ဇန်နဝါရီ၊ ၁၉
ယီမင် အခြေစိုက် ဟိုသီသူပုန်တွေကို လေကြောင်းကနေ တိုက်ခိုက်နေပေမယ့် အမေရိကန်ဟာ ဟိုသီတွေနဲ့ စစ်ဖြစ်နေတယ်လို့ ယူဆမထားကြောင်း သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။
အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဟိုသီတွေဟာ ဂါဇာမှာ အစ္စရေးနဲ့ ပါလက်စတိုင်း စစ်ပွဲ စတင်လာချိန် ကတည်းက အေဒန် ပင်လယ်ကွေ့နဲ့ ပင်လယ်နီထဲမှာ သွားလာနေတဲ့ အစ္စရေး အရပ်ဖက် ရေယာဉ်တွေ၊ အစ္စရေး ဆိပ်ကမ်းတွေမှာ အဝင်အထွက် ရှိခဲ့တဲ့ ကုန်တင်သင်္ဘော၊ ရေနံတင် သင်္ဘောတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်တာ၊ ကွန်မန်ဒိုတွေနဲ့ စီးနင်းတာတွေ လုပ်ဆောင်လာခဲ့ပါတယ်။
ဟိုသီတွေရဲ့ လုပ်ရပ်ဟာ ဒေသတခုလုံးရဲ့ ရေကြောင်းသွားလာမှု လုံခြုံရေး ကဏ္ဍကို ထိခိုက်လာတဲ့အတွက် အမေရိကန်က မဟာမိတ် ဗြိတိန်နဲ့ ပူးပေါင်းပြီး ယီမင်မှာရှိတဲ့ ဟိုသီ စစ်ရေး ပစ်မှတ်တွေကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ အခုဆိုရင် အမေရိကန်က ဟိုသီကို အကန့်အသတ်နဲ့ တိုက်ခိုက်နေတာ ၅ ကြိမ်ထိ ရှိလာခဲ့ပေမယ့် ဟိုသီတွေရဲ့ ရန်လိုမှုတွေ ရပ်တန့်သွားမယ့် အလားအလာ မရှိကြောင်း ဘိုင်ဒန်က ဝန်ခံခဲ့ပါတယ်။
သတင်းထောက်တွေက အမေရိကန်ရဲ့ ဒုံးကျည် တိုက်ခိုက်မှုတွေကြောင့် ဟိုသီတွေ တွန့်ဆုတ်သွားသလားလို့ မေးတဲ့အခါ ဘိုင်ဒန်က ဟိုသီတွေ ရပ်တန့်မသွားကြောင်း၊ ဒါပေမဲ့ အမေရိကန်ကလည်း စစ်ဆင်ရေးတွေ ဆက်လုပ်နေမှာဖြစ်ကြောင်း ဖြေခဲ့ပါတယ်။ ဒါပေမဲ့ သူက အမေရိကန်ဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ သဘောထားသာရှိပြီး ဟိုသီတွေကို စစ်ကြေညာထားတာမျိုး မဟုတ်ဘူးလို့ အလေးအနက် ပြောသွားပါတယ်။
ဘိုင်ဒန်ဟာ ဂါဇာစစ်ပွဲကို အရှေ့အလယ်ပိုင်း ဒေသတခုလုံး အတိုင်းအတာထိ ကျယ်ပြန့်တဲ့ ပဋိပက္ခကြီး ဖြစ်မလာအောင် ကြိုးစား တားဆီးနေပေမယ့် ကိုယ်တိုင်လည်း ဟိုသီတွေကို ကိုယ်ထိလက်ရောက် ပါဝင် တိုက်ခိုက်လာရတာ ဖြစ်ပါတယ်။
ဘိုင်ဒန်က ဟိုသီတွေကို စစ်ကြေညာထားတာ မဟုတ်ဘူးလို့ အတိအလင်း ပြောပေမယ့် ဟိုသီခေါင်းဆောင်ပိုင်း တချို့ကတော့ အမေရိကန်နဲ့ စစ်ဖြစ်နေပြီလို့ ခံယူထားကြောင်း ကြုံးဝါးနေပါတယ်။ ဟိုသီတွေဟာ နိုဝင်ဘာလတုန်းက ယီမင် ကမ်းလွန်မှာ ခုတ်မောင်းနေတဲ့ အစ္စရေး အရပ်ဖက် ရေယာဉ် Galaxy Leaderကို ကွန်မန်ဒိုတွေနဲ့ စီးနင်းပြီး ထိန်းချုပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဒေသတွင်း ရေလမ်းကြောင်းမှာ ခုတ်မောင်းနေတဲ့ သင်္ဘော နှစ်ဒါဇင်ကျော်လောက်ထိ ဟိုသီတွေရဲ့ ဒုံးကျည်နဲ့ ဒရုန်းပစ်ခတ်မှုတွေ ဒဏ်ကို ထိခိုက် ခံစားခဲ့ကြရပြီး ဖြစ်ပါတယ်။
Ref: Al Jazeera