တပ်ချုပ်နေရာလဲဖို့ပြောတဲ့ ပေါက်ကိုယ်တော် နာရီပိုင်းကြာ ခေါ်ယူစစ်ဆေးခံရ

ဇန်နဝါရီ၊ ၁၉
 
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တပ်ချုပ်အဖြစ်ကနေ အရပ်ဘက် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ဖို့ ပြင်ဦးလွင်က ဆန္ဒပြပွဲမှာ ဟောပြောခဲ့တဲ့ မဘသဘုန်းကြီး ပေါက်ကိုယ်တော် အရှင်အရိယဝံသဟာ ဒီကနေ့ နာရီပိုင်းကြာ ခေါ်ယူစစ်ဆေးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာပါတယ်။
 
“ ဦးဇင်း ဘာမှမဖြစ်ပါဘူး၊ အေးဆေးပါ ” လို့ ခေါ်ယူစစ်ဆေးမေးမြန်းခံရပြီးနောက် ပြန်လွတ်လာချိန်မှာ ပေါက်ကိုယ်တော်က သူ့ရဲ့လူမှုကွန်ရက်ကနေ Live လွှင့်ပြောဆိုပါတယ်။
 
ပေါက်ကိုယ်တော် အရှင်အရိယဝံသဟာ ဇန်နဝါရီ ၁၆ ရက်က ပြင်ဦးလွင်မြို့မှာ ပြုလုပ်ခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့အပေါ် ဆန္ဒပြပွဲမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဝန်ကြီးချုပ်အဖြစ်ထားပြီး ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း ကို တပ်ချုပ်အဖြစ်ထားဖို့ ပြောဆိုခဲ့တာပါ။
 
“ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ဒုချုပ်ကြီးကို ပေးလိုက်။ အရပ်ဘက်နဲ့ အင်မတန်မှ ကိုက်ညီတဲ့ ဝန်ကြီးချုပ်ရာထူးကို ဘုရားဒကာကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပေးလိုက် ” လို့ ပေါက်ကိုယ်တော်က အဲဒီဆန္ဒပြပွဲမှာ စင်ပေါ်ကနေ ပြောဆိုခဲ့ပါတယ်။
 
အဲဒီနောက် ဒီကနေ့မှာ ပေါက်ကိုယ်တော် ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့သလို မဘသ ဘုန်းကြီး တချို့အပါအဝင် အမျိုးသားရေးအုပ်စုတွေက ပေါက်ကိုယ်တော်ကို ပြန်လွှတ်ပေးဖို့ လူမှုကွန်ရက်မှာ ဝေဖန်ရေးသား ဖော်ပြခဲ့ကြပါတယ်။
 
“ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်ကလည်း ခေါ်စရာ၊ မေးစရာ ရှိတာတော့ မေးတာပေါ့ဗျာ ” လို့ ပေါက်ကိုယ်တော်က ဆိုပါတယ်။ သူ့ကိုဘယ် ဌာန၊ ဘယ်သူတွေက ခေါ်ယူစစ်ဆေးခဲ့တယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
 
နာရီပိုင်းကြာ ခေါ်ယူမေးမြန်းခံခဲ့ရတယ်လို့ သူကိုယ်တိုင် ထုတ်ဖော်ပြောဆိုတဲ့ ပေါက်ကိုယ်တော်က အဲဒီလို မေးမြန်းစစ်ဆေး ခံရတာနဲ့ပတ်သက်ပြီး မီဒီယာတွေကို အပြစ်တင်ပါတယ်။
 
ဒါပေမယ့် “ ဦးဇင်းက ကာချုပ်ကြီးကိုလည်း မုန်းလို့မဟုတ်ဘူး၊ ကာချုပ်ကြီးလည်း မသိဘူး၊ ဒုချုပ်ကြီးလည်း မသိဘူး၊ ဒါ ဂရုဏာဒေါသနဲ့ တိုင်းပြည်နဲ့ ဘာသာ သာသနာအတွက် တပ်မတော်သားတွေအတွက် ပြောလိုက်ခြင်းဖြစ်တယ်၊ အဲ့ဒီအတွက်် နောင်တမရပါဘူး ” လို့လည်း ဆက်ပြောပါတယ်။
 
ပေါက်ကိုယ်တော်ရဲ့ အဲဒီလိုပြောဆိုမှုဟာ စစ်ကောင်စီရဲ့ အရေးပေါ် ကာလသက်တမ်းတိုးထားမှု ကုန်ဆုံးဖို့ နီးကပ်လာချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် အခုလကုန်မှာ စစ်ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်လာနိုင်တော့မလားဆိုပြီး သုံးသပ်ဆွေးနွေးမှုတွေ ထွက်ပေါ်လာစေခဲ့ပါတယ်။
 
အာဏာသိမ်းစစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာစသိမ်းချိန်ကစလို့ တနိုင်ငံလုံးကို အရေးပေါ် ကာလ တနှစ်ကြေညာခဲ့ပြီး နောက်ထပ် ခြောက်လစီ သက်တမ်းထပ်ထပ် တိုးနေခဲ့တာဖြစ်ပြီး အခုလကုန်မှာ လက်ရှိအရေးပေါ်ကာလ သက်တမ်း ခြောက်လ ကုန်ဆုံးမှာဖြစ်လို့ သက်တမ်းထပ် တိုးမယ့်အလားအလာ ရှိနေပါတယ်။
 
ဓာတ်ပုံ – Social Media
ပုံစာ – ပေါက်ကိုယ်တော်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့နဲ့အတူ တွေ့စဉ် (ပုံဟောင်း)​