သထုံလေ့ကျင့်ရေးတပ်က ထွက်ပြေးသူ ကိုးဦးအနက် ခြောက်ဦးသေဆုံးဟုဆို

ဇန်နဝါရီ၊ ၂၁
 
မွန်ပြည်နယ်၊ သထုံမြို့နယ် လေ့ကျင့်ရေးတပ်မှ တပ်သားသစ်ကိုးဦး လက်နက်ခဲယမ်းတွေအနဲ့အတူ ထွက်ပြေးသွားတဲ့သူတွေအနက် ခြောက်ဦး သေဆုံးသွားတယ်လို့ ဒေသခံကာကွယ်ရေးတပ်တွေထံက DNA က စုံစမ်းသိရှိရပါတယ်။
 
” ထွက်ပြေးသွားတာ သေချာပါတယ်။ စုစုပေါင်း ကိုးဦးပါ။ တပ်သားသစ်တွေ သင်တန်းတက်နေရင်းနဲ့ ဘယ်လိုစိတ်ကူးပေါက်ပြီး ထွက်ပြေးသွားတာတော့ မသိဘူး ” လို့ သထုံခရိုင် ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။
 
သထုံမြို့နယ် အမှတ် (၉) လေ့ကျင့်ရေးတပ်က တပ်သားသစ် ကိုးဦးဟာ အခုလ တတိယအပတ်ထဲမှာ လက်နက်တွေနဲ့အတူ ထွက်ပြေးသွားပြီးအဲဒီသူတွေဟာ တခြားတိုင်းနဲ့ပြည်နယ်အသီးသီးကနေ တပ်သားသစ်စုဆောင်းခံရတဲ့သူတွေ ဖြစ်ကြပြီး အများစုက အသက်နှစ်ဆယ်ကျော်အရွယ်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
 
ထွက်ပြေးလွတ်မြောက်သွားတဲ့သူတွေကို စစ်ကောင်စီလက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့ရှာဖွေတာတွေ လုပ်ဆောင်ခဲ့ပြီး တချို့ကို ပြန်လည်ဖမ်းဆီးရမိတာ ရှိခဲ့တယ်လို့ သိရပါတယ်။
 
” တယောက်ပဲ ပြန်ဖမ်းမိတာ၊ သူတို့တွေ လူကွဲသွားတယ်လို့ ပြောတာပဲ။ ကျန်တာကတော့ မမိသေးဘူးလို့ပဲ ကြားထားတာပေါ့ ” လို့ အဲဒီ ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူက ပြောပါတယ်။
 
သထုံခရိုင် PDF ခေါင်းဆောင် ကိုအေးမင်းထွန်းကတော့ အခုရက်ပိုင်းအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေထံ ဆက်သွယ်လာတဲ့ စစ်ကောင်စီတပ်သားတဦး ရှိတယ်လို့ သိထားရပေမယ့် ရှေ့တန်းရောက်နေတဲ့အတွက် ဘယ်သူဘယ်ဝါဖြစ်သလဲဆိုတာ အသေးစိတ် မသိရသေးဘူးလို့ ဆိုပါတယ်။
 
” တယောက်တော့ ဒီဘက်ကို ရောက်လာတာ ရှိတယ်။ အခု သူတို့ ထွက်ပြေးလာတဲ့သူလား။ ဘယ်သူလဲတော့ ကျွန်တော်မသိသေးဘူး ” လို့ ပြောပါတယ်။
 
ဒေသအခြေစိုက်လှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကလည်း လေ့ကျင့်ရေးတပ်မှ လက်နက်နဲ့အတူ ထွက်ပြေးသွားတဲ့ တပ်သားသစ်ကိုးဦးအနက် ခြောက်ဦးကို ဇန်နဝါရီလ ၂၀ ရက် ညနေပိုင်းက သထုံမြို့နယ် ကတိုက်ကြီးကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ပစ်ခတ်ဖမ်းဆီးကာ အလောင်းကို မီးရှို့လိုက်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
 
” သူတို့ထွက်ပြေးတာကို ဒီကောင်တွေ (စစ်တပ်)ဘက်က လိုက်ရှာတာ ခြောက်ယောက်ကို ကတိုက်ကြီးလယ်ကွင်းဘက်မှာ သူတို့ကိုတွေ့တော့ အပြန်အလှန်ပစ်ကြမယ်ထင်တာပဲ။ အဲမှာ သူတို့ခြောက်ယောက်စလုံးကို အသေရော၊ မသေမရှင်ရော အကုန်မီးရှို့လိုက်တာ ရွာသားတွေကိုယ်တိုင်မြင်ခဲ့တာ ” လို့ အဲဒီဖြစ်စဉ်ကို မြင်တွေ့ခဲ့ရတဲ့ ကတိုက်ကြီးကျေးရွာ ဒေသခံတဦးရဲ့ ပြောဆိုချက်ကို အဲဒီ PDF ရဲဘော်က ပြန်ပြောပါတယ်။
 
ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး DNA အနေနဲ့ သီးခြားအတည်ပြုပေးနိုင်ခြင်း မရှိသေးပါဘူး။
 
သထုံခရိုင်ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူကလည်း ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားခြောက်ဦး မီးရှို့ခံသတ်ဖြတ်ခံရတာကို မကြားရပေမယ့် မနေ့ ဇန်နဝါရီလ ၂၀ ရက်က ကတိုက်ကြီးကျေးရွာမှာ ထွက်ပြေးသွားတဲ့သူတွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာရှိတယ်လို့ ဆိုပါတယ်။
 
လက်ရှိ ထွက်ပြေးလွတ်မြောက်နေတဲ့ တပ်သားတွေကို စစ်ကောင်စီလက်အောက်ခံပူးပေါင်းအဖွဲ့တွေက နေရာအနှံ့မှာ ရှာဖွေတာတွေ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
 
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူကို DNA က ဖုန်းနဲ့ သုံးကြိမ်ထက်မနည်း ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လက်ခံဖြေကြားပေးခြင်း မရှိပါဘူး။
 
စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာလည်း ထွက်ပြေးသွားတဲ့ တပ်သားသစ်တွေကို ကျေးရွာတခုမှာ ပစ်ခတ်ဖမ်းဆီးခဲ့ရာမှာ သုံးဦးသေဆုံးသွားပြီး တဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားဖော်ပြနေကြပါတယ်။
 
“တချို့ကိစ္စတွေ ကာယကံရှင်တွေရဲ့ သဘောဆန္ဒအရ ထုတ်မပြောရတဲ့ အခြေအနေမျိုးတွေ ရှိတယ်။ ဒီလိုမျိုးလူမသိသူမသိထွက်ပြေးနေတဲ့ဟာမျိုးက အများကြီး ရှိခဲ့တယ်” လို့ သထုံခရိုင် PDF ခေါင်းဆောင် ကိုအေးမင်းထွန်းက ပြောပါတယ်။
 
ဓာတ်ပုံ – Social Media