ပေါက်တောမြို့က စစ်ကောင်စီတပ်ပြန်ဆုတ်၊ AAက မြို့တွင်းနယ်မြေရှင်းလင်းရေး လုပ်နေ

ဇန်နဝါရီ၊ ၂၂
 
ရခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတို့ နှစ်လကျော်ကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်နေခဲ့တဲ့ ပေါက်တောမြို့ကနေ လက်ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ပြန်ဆုတ်သွားကြပြီး လက်ရှိမြို့တွင်းကို AA က နယ်မြေရှင်းလင်းရေး လုပ််နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
“ ဒေသခံတွေကိုတော့ (မြို့ထဲ)ဝင်ခွင့်မပေးသေးဘူး၊ နယ်မြေရှင်းလင်းရေး လုပ်နေတုန်းလို့ ပြောတယ်၊ အခုထိ မိုင်းတွေဘာတွေ ရှင်းနေတုန်းပဲ ” လို့ တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရတဲ့ ပေါက်တောဒေသခံတဦးက ပြောပါတယ်။
 
ပေါက်တောမြို့တွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇန်နဝါရီ ၁၉ ရက် (သောကြာနေ့)ညနေပိုင်းမှာ စစ်ရေယာဉ်တွေနဲ့ခေါ်ထုတ်သွားတာဖြစ်ပြီး အဲဒီလိုခေါ်ထုတ်ချိန်မှာ ရခိုင့်တပ်တော်ဘက်က ပစ်ခတ်တိုက်ခိုက်တာကြောင့် စစ်ကောင်စီမြေပြင်တပ်နဲ့ စစ်ရေယာဉ်တွေကနေ တုံ့ပြန်ပစ်ခတ်ခဲ့တာ ရှိတယ်လို့ သိရပါတယ်။
 
အဲဒီနေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေကို ခေါ်ထုတ်သွားပြီး နောက်တရက် အာရုဏ်တက်ချိန်မှာ ပေါက်တောမြို့ အနီးတဝိုက်ကို ဒရုန်းနဲ့လာ ရောက်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။ ဒါ့အပြင် မနေ့ကလည်း ပေါက်တောမြို့အနီး မြစ်ကြောင်းအတိုင်း ဖြတ်သန်းသွားတဲ့ စစ်ကောင်စီရေယာဉ်က မြစ်ကမ်းအနီးတဝိုက်တွေကို ပစ်ခတ်သွားခဲ့တာ ရှိတယ်လို့ ဆိုပါတယ်။
 
“ အရင်က မြို့နားမှာ နေဗီ (စစ်ရေယာဉ်)တွေရှိတယ်၊ အခု မရှိတော့ဘူး ” လို့ ပေါက်တောဒေသခံက ပြောပါတယ်။
 
ရခိုင့်တပ်တော် AA ဟာ ရခိုင်ပြည်နယ်အတွင်း တကျော့ပြန်တိုက်ပွဲတွေ စတင်တဲ့ နိုဝင်ဘာ လလယ်ပိုင်းမှာပဲ စစ်တပ်အခြေစိုက်စခန်း မရှိတဲ့ ပေါက်တောမြို့ကို အလွယ်တကူ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပေမယ့် စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ ပေါင်းပြီး တန်ပြန်ထိုးစစ်ဆင်လာတာကြောင့် ရက်ပိုင်းအကြာ ဆုတ်ခွာပေးခဲ့ရပါတယ်။
 
အဲဒီနောက် ရခိုင့်တပ်တော်ဘက်က မြို့တွင်းထိုးစစ်ဆင်ပြန်လုပ်ခဲ့တဲ့နောက် စစ်ကောင်စီတပ်တွေ မဆုတ်ခွာခင်အထိ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေခဲ့တာပါ။ တိုက်ပွဲတွေကြောင့် ပေါက်တောမြို့ခံ အရပ်သားတချို့ သေဆုံးထိခိုက်ခဲ့သလို မြို့ခံအားလုံးနီးပါး စစ်ရှောင်ထွက်ပြေးခဲ့ကြရပါတယ်။
 
ရခိုင်ပြည်နယ်အတွင်း ရခိုင့်တပ်တော် AA က ပထမဆုံးသိမ်းပိုက်နိုင်တဲ့မြို့လို့ သတ်မှတ်နိုင်ခဲ့တဲ့ ပေါက်တောမြို့ကို လက်ရှိမှာတော့ AA က အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေလို့ ဒေသခံတွေက ဆိုကြပါတယ်။
 
ရခိုင့်တပ်တော် AA ဟာ လက်ရှိတကျော့ပြန် ရခိုင်တိုက်ပွဲကာလ နှစ်လကျော်အတွင်း ပလက်ဝဒေသတခုလုံးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်သလို ရခိုင်ပြည်နယ်အတွင်းမှာလည်း ကျောက်တော်၊ မင်းပြား၊ မြောက်ဦး စတဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေကို ပိတ်ဆို့ပြီး ဆက်လက်ထိုးစစ်ဆင်နေပါတယ်။
 
အဲဒီမြို့နယ်တွေထဲက အရေးပါတဲ့ စစ်စခန်းတချို့အပါအဝင်၊ ရဲစခန်းတချို့ကိုပါ သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီကလည်း စစ်ကူအင်အားတွေ ဆက်လက်ဖြည့်တင်းနေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားသလို ဒေသခံတွေကလည်း အလားတူပြောပါတယ်။
 
စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းကို ရေလမ်းကနေလည်း စစ်သင်္ဘောကြီးတွေနဲ့ လက်နက်၊ ခဲယမ်း၊ လူအင်အားတွေ ဆက်လက်ဖြည့်တင်းနေတာကြောင့် တိုက်ပွဲတွေဟာ နောက်ရက်တွေမှာ အခုထက် ပိုမိုပြင်းထန်လာဖွယ် ရှိတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ မနေ့ကညက သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
“ မင်းပြားမှာတော့ မနေ့က မြို့ကို မရောက်ခင် ရွာနားကနေ နေဗီ (စစ်ရေယာဉ်)လေးစီးနဲ့ ပစ်ခတ်ကမ်းကပ်ပြီး စစ်ကူအင်အားတွေ ပို့လိုက်တာ ရှိတယ်၊ အင်အား ရာဂဏန်းရှိတယ်ပြောတယ် ” လို့ ပေါက်တောဒေသခံက ပြောပါတယ်။
 
လက်ရှိ ရခိုင်ပြည်နယ်မှာ မြို့တော်စစ်တွေအပါအဝင် မြို့နယ်အများအပြားမှာ စစ်ကောင်စီက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာပြီး မိုင်တဲ ဖုန်းလိုင်းတခုပဲ အသုံးပြုလို့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ဓာတ်ပုံ – AA
ပုံစာ – ပေါက်တောမြို့တွင်းမှာ တိုက်ပွဲပြင်းထန်နေစဉ် နိုဝင်ဘာလအတွင်းက မြင်ကွင်း