ဒီပဲယင်းမြို့နယ် မဲအိုးရွာက အမျိုးသမီးတဦးအပါအဝင် ခြောက်ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်

ဇန်နဝါရီ၊ ၁၉
 
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မဲအိုးကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ၀င်ရောက်ခဲ့ပြီးနောက် ဒေသခံ ပြည်သူတွေကို ဖမ်းဆီးခဲ့ပြီး အဲဒီအထဲက အမျိုးသမီး တဦးအပါအ၀င် ခြောက်ဦးကို သတ်ဖြတ်သွားတယ်လို့ မဲအိုရွာအနီးက လက်ယက်ကုန်း ကျေးရွာဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။
 
“ အကုန်လုံးက လက်ယက်ကုန်းမှာပဲ တွေ့တာပါ။ မဲအိုးရွာက ပြည်သူတွေပါ ကျွန်မတို့ရွာက အကုန်အလွတ် ပြေးနိုင်တယ် မဲအိုး၀င်စီးနေတယ် ကြားတော့၊ အကုန်ထွက်ပြေးလို့ လွတ်ခဲ့တယ် ” လို့ သူကဆိုပါတယ်။
 
မနေ့က မနက်ပိုင်းမှာ ဒီပဲယင်းမြို့ပေါ်က ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မဲအိုးကျေးရွာကို ၀င်ရောက် စီးနင်းခဲ့ပြီး ရွာရှိဒေသခံ ဆယ်င့ါးဦးလောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ လက်ယက်ကုန်းကျေးရွာဘက်ကို ဆက်လက်စစ်ကြောင်းထိုးခဲ့တာလို့ သိရပါတယ်။
 
အဲဒီနောက် မဲအိုးရွာကနေ ဖမ်းခေါ်လာသူတွေထဲက အသက် ငါးဆယ်၀န်ကျင်အရွယ် ဦးထွန်း၊ ဦးဇော်၀င်းနဲ့ ဦးကုလား တို့သတ်ဖြတ်ခံခဲ့ရပြီး ကျန်သုံးဦးကတော့ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘူးလို့ လက်ယက်ကုန်းရွာ ဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။
 
လေကြောင်းက စီးနင်းတိုက်ခိုက်ခံရဖူးတဲ့ လက်ယက်ကုန်းရွာဟာ ဒီပဲယင်းမြို့ အရှေ့ဘက် မိုင်းအနည်းငယ် အကွာမှာရှိပြီး မဲအိုးရွာနဲ့ လက်ယက်ကုန်းရွာကတော့ တမိုင်ဝန်းကျင်လောက်ဝေးပါတယ်။
 
“ မဲအိုးက ဒေသခံ ၄၀ လောက်ဖမ်းခံရပြီး ဘုန်းကြီးကျောင်းထဲ အကုန် စုထားတယ်။ အဲဒီမှာ သူတို့ဖမ်းချင်တဲ့ သူတွေကို ပဲဖမ်းခေါ်သွားပြီး ကျန်တဲ့သူတွေကိုလည်း ပြန်လွှတ်ပေးခဲ့တယ် ” လို့ သူကပြောပါတယ်။
 
စစ်အုပ်စုက ဖမ်းဆီးခေါ်ဆောင်လာသူတွေအနက် အမျိုးသား ငါးဦးကို ခေါင်းဖြတ်သတ်ခဲ့သလို အမျိုးသမီးတဦးကိုတော့ အိတ်အတွင်းထည့်ကာ မီးရှို့သတ်ဖြတ်သွားခဲ့တာလို့ သိရပါတယ်။
 
“ အကုန်သာမန်အရပ်သားတွေပါဗျ၊ စစ်ကြောင်း၀င်တော့ အဖမ်းခံရတဲ့သူတွေပါ တွေ့သမျှ လူတွေဆီကလည်း ပစ္စည်းတွေ အကုန်ယူသွားကြတယ်ဗျ၊ မီးရှို့ခံထားရတဲ့ အမျိုးသမီး ကတော့ ဘယ်သူလည်း မသိသေးဘူး သူ့အလောင်းဘေးမှာတော့ ပယင်းပုတီလေးတော့ တွေ့ထားတယ် ” လို့ အထက်ပါ ဒေသခံအမျိုးသမီးက ပြောပါတယ်။
 
စစ်အုပ်စုကို အားပေးထောက်ခံ ရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ မဲအိုးကျေးရွာကို စစ်ကောင်စီတပ်တွေ ၀င်ရောက်စီးနင်းထားပြီး NLD ပါတီရဲ့ ဒီပဲယင်းမြို့နယ် အမှတ်(၁) တိုင်းလွှတ်တော်အမတ် ဒေါ်နှင်းခိုင်စိုးရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး ကိုယ်စားလှယ် မခင်နှင်းအေး အပါအ၀င် လူနှစ်ဆယ်လောက်ကို ဖမ်းဆီးထားတယ်လို့ ရေးသားဖော်ပြထားပါတယ်။
 
လက်ရှိမှာလည်း အဲဒီစစ်ကြောင်းကြောင့် ဒီပဲယင်းမြို့နယ် အရှေ့ပိုင်းမှာရှိတဲ့ လက်ယက်ကုန်း၊ မူးခံတွင်း၊ ညောင်လှ၊ မဲအိုး စတဲ့ ကျေးရွာတွေက ဒေသခံ ငါးထောင်လောက်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ တာ၀န်ရှိသူ တဦးကပြောပါတယ်။
 
“ စစ်ကြောင်းကတော့ အခု ရေဦးဖက်ရောက်သွားပြီးလို့တော့ ကြားတယ် ဒါပေမယ့် ဒေသခံတွေကတော့ သူတို့ ရွာတွေကို ပြန်မ၀င်ရဲကြသေးဘူးပေါ့နော်။ အကုန်လုံး နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေးနေကြရတယ် ” လို့ သူကပြောပါတယ်။
 
ဒီပဲယင်းမြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်ကောင်စီက မကြာမကြာ စစ်ကြောင်းထိုးလေ့ရှိတာကြောင့် အိမ်ထောင်စု ရှစ်ရာလောက် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပြီး အဲဒီစစ်ဘေးရှောင်တွေကို သက်ဆိုင်ရာ ကျေးရွာတွေမှာ ကူညီစောင့်ရှောက်ပေးထားရတယ်လို့ သူကဆက် ပြောပါတယ်။
 
ဓာတ်ပုံ – CJ
ပုံစာ – စစ်ကောင်စီစစ်ကြောင်းထိုးလို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒီပဲယင်းဒေသခံများ