ဇန်နဝါရီ၊ ၁၆
မွန်ပြည်နယ်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်မှာ ဇန်နဝါရီ ၁၅ ရက်၊ မနေ့ညက နိုင်ငံရေးအကျဉ်းသားတဦး အရေးပေါ်နေမကောင်းဖြစ်ပြီး ထပ်မံသေဆုံးသွားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
” ရင်ဘတ်အောင့်လာလို့ ထောင်ဆေးရုံ ညတွင်းချင်းခေါ်သွားတာ မနက်ကျတော့ ဆုံးသွားတယ်ကြားတယ်။ ဆုံးတာတော့ ညကတည်းကတဲ့ ” လို့ ကျိုက်မရောထောင်နဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။
သေဆုံးသူဟာ အသက် သုံးဆယ်ဝန်းကျင် CDM မီးသတ်တပ်ဖွဲ့ဝင် ကိုပြည့်ဖြိုးအောင် ဖြစ်ပြီး အကြမ်းဖက်ပုဒ်မ ၅၂(က)နဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းမှာ ဘားအံမြို့နယ်တရားရုံးကနေ ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။
ကျိုက်မရော ဗဟိုအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်ကလည်း ဆေးဝါးကုသခွင့် အလုံအလောက်မရတာကြောင့် အသက် ၄၃ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုရာရှင် (ခ) ကိုဟာရှင် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မေလအတွင်းမှာ ဘားအံထောင်ကနေ ကျိုက်မရောထောင်ကို ပြောင်းရွှေ့ခံခဲ့ရတဲ့ ကိုပြည့်ဖြိုးအောင်ဟာ အရင်ကတော့ ကျန်းမာရေးကောင်းမွန်သူ တဦးဖြစ်တယ်လို့ သိရပါတယ်။
” ရိုက်နှက်ခံရတာမျိုးလည်း မရှိဘူး။ ထောင်ထဲရောက်ပြီး နေမကောင်းဖြစ်တာမျိုးလည်း တခါမှမတွေ့ဘူး။ ထောင်ဆေးခန်း သွားရတယ်လို့တောင် တခါမှမကြားဘူး ” လို့လည်း အထက်ပါ နီးစပ်သူက ပြောပါတယ်။
နိုင်ငံတဝှမ်း အကျဉ်းထောင်တွေမှာ စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ နောက်ဆုံးပတ်ကနေစပြီး ထောင်ဝင်စာတွေ့ခွင့် ပြန်လည်ခွင့်ပြုပေးထားပေမယ့် ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှုက အလုံအလောက်မရှိသေးဘူးလို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောကြပါတယ်။
” ဆေးဝါးလည်း အလုံအလောက်မရှိဘူး။ အကျဉ်းဦးစီးက ခန့်ထားတဲ့ ထောင်ဆရာဝန်ဆိုတာကလည်း အကျဉ်းသားတွေကို သေချာကြည့်ပေးတာမဟုတ်ဘူး။ လူကြီးတွေ ထောင်ထဲလာစစ်တဲ့အချိန်မျိုးမှာပဲ သူ့ကို (ထောင်ဆရာဝန်) ကျနော်တို့ တွေ့ရတာ ” လို့လည်း နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြောပါတယ်။
နိုင်ငံတဝှမ်းအကျဉ်းထောင်တွေမှာ ဆေးဝါးကုသမှု အလုံအလောက်မပေးတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တနှစ်အတွင်းမှာပဲ နိုင်/ကျဉ်း ၁၇ ဦးအထိ အသက်သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဓာတ်ပုံ – Social Media