နတ်သံကွင်းမှာ စစ်ကောင်စီတင့်ကားနှစ်စီးနဲ့ သံချပ်ကာတစီးကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ KNU ထုတ်ပြန်

ဇန်နဝါရီ၊ ၁၇
 
ပဲခူးတိုင်း နတ်သံကွင်းမြို့မှာ စစ်ကောင်စီရဲ့ တင့်ကားနဲ့ သံချပ်ကာကားတွေပါတဲ့ ယာဉ်တန်းကို အခုလဆန်းပိုင်းက တိုက်ခိုက်ခဲ့ပြီး တင့်ကားနှစ်စီးနဲ့ သံချပ်ကာကားတစီး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဒီကနေ့ထုတ်ပြန်အသိပေးပါတယ်။
 
လမ်းမတခုအပေါ်မှာ စစ်ကောင်စီတပ်သား နှစ်ဆယ်ဝန်းကျင်လောက် လဲကျသေဆုံးနေကြပြီး သံချပ်ကာကားတစီး လမ်းဘေးထိုးကျနေတဲ့ ဓာတ်ပုံမှတ်တမ်းတချို့ လူမှုကွန်ရက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ပျံ့နှံ့နေခဲ့တာပါ။
 
အဲဒီဓာတ်ပုံထဲက တိုက်ပွဲဖြစ်စဉ် တစိတ်တပိုင်းကို KNU က ဒီကနေ့ ထုတ်ပြန်အသိပေးလာတာ ဖြစ်ပါတယ်။ နတ်သံကွင်းမြို့ဘက်ကို ပဲနွယ်ကုန်းဘက်ကနေ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို KNLA ပူးပေါင်းတပ်တွေက တင့်ဖျက်မိုင်း တွေထောင်ပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
 
အဲဒီတင့်ဖျက်မိုင်းတွေထဲက သုံးလုံးဟာ ဇန်နဝါရီ လေးရက်၊ ငါးရက်နဲ့ ခြောက်ရက်တို့မှာ သုံးရက်ဆက် ပေါက်ကွဲခဲ့တယ်လို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
တင့်ဖျက်မိုင်း ပေါက်ကွဲမှုတွေကြောင့် စစ်ကောင်စီရဲ့ တင့်ကားတစီး ထိခိုက်ပြီး ပက်လက်လန်သွားသလို သံချပ်ကာကားကတော့ ရှေ့ပိုင်းတခုလုံး ပျက်စီးသွားကာ အဲဒီကားနှစ်စီးလုံးကို စစ်ကောင်စီက ပဲနွယ်ကုန်းမြို့ထဲကို ကရိန်းကားနဲ့ ဆွဲယူသွားခဲ့ရတယ်လို့ မျက်မြင်ဒေသခံတွေကို ကိုးကားပြီး KNU ကဖော်ပြပါတယ်။
 
ဒါ့အပြင် နတ်သံကွင်းမြို့အနီးက ညောင်ဝိုင်းကျေးရွာ အနီးမှာလည်း တင့်ကားပျက်တစီး ရောက်နေကြောင်း ဒေသခံတွေဆီက သိရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် စစ်ကောင်စီစစ်ကြောင်းထဲက တင့်ကားနှစ်စီးနဲ့ သံချပ်ကာကား တစီး ပျက်စီးခဲ့တယ်လို့ KNU ကထုတ်ပြန်တာဖြစ်ပါတယ်။
 
KNU ရဲ့ အုပ်ချုပ်နယ်မြေ ခရိုင်ခုနစ်ခုလုံးမှာ လတ်တလော နေ့စဉ်တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေပေမယ့် စစ်ရေးသတင်းအချက်အလက် လုံခြုံရေးအရ သတင်းတွေကို အချိန်နဲ့တပြေးညီမထုတ် ပြန် တာလို့လည်း ရှင်းပြထားပါတယ်။
 
လက်ရှိ ပဲခူးတိုင်းအပါအဝင် KNU တပ်မဟာ ၃ ထိန်းချုပ်နယ်မြေအတွင်း နေ့စဉ်ဆိုသလို ထိတွေ့တိုက်ပွဲပြင်း ထန်နေပြီး စိုးမိုးနယ်မြေတွေ ထပ်မံရရှိနိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အတူ တိုက်ပွဲဖော်ဆောင် သွားမှာဖြစ်တယ်လို့ ပဲခူတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
 
“စစ်ရေးအခြေအနေက အမြင့်ဆုံးအခြေအနေကို ရောက်နေတာ ငြင်းလို့မရဘူး၊ တိုက်ပွဲလည်းနေ့တိုင်းဖြစ် နေ တယ်၊ စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုက တောက်လျှောက်ရှိနေတယ်၊ ရန်သူစခန်း တွေကို ထိုးဖောက်ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်မှုတွေလည်း ရှိနေတာပဲ၊ ဒီနှစ်ထဲ စိုးမိုးနယ်မြေ ထပ်ရလာဖို့ လုပ်နေ တာ ရှိတယ်” လို့သူက ပြောပါတယ်။
 
ဓာတ်ပုံ – KNU