ကော့ကရိတ်မြို့ပေါ်မှာ တိုက်ပွဲပြန်ဖြစ်၊ တိုက်ပွဲဖြစ်နေချိန် မီးလောင်လို့ နေအိမ်ငါးဆယ်ဝန်းကျင် ပျက်စီး

ဇန်နဝါရီ၊ ၂၂
 
ကရင်ပြည်နယ် ကော့ကရိတ်မြို့ တံတားဦးရပ်ကွက်ဘက်မှာ မနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
 
“ တိုက်ပွဲက ပြင်းထန်တယ်၊ တော်တော်ကြာတယ်၊ မြို့ထဲပဲ ပြောရမှာပေါ့၊ တံတားဦးတဝိုက်ပေါ့၊ သူတို့ (စစ်တပ်) ရှိတဲ့ နေရာကို သွားပစ်တာ ” လို့ ကျားဖြူတပ်ခွဲ (၃) တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
တိုက်ပွဲက နှစ်နာရီနီးပါးကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံး ရှိပေမယ့် အရေအတွက် အတိအကျကို အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
 
စစ်တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်တွေကလည်း မနေ့က ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ကြောင်း ဖော်ပြကြပြီး စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုကို ဖော်ပြတာ မရှိပေမယ့် တော်လှန်ရေးအင်အားစုတွေဘက်က တဦးကျဆုံးကာ လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြကြပါတယ်။
 
ကျားဖြူတပ်ခွဲ (၃) တာဝန်ရှိသူကတော့ မနေ့က စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တာ မရှိတဲ့အတွက် ပူးပေါင်းအဖွဲ့ဘက်က ထိခိုက်သေဆုံးမှုကို မသိရဘူးလို့ ဆိုပါတယ်။
 
ကော့ကရိတ်မြို့နဲ့ အနီးတဝိုက်ကို KNU လက်အောက်ခံ KNLA ပူးပေါင်းတပ်တွေက ဒီဇင်ဘာလဆန်းပိုင်းကစလို့ ထိုးစစ်ခဲ့တာဖြစ်ပြီး ကနဦးမှာ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်ခဲ့ပေမယ့် ရက်ပိုင်းအကြာမှာ တော်လှန်ရေး အင်အားစုတွေက ထိုးစစ်အရှိန်လျှော့ချကာ ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။
 
မနေ့က တိုက်ပွဲကတော့ စစ်ကောင်စီဘက်က နေရာအနှံ့မှာ ပိတ်ဆို့တိုက်ခိုက်ကာ လက်ဦးမှု ရယူခဲ့တဲ့ အခြေအနေမျိုးဖြစ်ပြီး တိုက်ပွဲဖြစ်တဲ့နေရာမှာ ထိခိုက်သေဆုံးနေတဲ့ အလောင်းတချို့ကို မျက်မြင်တွေ့ခဲ့ရတယ်လို့ ကော့ကရိတ်မြို့ခံတဦးက ပြောပါတယ်။
 
“ တိုက်ပွဲငြိမ်တော့ အိမ်ဘက်ကို တချက်သွားရင်းနဲ့ မြင်တာပါ၊ ဘယ်သူလဲတော့ မသိဘူး၊ အဲဒီမှာ လဲကျနေတာ၊ သေနေပြီထင်တယ်၊ အိမ်အပြင်နားမှာ တယောက်၊ လမ်းနားမှာ တယောက်တော့ တွေ့ခဲ့တယ် ”လို့ သူကပြောပါတယ်။
 
နှစ်ဖက်ပစ်ခတ်မှု ဖြစ်နေချိန်အတွင်း ကော့ကရိတ်မြို့ပေါ်က အမှတ် (၅)ရပ်ကွက်ရှိ စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ် ငါးဆယ်လုံးထက်မနည်း မီးလောင်ပျက်စီး‌သွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
“ လောင်တဲ့ရပ်ကွက်က မြို့ပေါ်ပဲလေ၊ တံတားဦးဘက်မှာလည်း တိုက်ပွဲဖြစ်နေတော့ ရှိတဲ့သူတွေလည်း ရမ်းသမ်းမဝင်မငြှိမ်းရဲတော့ အိမ်အများကြီး ပါသွားတာ ” လို့ ကော့ကရိတ်မြို့ခံက ပြောပါတယ်။
 
ဒီမီးလောင်မှု ဘယ်လိုစဖြစ်ခဲ့သလဲဆိုတာ တိတိကျကျ မရသေးပေမယ့် မြို့ခံတွေနဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်ချက်ဖြစ်တယ်လို့ ပြောကြသလို စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေကလည်း တော်လှန်ရေးအင်အားစုတွေ လက်ချက်လို့ ဆိုကြပါတယ်။
 
ကော့ကရိတ်မြို့ပေါ်နဲ့ အနီးတဝိုက်မှာာ နှစ်ဖက်စစ်ရေးတင်းမာနေကြချိန် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက် ညနက်ပိုင်းကလည်း အမှတ် (၅)ရပ်ကွက်၊ လှိုင်ကွက်သစ် (၄) လမ်း၊ (၅) လမ်း၊ (၆) လမ်းမှာ မီးလောင်မှုဖြစ်လို့ နေအိမ်နှစ်ဆယ်ကျော် ပြာကျခဲ့ပါသေးတယ်။
 
ကော့ကရိတ်မြို့မှာ နှစ်ဖက်တိုက်ပွဲနဲ့ စစ်ရေးတင်းမာမှုတွေကြောင့် ဒေသခံ သောင်းချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရချိန်အတွင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ထိမှန်တာအပြင် မီးလောင်မှုတွေပါ ဖြစ်တာကြောင့် နေအိမ်နှစ်ရာနီးပါး ပျက်စီးဆုံးရှုံးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
“ တိုက်ပွဲက အရမ်းကြီး ဟိုတုန်းကလို မဖြစ်တော့ဘူး၊ လက်နက်ကြီး ပစ်ခတ်မှုတော့ ရှိပါတယ်၊ ဒီရက်ပိုင်းတော့ တိုက်ပွဲ နည်းနည်းပြန်ဖြစ်လာတယ်၊ မြို့ခံကလည်း ပြန်ဝင်လာရမလား၊ ပြေးထွက်ရမလား မသိတော့ဘူး ” လို့ ကော့ကရိတ်မြို့ခံတဦးက ပြောပါတယ်။
 
ဓာတ်ပုံ – Social Media