အိုက်စ်လန်မှာ မီးတောင်ပေါက်ကွဲပြီး လူနေမြို့တဲထိ ချော်ရည်တွေ ဝင်ရောက်လာ

ဇန်နဝါရီ၊ ၁၅

အိုက်စလန် နိုင်ငံ အနောက်တောင်ပိုင်းမှာ မီးတောင် ပေါက်ကွဲမှု ဖြစ်ပွားပြီးတဲ့နောက် အနားမှာရှိတဲ့ တံငါမြို့ တခုထဲထိ ချော်ရည်ပူတွေ စီးဝင် ရောက်ရှိနေပါတယ်။ 

ဒေသခံ တံငါလုပ်ငန်း လုပ်ကိုင်သူ အများစု အခြေချရာ ဂရင်ဒါဗစ်ခ် မြို့လေးဟာ မီးတောင် အပြင်းအထန် မပေါက်ကွဲခင် ကတည်းက ကြိုတင် ရွှေ့ပြောင်းထားပြီး ဖြစ်တာကြောင့် လူတွေ အထိအခိုက်တော့ မရှိခဲ့ပါဘူး။ ချော်ရည်ပူတွေ စီးဝင်လာတာကြောင့် အိမ်တချို့ မီးစွဲလောင်ပြီး ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်နေတာကို မြို့ထဲမှာ ကြိုတင် တပ်ဆင်သွားခဲ့တဲ့ ကင်မရာ မှတ်တမ်းတွေအရ တွေ့ရပါတယ်။

အိုက်စ်လန် ပြည်သူ့ ကာကွယ်ရေးဌာနရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဟီဂျော်ဒစ် ဂူဒ်မွန်စ်ဒေါ့တာက မြို့လယ်ခေါင်နဲ့ တခြား အရေးကြီးတဲ့ အခြေခံ အဆောက်အအုံတွေ တည်ရှိရာ နေရာတွေမှာ ချော်ရည်တား နံရံတွေ ကြိုတင် တည်ဆောက်ထားခဲ့ပေမယ့် ချော်ရည်တွေ စီးဝင်မှုကို တားဆီးနိုင်မယ်ဆိုတဲ့ အပြည့်အဝ အာမခံချက်တော့ မရှိဘူးလို့ ဝန်ခံခဲ့ပါတယ်။

အဲဒီဒေသဟာ လပိုင်းအတွင်း ဒုတိယ အကြိမ်မြောက် မီးတောင် ပေါက်ကွဲမှုနဲ့ ကြုံလာရတာပါ။ ရေဂျာနီစ် ကမ်းမြှောင်ဧရိယာမှာ တည်ရှိနေတဲ့ မီးတောင် ပပ်ကြားအက် နေရာကနေ ဒီဇင်ဘာလထဲမှာ ချော်ရည်ပူတွေနဲ့ မီးခိုးလုံးကြီးတွေ မှုတ်ထုတ်ပြီး ပေါက်ကွဲခဲ့ဖူးပေမယ့် လူနေ ဧရိယာတွေကို ကြီးကြီးမားမား ထိခိုက်မှုတော့ မဖြစ်စေခဲ့ပါဘူး။

ဒီဇင်ဘာလ ပေါက်ကွဲမှု မတိုင်ခင်တုန်းကလည်း သီတင်းပတ်တချို့ ကြာတဲ့ထိ မီးတောင်တဝိုက်မှာ တုန်ခါလှုပ်ရှားမှုတွေ ဖြစ်ပေါ်နေခဲ့တာကြောင့် အစိုးရက အရေးပေါ် အခြေအနေပါ ထုတ်ပြန် ကြေညာခဲ့ရဖူးပါတယ်။

 

Ref: CNA