ကန့်ဘလူမှာ စစ်တပ်က ရွာတွေကိုမီးရှို့လို့ ဒေသခံသောင်းနဲ့ချီထွက်ပြေးနေရ

ဇန်နဝါရီ၊ ၁၃

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ကျေးရွာ ခုနှစ်ရွာထက်မနည်းကို အခုရက်ပိုင်းအတွင်း စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေက အကြောင်းပြချက်မရှိဘဲ နေအိမ်မီးရှို့နေတာကြောင့် အရပ်သား တသောင်းခွဲနီးပါးဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

” ဒီကောင်တွေက ဒီအတိုင်း တရွာဝင်တရွာထွက် မီးရှို့နေတာ။ ကာကွယ်ရေးအဖွဲ့တွေ ရှိတယ်အထင်နဲ့ ရှို့နေကျတာပေါ့ဗျာ။ တော်တော်ဆိုးတယ် ။တချို့ရွာဆို ရွာလုံးကျွတ်ပဲ မီးရှို့ခံနေရတာ” လို့ ကန့်ဘလူးမြို့နယ်၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာဇန်နဝါရီလ ၉ ရက်မှာကန့်ဘလူမြို့နယ်၊ ရှားတော၊ တောဒိုက်နဲ့ သဗြစ်ဇွန်းကျေးရွာတွေနဲ့ ၁၁ ရက်မှာ ကိုးမြို့၊ တောင့်တည်းကုန်းနဲ့ သရက်ခေါင်းကျေးရွာကိုမီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

ရှားတော၊ တောဒိုက်နဲ့ သဗြစ်ဇွန်းကျေးရွာတွေဟာ မကြာသေးခင်းက ကန့်ဘလူမြို့၊ အင်းလယ်ကြီးရွာက ဒေသခံတချို့စစ်ရှောင်နေရတဲ့ ကျေးရွာတွေလည်းဖြစ်ပါတယ်။

ဒါ့အပြင် မင်းကုန်း(က)ရွာနဲ့ ညောင်ဇင်ကြီးကျေးရွာကိုလည်း ဇန်နဝါရီလ ၁၂ ရက်၊မနေ့ကနေ့လယ်ပိုင်းက စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက လက်နက်ကြီး၊လက်နက်ငယ်တွေ ရမ်းသမ်းပစ်ခတ်ကာ ကျေးရွာထဲကို ဝင်ရောက်လာကာ နေအိမ်တွေကို မီးရှို့ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခု မီးရှို့ခံထားရတဲ့ နေအိမ်အရေအတွက် ရာချီရှိနိုင်ပေမယ့် တချို့ကျေးရွာတွေအနီးမှာ စစ်ကောင်စီတပ်ဖွဲ့တွေက တပ်စွဲထားတာရှိနေတဲ့အတွက် အရေအတွက် အတိအကျအတည်ပြုနိုင်ဖို့ အခက်အခဲရှိနေသေးတယ်လို့ဒေသခံတွေက ဆိုပါတယ်။

အဲဒီလိုစစ်ကောင်စီတပ်က စစ်ကြောင်းထိုးမီးရှို့တာကြောင့်  ဒေသခံတသောင်းခွဲနီးပါးဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အကူအညီပေးနေသူတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

” စစ်ကြောင်းထိုးနေတာကို သတင်းရတာနဲ့ ချက်ချင်းမိသားစုကို ခေါ်ပြီး ထွက်ပြေးကြတာပေါ့။ အခု သူတို့ အိမ်တွေကို မီးရှို့လိုက်ပြီး တရွာလုံးတောင် ရှိမလားမသိဘူး။ပြန်မကြည့်ရဲတော့ မသိသေးဘူး။ သူတို့(စစ်သား)ရွာအနားမှာ ရှိနေသေးတယ်လေ” လို့ ကိုးမြို့ကျေးရွာဒေသခံတဦးက ပြောပါတယ်။

အခုနေအိမ်မီးရှို့ခံထားရတဲ့ ကျေးရွာတွေထဲက  ကျေးရွာတချို့ဟာ အရင်က စစ်ကောင်စီတပ်ဖွဲ့တွေ နေအိမ်မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့သေးတယ်လို့ ဆိုပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေက ချင်မြစ်ကျင်းရွာတွေထဲမှာ ဝင်ရောက်တပ်စွဲထားပြီး အနီးအနားပတ်ဝန်းကျင်ကျေးရွာတွေဘက်ကို လက်နက်ကြီး၊လက်နက်ငယ်တွေ ရမ်းသမ်း ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေ နေရပ်မပြန်ကြရဲသေးဘူးလို့ ဆိုပါတယ်။

” ဒီဘက်တော့ ရှောင်လိုက် ပြန်လိုက်ပါပဲ။ တချို့ကျတော့ နှစ်ရှည်ကြာ ရှောင်နေတဲ့သူတွေရှိတာပေါ့။ တနေ့ထက်တနေ့ ပိုဆိုးလာတော့ စားသောက်ဖို့ နေထိုင်ဖို့ အခက်အခဲဖြစ်တာပေါ့။ အများကြီးပါပဲ ပြောရင် ကုန်မှာ မဟုတ်ဘူး။ ဒုက္ခ၊သောကများစွာနဲ့ပါပဲ” လို့ ကန့်ဘလူမြို့နယ်မှာ စစ်ရှောင်အကူအညီပေးနေသူတဦးက ပြောပါတယ်။

ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ် ၊တင်ငုတ်ကြီးကျေးရွာမှာ စစ်ကောင်စီတပ် ပျူစောထီးအထိုင်စခန်းကို ဇန်နဝါရီလ ၁၁ ရက်၊မနက်အစောပိုင်းမှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခဲ့ပါသေးတယ်။

အဲဒီတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကူလာတဲ့ စစ်ကောင်စီတပ်၊ ပျူစောထီး အင်အား တရာကျော်ရှိတဲ့ ပူးပေါင်းအဖွဲ့တွေက အခုလို ကျေးရွာထဲကို စစ်ကြောင်းထိုးပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးတာ ဖြစ်တယ်လို့ ဆိုပါတယ်။

” အမှန်တော့ ရွာသားတွေနဲ့ ဘာမှ မဆိုင်ဘူး။နေအိမ်တွေကို မီးရှို့စရာ အကြောင်းမရှိဘူး။ ဒီဘက်က ပျူ(စောထီး)အားကောင်းတော့ လုပ်ချင်လို့ လုပ်နေတဲ့သဘောပါပဲ” လို့ ကန့်ဘလူမြို့နယ်( ပအဖ )တာဝန်ရှိသူက ပြောပါတယ်။