ပလက်ဝ ဒေသတခုလုံးကို ထိန်းချုပ်နိုင်ပြီလို့ AA ထုတ်ပြန်

ဇန်နဝါရီ၊ ၁၅
 
ရခိုင်ပြည်နယ်နဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်၀မြို့ကို အလုံးစုံ သိမ်းပိုက်၊ ထိန်းချုပ်ထားပြီး ပလက်၀ ဒေသတခုလုံးဟာ စစ်ကောင်စီကင်းစင်နယ်မြေ ဖြစ်သွားပြီလို့ ရက္ခိုင့်တပ်တော် (AA)က မနေ့ကညပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။
 
တပ်မမှူး နှစ်ဦး အထိုင်ချ ကွပ်ကွဲတဲ့ ပလက်၀မြို့‌ပေါ် (၂၈၉) တပ်ရင်း ဌာနချုပ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ကတည်းက သိမ်းပိုက်ရထားခဲ့တာဖြစ်ပြီး ‌မနေ့က ၁၄ ရက်နေ့မှာတော့ လက်ကျန်စခန်းတွေအားလုံးကို ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
 
ရခိုင်ဒေသ တကျော့ပြန်တိုက်ပွဲတွေ စကတည်းက ပလက်၀မြို့နယ်အတွင်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေခဲ့ပြီး နှစ်လအကြာမှာ မြို့နယ်တခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာပါ။
 
အခုအခါ ပလက်၀မြို့တွင်း ရဲစခန်း၊ ဌာနဆိုင်ရာရုံး တွေအားလုံးမှာ နေရာယူ၊ ထိန်းချုပ်ထားတယ်လို့ AA က ဓါတ်ပုံတွေနဲ့တကွ ထုတ်ပြန်ထားပါတယ်။
 
ရခိုင့်တပ်တော် AA ဟာ ပလက်ဝဒေသတခုလုံးကို ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီရဲ့ ဗျူဟာကုန်း ခြောက်ခုနဲ့ တပ်ရင်းဌာနချုပ် နှစ်ခုအပါအဝင် စခန်းပေါင်း နှစ်ဆယ်ကျော်ကို နှစ်လအတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
 
ပလက်၀ဒေသတိုက်ပွဲအတွင်း သံချပ်ကာကား တစီး၊ အတွဲလိုက်ပစ်ဒုံးကျည်၊ ဟောင်၀စ်ဇာ အမြောက် စတဲ့ စစ်လက်နက်တွေအပါအ၀င် လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်း ရခဲ့တယ်လို့လည်း ဆိုပါတယ်။
 
ဒါ့အပြင် ဒေသတွင်းသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ စစ်ကောင်စီရဲ့ ဗိုလ်မှူးချုပ်အဆင့်ရှိ တပ်မမှူး နှစ်ဦးအပါအ၀င် စစ်တပ်အရာရှိ ဆယ်ချီကိုလည်း အရှင်ဖမ်းမိထားတယ်လို့ သိရပါတယ်။
 
AA ရဲ့ထုတ်ပြန်ချက်မှာတော့ အဲဒီအချက်ကို ဖော်ပြထားခြင်း မရှိသေးပါဘူး။
 
ပလက်၀မြို့ပေါ် (၂၈၉) တပ်ရင်းမှာ စကခ (၁၉) နဲ့ တပ်မ (၁၁) တို့မှ တပ်မမှူးတွေကိုယ်တိုင် အထိုင်ချကာ ကွပ်ကွဲအုပ်ချုပ်နေခဲ့တာပါ။
 
ရခိုင်ပြည်နယ်ရဲ့ မြောက်ဘက်၊ ကုလားတန်မြစ်ကြောင်း အပေါ်ပိုင်းမှာရှိတဲ့ ပလက်၀ဒေသဟာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နဲ့လည်း နယ်နမိတ်ချင်း ထိစပ်နေပါတယ်။
 
ပလက်၀မြို့နယ်ဟာ ကချင်ပြည်နယ် လိုင်ဇာကနေ ရခိုင်ပြည်တွင်းသို့ စတင်အခြေချဖို့ ကြိုးစားတဲ့ AA ရဲ့ ပထမဆုံးခြေကုပ်နေရာဖြစ်ခဲ့ပြီး အိန္ဒိယရဲ့ ကုလားတန်မြစ်‌ကြောင်း (စစ်တွေ – ပလက်၀ – ဇိုရမ်ပူရ်)ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း တည်ရှ်ိရာ နေရာလည်း ဖြစ်ပါတယ်။
 
AA ဟာ ပြီးခဲ့တဲ့ ၂၀၁၉၊ ၂၀၂၀ ခုနှစ် တိုက်ပွဲကာလတွေကတည်းက ပလက်၀မြို့နယ်အတွင်း ထိုးစစ်တွေ လုပ်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းအချို့ကို သိမ်းပိုက်နိုင်ခဲ့ကာ အချို့ကိုတော့ အပြီးသတ်မသိမ်းနိုင်ဘဲ ၀န်းရံပိတ်ဆို့၊ ရိက္ခာ၊ လက်နက်ဖြတ်တောက်တာတွေ လုပ်နေခဲ့ပါတယ်။
 
ပလက်ဝဒေသမှာစစ်ကောင်စီရဲ့ တပ်ရင်း၊ တပ်ဖွဲ့ ဗျူဟာကုန်းနဲ့ တပ်စခန်းတွေအားလုံးကို သိမ်းပိုက်နိုင်ပြီဖြစ်ပေမယ့် အုပ်စုငယ်အနေနဲ့ ထွက်ပြေး လွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လက်နက်တွေနဲ့ ရှိနေနိုင်တာကြောင့် ဒေသခံတွေ သတိပြုဖို့တော့ AA ကသတိပေးထားပါတယ်။
 
ဓာတ်ပုံ​ – AA Info Desk