ပျူစခန်း ရိက္ခာလာပို့တဲ့ ယာဉ်တန်းကို တိုက်ခိုက်ပြီး ကားတစီး PDF သိမ်းဆည်း

ဇန်နဝါရီ၊ ၁၄
 
မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ပျူစောထီးစခန်းတွေကို ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်တွေကို လမ်းမှာ အကြိမ်ကြိမ်မိုင်းဆွဲ၊ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး ကားတစီးလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။
 
“ ရိက္ခာပို့ပြီး ပြန်လာတဲ့ ကားတွေပါဗျ။ (ပခုက္ကူမြို့အခြေစိုက်) တပ်မ ၁၀၁ ကို ပြန်ဖို့လုပ်နေတာပါ။ မိုင်းထိပြီး တွင်းမပျူစခန်းဘက်ကို ထွက်သွားတာပါ “ လို့ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ တော်လှန်ရေး ရဲဘော်တဦးက အတည်ပြုပြောပါတယ်။
 
ဒီလ ဇန်နဝါရီ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ မြိုင်နယ်၊ သရက်ကန်ရွာ ပျူစောထီးစခန်းနဲ့ တွင်းမရွာ ပျူစောထီးစခန်း ကြားမှာ စစ်ကောင်စီတပ် ကားတန်းကို မိုင်းပွိင့် ငါးပွိင့် ခြောက်ကြိမ်၊ အီနာဂါ ဗုံးသီး အလုံးငါးဆယ်နဲ့ လေးကြိမ် တိုက်ခိုက်ခဲ့တာလို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
 
အဲဒီလို တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ရဲ့ ကုန်တင်ကားကြီးနှစ်စီး ထိခိုက်ပျက်ဆီးခဲ့ပြီး တစီးကို စစ်ကောင်စီအဖွဲ့တွေက အပျက်အစီးတွေနဲ့ ပြန်လည်သယ်ဆောင်သွားတဲ့အတွက် တစီးသာ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သလ်ို သေဆုံးသူတွေလည်း ရှိနိုင်တယ်လို့ အထက်ပါ တော်လှန်ရေးရဲဘော်က ဆိုပါတယ်။
 
အဲဒီတိုက်ခိုက်မှုကို မြိုင် (ပြည်သူ့ကာကွယ်ရေး)ပကဖ တပ်ရင်း (၁) တပ်ခွဲ (၁) ၊ တပ်ခွဲ (၂) ဂဠုန်၊ အလင်းတန်း ပြောက်ကျားတပ်ဖွဲ့၊ Myaing Warriors တပ်ဖွဲ့၊ MRDFတပ်ဖွဲ့၊ KMDF (ကမ္မတပ်ပေါင်းစု)၊ PDF Kamma (ကမ္မတပ်ပေါင်းစု) တို့ ပူပေါင်း ဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ​ – မြိုင်ပကဖ