“စစ်ပွဲမနိုင် မီဒီယာမဲနေတဲ့စစ်ကောင်စီ”

ဇန်နဝါရီ၊ ၁၅

စစ်ကောင်စီဟာ အပစ်ရပ်သဘောတူညီချက်ကိုချိုးဖောက်ပြီး ပစ်ခတ်တိုက်ခိုက်မှုတွေဆက်လုပ်နေတယ်လို့ ညီ နောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ခဲ့ပြီးနောက် စစ်ကောင်စီက ညီနောင်သုံးဖွဲ့ကို တုံ့ပြန်မှုမလုပ်ဘဲ အဲ့ဒီ ထုတ်ပြန် ချက်ကိုဖော်ပြတဲ့ မီဒီယာတွေကိုသာ သတင်းအမှားဖြန့်ဝေတယ်ဆိုပြီး စွပ်စွဲလာပါတယ်။

“ပြောရရင် ရှုံးမဲ မဲတာပေါ့ဗျာ၊ အကုန်လုံးကို ဟိုလျှောက်မဲ၊ ဒီလျှောက်မဲ ဖြစ်လာတာပဲ၊ သူတို့မကြိုက်တဲ့အထဲမှာ မီဒီယာပါတော့ ဒီဟာနဲ့ အပြစ်ဖို့တာ ဆွဲချတာပေါ့လေ” လို့ မဇ္ဈိမ သတင်းဌာန စီမံခန့်ခွဲမှာအယ်ဒီတာ ဦးစိန်ဝင်း က DNAကိုပြောပါတယ်။

တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုရလဒ်ကောင်းတွေ ထွက်လာတဲ့အပေါ် မီဒီယာတွေကမနာလိုမရှုဆိတ်နဲ့ မဟုတ်အမှန် ကောလာဟလာသတင်းတွေ ထုတ်လွှင့်ပြီး စစ်တပ်ဂုဏ်သိက္ခာကျ ဆင်းဖို့နဲ့ ပြည်သူတွေ အထင်အမြင်လွဲမှားစေဖို့ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာတွေက  မနေ့က ထုတ်ပြန်ဖော်ပြပါတယ်။

ဒါပေမယ့် အဲ့ဒီထုတ်ပြန်ချက်မှာ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်အပေါ် တိုက်ရိုက်တုံ့ပြန် ဖြေရှင်းထား တာမျိုးမရှိပါဘူး။အပစ်ရပ်ရေး သဘောတူညီမှုရရှိချိန်ကစလို့ သဘောတူညီချက်တွေအတိုင်းဆောင်ရွက်နေတယ် လို့သာ ဖော်ပြပါတယ်။

“သတင်းမီဒီယာလွတ်လပ်ခွင့်ကို ကန့်သတ်ဖိနှိပ်ထားပြီးတော့ သတင်းတု သတင်းမှားတွေ ဖြန့်ဝေနေတယ်လို့ စစ် ကောင်စီက စွပ်စွဲတာဟာ သူခိုးက လူပြန်ဟစ်သလိုဖြစ်နေတာပေါ့”လို့ သတင်းမှာ ရေးသားဖြန့်ဝေနေတာလို့ စစ် ကောင်စီကစွပ်စွဲထားတဲ့ DVB သတင်းဌာနရဲ့ စီနီယာသတင်းထောက် မောင်တူးက မှတ်ချက်ပေးပါတယ်။

၁၀၂၇ စစ်ဆင်ရေးစတင်ပြီး နှစ်လခွဲအကြာ ရှမ်းမြောက်ဒေသအများစု  လက်လွှတ်ခဲ့ရတဲ့ စစ်ကောင်စီဟာ  တရုတ် နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအရ ဇန်နဝါရီ ၁၁ရက် ညကိုးနာရီကစလို့ ရှမ်းမြောက်မှာ ညီနောင်သုံးဖွဲ့နဲ့ နှစ်ဖက် အပစ် အခတ်ရပ်စဲဖို့ သဘောတူခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ကြပြီးနောက် ရှမ်းမြောက်ကျောက်မဲ၊ နမ့်ဆန်၊ နမ္မတူ အစရှိတဲ့မြို့နယ်တွေမှာ စစ်ကောင်စီကသဘောတူညီချက်ကိုချိုးဖောက်ပြီး လေကြောင်း၊ လက်နက် ကြီးနဲ့ပစ်ခတ် တိုက်ခိုက်မှုတွေ ဆက် လုပ်နေတယ်လို့ မြောက်ပိုင်းအဖွဲ့တွေဘက်က ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် ကျောက်မဲမြို့ အနီးက TNLA တပ်တွေ ရှိနေတဲ့ ငြိမ်းချမ်းရေးကုန်းကိုလည်း စစ်ကောင်စီဘက်က စတင် ထိုးစစ်ဆင်လာလို့ နှစ်နာရီနီးပါးကြာ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီး ယာယီဆုတ်ခွာပေးခဲ့ရတယ်လို့ ညီနောင်မဟာမိတ် အဖွဲ့ဝင် တအာင်းတပ် TNLA က ဇန်နဝါရီ ၁၂ရက်မှာထုတ်ပြန်ခဲ့ပါသေးတယ်။

ဒါပေမယ့် စစ်ကောင်စီက အဲဒီသတင်းထုတ်ပြန်တဲ့ မြောက်ပိုင်းအဖွဲ့တွေကို ပြစ်တင်ဝေဖန်တာမလုပ်ဘဲ ထုတ်ပြန် ချက်ကို သတင်းအနေနဲ့ပြန်လည်ရေး သားဖော်ပြကြတဲ့မီဒီယာတွေထဲက ခေတ်သစ်နဲ့ DVB TV News သတင်းဌာန တွေကိုတော့ အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာတွေဆိုပြီးစွပ်စွဲဖော်ပြပါတယ်။

တဖက်မှာလည်း အပစ်ရပ်ပြီးချိန်အထိ စစ်အုပ်စုထောက်ခံသူတွေ၊စစ်တပ်ကျောထောက်နောက်ခံ ပြည်ခိုင်ဖြိုး ပါ တီဝင်တွေ၊ တပ်မိသားစု တွေနဲ့ အမျိုးသားရေးအုပ်စုတွေ၊မဘသ ဘုန်းကြီးတွေက ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ဗုဒ္ဓဘာသာအပေါ် ဘာသာ ရေးအရတိုက်ခိုက်မှုတွေလုပ်နေတယ်ဆိုကာ နိင်ငံတဝန်းမှာဆန္ဒပြမှုတွေ ဆက်လုပ်ခဲ့ ပါသေးတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုရလဒ်ကောင်းတွေ ထွက်ပေါ်နေတယ်လို့ စစ်ကောင်စီကဆို ထားပေမယ့် ညီနောင်သုံးဖွဲ့ဘက်ကတော့ ရှောင်လွှဲမရတဲ့အနေအထားကြောင့် စစ်ကောင်စီနဲ့ အပစ်ရပ်ခဲ့ရတာလို့ ဇန်နဝါရီ ၁၃ရက်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒီကနေ့အထိလည်း စစ်ကောင်စီက အပစ်ရပ်သဘောတူညီမှုကိုချိုးဖောက်ပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လုပ်နေတယ်လို့ ညီနောင်သုံးဖွဲ့က ဆိုထားပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် သတင်းဌာန ၁၅ခုထက်မနည်းကို ထုတ်ဝေခွင့်လိုင်စင်တွေရုပ်သိမ်းခဲ့ သ လို သတင်းသမား ၁၅၀ လောက်ကို ဖမ်းဆီးအကျဉ်းချခဲ့ပြီး သူတို့ထဲက ငါးဆယ်ကျော်လောက်ဟာ လက်ရှိအချိန် အထိ အကျဉ်းထောင်တွေထဲ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးနောက်သုံးနှစ်နီးပါးကာလအတွင်း သတင်းသမား လေးဦးထက်မနည်း စစ်ကောင်စီလက် ချက်နဲ့ သေဆုံးခဲ့ရပါတယ်။

ဒီလိုအခြေအနေတွေကြောင့် မြန်မာသတင်းသမားတွေဟာ လုံခြုံရေးအရ ပြည်တွင်းမှာ အခြေချလုပ်ကိုင်ဖို့ အခက် တွေ့နေကြရပြီး သတင်းလွတ်လပ်ခွင့်အတွက် ကမ္ဘာလုံးဆိုင်ရာ ညွှန်ကိန်းတွေမှာလည်း မြန်မာဟာ အဆိုးရွားဆုံး နိုင်ငံတွေထဲပါဝင်ရပ်တည်နေတာပါ။

စစ်ရေးမှာ အရှက်တကွဲရှုံးနိမ့်နေသလို ဝါဒဖြန့်ချိရေး ကဏ္ဍမှာပါ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ သတင်းဌာနတွေက သတင်းတု၊သတင်းမှားတွေ ဖြန့်ဝေတယ်လို့ဆိုကာ ပုံဖျက်ပြီးစွပ်စွဲတိုက်ခိုက်နေတာလို့ သတင်းသမားတွေက တုံ့ ပြန်ကြပါတယ်။

“မီဒီယာမှာလည်း ရှုံးနိမ့်နေတဲ့အချိန်ဆိုတော့ သူတို့ရဲ့လုပ်ရပ်တွေ ဖုံးကွယ်ဖို့ သတင်းတု၊ သတင်းမှားတွေ ဖြန့်နေ တာ၊ဒါကိုလည်း ပြည်သူတွေက သိတယ်၊ မြောက်ပိုင်းမှာ အပစ်ရပ်တာကိုလည်း သူတို့သိတယ်၊သူတို့ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာ၊ ရွာတွေကို ဖျက်ဆီးနေတာလည်း သူတို့သိတယ်၊ဒါပေမယ့် ဝန်မခံချင်ဘူး” လို့ အ လွတ်တန်းသတင်းထောက်တဦးကပြောပါတယ်။

စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေရဲ့ ရှမ်းမြောက်တိုက်ပွဲတွေအတွင်း ရှေ့တန်းစစ်မြေပြင်တွေအထိ လိုက်ပါသတင်းယူလေ့ရှိတဲ့ ရွှေဖိမြေသတင်းဌာနက  သတင်းသမားမိုင်းအိုက်နိုင်ကတော့ စစ်ကောင်စီက မီဒီယာ တွေအပေါ် စွပ်စွဲတာနဲ့ပတ်သက်လို့ သူ့အမြင်ကိုအခုလိုပြောပါတယ်။

“အဓိက တိုက်ပွဲတွေ ပြန်ဖြစ်လာရင် သူ့အပြစ်(စစ်ကောင်စီ)မဖြစ်အောင် ပြန်ပြီး ဖုံးဖိချင်တဲ့သဘောလို့ပဲ မြင် တယ်၊ နောက်ပိုင်း မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့အခြေအနေမျိုးဖြစ်လာခဲ့ရင် ဒီစည်းကမ်းချက်ကို ဘယ်သူက ချိုးဖောက်လဲပေါ့၊ အကြောင်းပြချက်သက်သက်ရှာတာ”လို့ သူကပြောပါတယ်။

ပုံစာ- စစ်တပ်ရဲ့ဝါဒဖြန့်သတင်းဌာန မြဝတီရုပ်သံနှစ်ပတ်လည်နေ့မှာ စစ်ခေါင်းဆောင်တွေကိုတွေ့ရစဉ်။