မန္တလေး မြို့လယ်ကောင်မှာ ရွှေဆိုင် ဓားပြတိုက်ခံရပြန်

ဇန်နဝါရီ၊ ၁၉
 
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၉ လမ်း၊ ၈၄ လမ်းနဲ့ ၈၅ လမ်းကြားမှာ ဖွင့်လှစ်ထားတဲ့ ဆယ်သန်း ရွှေရောင်း၀ယ်ရေး ဆိုင်မှာ ဒီကနေ့ မနက်ပိုင်းက ဓားပြတိုက်မှုဖြစ်ကာ ဆိုင်အတွင်းရှိ ရွှေထည်ပစ္စည်း နှစ်ပိသာလောက်နဲ့ ငွေသားတချို့ ပါသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
“ ဆိုင်ကယ်နဲ့ ကောင်လေးသုံးယောက်လာပြီး ဓားပြတိုက်သွားတယ်၊ သူတို့အထဲမှာ သေနတ် တလက်လည်း ပါတယ်၊ ပစ်ခတ်သွားတာမျိုးတော့ မရှိဘူး။ သေနတ်နဲ့ချိန်ပြီး ရွှေတွေယူသွားတာပါ။ ဆိုင်မှာရောင်းတဲ့ ပိုက်ဆံတွေလည်း ပါသွားတယ် ” လို့ ဖြစ်စဉ်ကို သိရှိတဲ့ ဒေသခံတဦးက ပြောပါတယ်။
 
အဲဒီဓားပြတိုက်မှုကြောင့် ရွှေဆိုင်ကောင်တာအတွင်းက ကာလတန်ဖိုး ကျပ်သိန်း ၆၀၀၀ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းအစုံ နှစ်ပိဿာလောက်နဲ့ ငွေသား ကျပ်သိန်း ၂၀၀ ကျော်လောက် ပါသွားတယ်လို့ သိရပါတယ်။
 
ဓားပြတိုက်မှု ဖြစ်ပြီးနောက် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့တချို့ ရောက်ရှိလာပြီး အနီးအနားပတ်၀န်းကျင်ကို မေးမြန်းစုံစမ်းတာတွေ လုပ်ဆောင်သွားတယ်လို့ သိရပါတယ်။
 
မန္တလေးမြို့မှာ အခုလိုပဲ ရွှေဆိုင်ငယ်တွေ မကြာခဏဆိုသလို ဓားပြတိုက်ခံနေရတဲ့အတွက် တချို့ရွှေဆိုင်တွေက ဆိုင်တံခါးပိတ်ပြီး အရောင်းအ၀ယ် ပြုလုပ်နေရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
 
“ ရွှေဆိုင်အများစုက အရင်လို တံခါးတွေ ဖွင့်မထားကြတော့ဘူး သံတံခါးတွေနဲ့ ပိတ်ထားတယ် တကယ်အရောင်းအ၀ယ် လုပ်မယ့်သူကိုသာ ဖွင့်ပေးပြီး ဆိုင်ထဲ ၀င်ခိုင်းတဲ့သဘောမျိုး လုပ်လာတာ ရှိတယ်။ တကယ်တမ်းက ဖြစ်တယ်ဆိုရင်လည်း ကိုယ်ပစ္စည်းပဲ ဆုံးရှုံးရတာလေ တရားခံ မိတယ်ဆိုတာမျိုးက ရှားပါတယ် ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အသက် ၃၀ အရွယ် အမျိုးသမီးတဦးက ပြောပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၃ နို၀င်ဘာလအတွင်းကလည်း ချမ်းအေးသာစံမြို့နယ် လမ်း ၃၀၊ ၇၂ လမ်းနဲ့ ၇၃ လမ်းကြားရှိ အောင်ရွှေဆိုင် မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး ကျပ်သိန်းတသောင်းကျော်ဖိုး ပါသွားခဲ့ပေမယ့် လက်ရှိအချိန်အထိ ကျူးလွန်တဲ့ တရားခံတွေကို ဖမ်းမိတာ မရှိသေးပါဘူး။
 
ဓာတ်ပုံ – Social Media