ဇန်နဝါရီ၊ ၁၄
ချင်းပြည်နယ်၊ ပလက်ဝမြို့မှာရှိတဲ့ နောက်ဆုံးလက်ကျန် စစ်ကောင်စီတပ်ရင်း (၂၈၉) ကို ရက္ခိုင့်တပ်တော် (AA)က သိမ်းပိုက်ရရှိပြီဖြစ်ပြီး ဗိုလ်မှူးချုပ် အဆင့်စစ်ကောင်စီ တပ်မမှူး အပါအဝင် အရာရှိအချို့ကိုပါ ဖမ်းဆီးရမိထားတယ်လို့ စစ်ရေးနဲ့ နီးစပ်တဲ့ ဒေသခံသတင်းရင်းမြစ်တွေက DNA ကို ပြောကြပါတယ်။
AA ဟာ ပလက်ဝမြို့နဲ့ကပ်ရပ် ကုလားတန်မြစ် အရှေ့ဘက်ကမ်းမှာရှိတဲ့ အဲဒီတပ်ရင်း အပါအဝင် မြို့နီးပတ်လည်တပ်စခန်းတွေကို အခုနှစ်ဆန်းပိုင်းကတည်းက စတင်ထိုးစစ်ဆင်နေခဲ့တာဖြစ်ကာ တပတ်ကျော်အကြာမှာ အပြီးတိုင်သိမ်းပိုက်ရရှိတာလို့ ဆိုပါတယ်။
” (တပ်ရင်း)၂၈၉ ကို သိမ်းလိုက်ပြီ။ နယ်မြေရှင်းလင်းရေးလုပ်နေကြတုန်း၊ ထွက်ပြေးတဲ့ကောင်တွေကို လိုက်ဖမ်းရတာပေ့ါ။ တပ်မမှူးကိုလည်း ထွက်ပြေးသွားလို့ လိုက်ဖမ်းတာ ရထားတယ်။ စကခ တပ်မလည်း ၂၈၉ ထဲမှာပဲ တပူးတည်းရှိတာ ” လို့ AA နဲ့ နီးစပ်တဲ့ ဒေသခံသတင်းရင်းမြစ်က DNA ကို ပြောပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲအတွင်း AA က ဖမ်းဆီးရမိတဲ့အထဲ စကခ (၁၉)တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ နဲ့ နောက်ထပ်စစ်ကောင်စီတပ် အရာရှိ၊ တပ်သား ဆယ်ချီလည်း ပါဝင်တယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောကြပါတယ်။
ဒါပေမယ့် ဖမ်းဆီးရမိတဲ့ စစ်ကောင်စီလက်အောက်ခံ အရေအတွက်နဲ့ လက်နက်ခဲယမ်း သိမ်းဆည်းရမိတဲ့ အခြေအနေ အသေးစိတ်တွေကိုတော့ မသိရသေးဘူးလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
ပလက်ဝမြို့စောင့်တပ် (၂၈၉) တပ်ရင်းကို သိမ်းပိုက်ရရှိပြီ ဖြစ်တာကြောင့် အခုအခါ ပလက်ဝမြို့နဲ့ မြို့အနီးပတ်လည်မှာ စစ်ကောင်စီတပ်စခန်း တခုမှ မရှိတော့ဘဲ ပလက်ဝမြို့နယ်တခုလုံးလည်း AA လက်အောက် ရောက်သွားပြီဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောကြပါတယ်။
” မြို့နားစခန်းတွေ အကုန်သိမ်းထားခဲ့ပြီးပြီ။ ၂၈၉ တခုပဲ အကြီးဆုံးကျန်ခဲ့တာ။ အကုန်လုံး အဲဒီမှာ စုခံနေခဲ့ကြတာ။ အခု အဲဒါလည်း ရပြီဆိုတော့ ပလက်ဝတနယ်လုံးမှာ စစ်တပ်စခန်းတခုမှ မကျန်တော့ဘူး ” လို့ ဒေသခံ သတင်းရင်းမြစ်နောက်တဦးက ပြောပြပါတယ်။
(၂၈၉) တပ်ရင်းကို သိမ်းပိုက်ရရှိထားပြီ ဆိုတာနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA)ဘက်က သီးသန့်ထုတ်ပြန်တာတာတော့ မရှိသေးပါဘူး။
ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်း ဇန်နဝါရီ ၉ ရက်က AA ရဲ့ စစ်ရေးသတင်းထုတ်ပြန်ချက်ထဲမှာတော့ ပလက်ဝဒေသတခုလုံး စစ်ကောင်စီကင်းစင်နယ်မြေဖြစ်လာစေဖို့ လက်ကျန်စခန်းအနည်းငယ်ကို ဆက်လက်ချေမှုန်းတိုက်ခိုက်နေတယ်လို့ ဆိုထားခဲ့ပါတယ်။
ရက္ခိုင့်တပ်တော် (AA)ဟာ ရခိုင်ဒေသတိုက်ပွဲတွေစပြီး နောက်တရက်အကြာ ၂၀၂၃ နိုဝင်ဘာ ၁၄ ရက်မှာပဲ ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီတပ် ဗျူဟာကုန်း၊ စစ်စခန်းတွေကို ဆက်တိုက်ထိုးစစ်ဆင်ကာ တခုပြီးတခု သိမ်းပိုက်နေခဲ့တာပါ။
မနေ့က ဇန်နဝါရီ ၁၃ ရက်ညနေပိုင်းကလည်း ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တို့အစပ်မှာရှိတဲ့ မီးဝဗျူဟာကုန်းကို အပြီးတိုင်သိမ်းပိုက်ရရှိခဲ့ပြီလို့ AA၊ ကိုးကန့် (MNDAA)၊ တအာင်း (TNLA)တို့ပါဝင်တဲ့ ညီနောင်သုံးဖွဲ့က ထုတ်ပြန်အသိပေးထားပါတယ်။
AA ဟာ ပလက်ဝမြို့အထက်ပိုင်း ကုလားတန်မြစ်ကြောင်းတ လျှောက်မှာရှိတဲ့ တရွန်အိုင်၊ နှုန်းဘူးဗျူဟာကုန်း တို့နဲ့ ပလက်ဝမြို့အောက်ပိုင်း ကုလားတန်မြစ်ကြောင်းပေါ်ရှိ မီးဝ၊ တင်းမ ဗျူဟာကုန်းကြီးတို့ကိုလည်း သိမ်းပိုက်ရရှိထားတာပါ။
ဒါ့အပြင် ပလက်ဝမြို့အနောက်ဘက်ခြမ်း အိန္ဒိယနယ်စပ်တလျှောက်ရှိ ခဝဲဗျူဟာကုန်း အပါအဝင် စစ်တပ်ပွိုင့်ကုန်း၊ တပ်စခန်း ဆယ်ကျော်ကိုလည်း သိမ်းပိုက်ရရှိထားပါတယ်။
ပလက်ဝမြို့နယ်ဟာ ရခိုင်ပြည်နယ် စစ်တွေကနေ ပလက်ဝ၊ ထိုမှတဆင့် အိန္ဒိယနိုင်ငံ ဇိုရမ်ပူရ်အထိ ရေကြောင်း၊ ကုန်းကြောင်း သယ်ယူရေးလမ်းကြောင်းဖြစ်တဲ့ အိန္ဒိယရဲ့ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖွံ့ဖြိုးရေးစီမံကိန်း တည်ရှိရာ ဒေသဖြစ်ပါတယ်။
ဒါကြောင့် ပလက်ဝမြို့နယ်ကို သိမ်းပိုက်နိုင်ခြင်းဟာ ကုလားတန်စီမံကိန်းကို ထိန်းချုပ်နိုင်ရာလည်း ရောက်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ထောက်ပြထားကြပါတယ်။
၁၀၂၇ စစ်ဆင်ရေးစပြီး နှစ်ပတ်ကျော်အကြာ နိုဝင်ဘာ ၁၃ ရက်မှာ စခဲ့တဲ့ ရခိုင်ဒေသတိုက်ပွဲတွေဟာ ရခိုင်တပြည်နယ်လုံးအနှံ့ ကျယ်ပြန့်လာပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းသုံးခုခံတာ၊ အရပ်သားတွေကို ပစ်မှတ်ထားတာတွေ ဆက်တိုက်လုပ်လာနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အခုအခါ ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ ရမ်းဗြဲ၊ ပေါက်တောတို့မှာရှိတဲ့ စစ်ကောင်စီရဲ့မြို့ပေါ် တပ်ရင်း၊ တပ်စခန်းတွေကို AA ထိုးစစ်ဆင်နေပြီး ပြည်နယ်အတွင်းက တခြားမြို့နယ်အားလုံးနီးပါးမှာလည်း တိုက်ပွဲတွေ နေ့စဉ်ရှိနေပါတယ်။
ဓာတ်ပုံ – AA Info Desk (ပုံဟောင်း)