ်။
 
ပဲနွယ်ကုန်းမြို့ပြင်က ကျေးရွာတွေဘက်မှာ အခုနှစ်လဆန်းပိုင်းကစလို့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်နေသလို စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်မှုတွေလည်း နေ့ စဉ်နီးပါး ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ဒီလိုအခြေအနေတွေကြောင့် ပဲနွယ်ကုန်းမြို့အပါအဝင် အနီးအနားပတ်ဝန်းကျင် ကျေးရွာ ဆယ်ရွာထက်မနည်းက ဒေသခံထောင်ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
 
“ ဒီဘက်မှာက မအေးချမ်းဘူး၊ ဘယ်သူလုပ်လို့ လုပ်သွားတာလဲ မသိဘူး၊ ကြားထဲက အရပ်သားတွေပဲ ထိတာများတယ်၊ တာဝန်ယူမှု တာဝန်ခံမှုလည်း မရှိဘူး၊ ကိုယ်ဖြစ်ကိုယ်ခံပဲ ဒီဘက်က မကြာမကြာ တိုက်ပွဲဖြစ်တယ်၊ လေယာဉ်၊ လက်နက်ကြီး ပစ်ခတ်တာရှိတော့ ရွာသားတွေ ဘေးလွတ်ရာကို ရှောင်နေကြတာ များတယ် ” လို့ ပဲခူးတိုင်းက စစ်ရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။
 
ဓာတ်ပုံ – Google