လေထီးသမား ခေါင်းပြတ်ခဲ့တဲ့ ဖြစ်ရပ်အတွက် ပြင်သစ် လေယာဉ်မှူး ပျံသန်းခွင့် ပိတ်ခံရ

နိုဝင်ဘာ ၊ ၂၃

လေထီးခုန်သူတဦး မတော်တဆ ခေါင်းပြတ်သွားခဲ့တဲ့ ဖြစ်ရပ်အတွက် လေယာဉ်မှူးမှာ အပြစ်ရှိကြောင်း ပြင်သစ် တရားရုံး တခုက စီရင်ချက် ချမှတ်လိုက်ပါတယ်။

 အသက် ၆၄ နှစ် ရှိပြီဖြစ်ပြီး အလိန်း စီလို့သာ မီဒီယာတွေက နာမည် အတိုကောက် ဖော်ပြထားတဲ့ လေယာဉ်မှူးဟာ ၂၀၁၈ ခုနှစ်က ပြင်သစ်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုကြောင့် လေယာဉ်ပျံသန်းခွင့် ၁ နှစ်ပိတ်ပင်ကြောင်း မွန်တော်ဘန်မြို့ ရာဇဝတ် ခုံရုံးက အမိန့်ချခဲ့ပါတယ်။ အလိန်းစီဟာ သင့်တော်မှန်ကန်တဲ့ လေယာဉ်မောင်း လိုင်စင်လည်း မရှိခဲ့ဘူးလို့ တရားရုံး မှတ်တမ်းတွေက ဖော်ပြထားပါတယ်။

 ၂၀၁၈ ခုနှစ်၊ ဇူလိုင်လတုန်းက အသက် ၄၀ အရွယ် အပျော်တမ်း လေထီးသမား နစ်ကိုလက်စ် ဂါလီဟာ မိတ်ဆွေ တဦးနဲ့အတူ ပြင်သစ်တောင်ပိုင်း အော်စီတေနီ ဒေသထဲက ဘူလော့အန် ကွာစီမြို့မှာ လေထီးခုန်ဖို့အတွက် အလိန်းရဲ့ လေယာဉ်ကို ငှားရမ်းခဲ့ပါတယ်။

 အင်ဂျင်တလုံးတပ် Pilatus လေယာဉ်ပေါ်ကနေ ဂါလီတို့ နှစ်ဦးဟာ လက်နဲ့ ခြေထောက်တွေကြား လေဟုန်စီးဖို့ အလွှာတွေ တပ်ဆင်ထားတဲ့ jumpsuitတွေကို ဝတ်ဆင်ပြီး ခုန်ချခဲ့ကြပါတယ်။

 မြေမျက်နှာပြင်အထက် ပေ ၁၄၀၀၀ လောက်ကနေ ခုန်ချလာချိန်မှာ အခြေအနေတွေက တည်တည်ငြိမ်ငြိမ် ရှိခဲ့ပေမယ့် စက္ကန့် ၂၀ အကြာမှာ ဆိုးဆိုးရွားရွား လွဲချော်လာပါတော့တယ်။ အလိန်းက လေယာဉ်ကို ရုတ်တရက် ခပ်မြန်မြန် စိုက်ဆင်းလိုက်ရာကနေ လေဟုန်စီးနေသူ နှစ်ဦးနဲ့ ငြိမိသွားခဲ့ပါတယ်။

 လေယာဉ်ရဲ့ ဘယ်ဖက် တောင်ပံက အရှိန်နဲ့ ဖြတ်တိုက်လိုက်တာကြောင့် ဂါလီရဲ့ ဦးခေါင်း ပြတ်ထွက်သွားပြီး ခန္ဓာကိုယ်ကတော့ အရေးပေါ် လေထီး ပွင့်သွားတဲ့အတွက် မြေပြင်ပေါ်ကို အသာအယာ ကျဆင်းခဲ့ပါတယ်။

 အလိန်းက သူ့အနေနဲ့ ဘာအမှားမှ မရှိခဲ့ကြောင်း၊ သေဆုံးသူ ဂါလီဟာ မျှော်လင့်မထားတဲ့ လမ်းကြောင်းထဲ ဝင်ရောက်ပြီး လေဟုန်စီးနေခဲ့လို့ အခုလို မတော်တဆ ကိစ္စမျိုးနဲ့ ကြုံခဲ့ကြောင်း တရားခွင်မှာ ခုခံ လျှောက်လဲခဲ့ပါတယ်။

 သူ့လေယာဉ်ကို စိုက်ဆင်းလာချိန်မှာ ဂါလီဟာ တောင်ဖက် ခပ်ဝေးဝေး နေရာလောက်မှာ ကျန်နေခဲ့ပြီးပြီလို့သာ ယူဆခဲ့တယ်လို့လည်း အလိန်းက ပြောပါတယ်။ အခုဖြစ်ရပ်ဟာ သူ့ဘဝမှာ အကြီးဆုံး ကြုံတွေ့ဖူးသမျှ ကြေကွဲစရာ ဖြစ်ခဲ့ပေမယ့် သူ့အမှားတော့ မပါခဲ့ကြောင်းလည်း အလိန်းက ဆိုပါတယ်။

 ဒါပေမဲ့ တရားရုံးကတော့ အခုမတော်တဆမှုမှာ အလိန်းဟာ မတော်တဆ လူသေမှုအတွက် တာဝန်ရှိတယ်လို့ ဆုံးဖြတ်ပြီး လေယာဉ် ပျံသန်းခွင့် ၁ နှစ် ပိတ်ခဲ့သလို သူ့ရဲ့ အလုပ်ဌာနကိုလည်း ဒဏ်ငွေ ယူရို ၂၀၀၀၀ တပ်ရိုက်ခဲ့ပါတယ်။ အဲဒီထဲက ၁၀၀၀၀ ကို ဆိုင်းငံ့ခွင့် ပြုထားကြောင်းလည်း တရားသူကြီးက ပြောပါတယ်။

 ၂၀၁၈ ခုနှစ်တုန်းက ဖြစ်စဉ်အပြီး ပြင်သစ်ရဲ့ လေထီးခုန် သင်တန်းတွေမှာ လုံခြုံရေး လိုက်နာရမယ့် အချက်တွေကို ပိုမို ဖြည့်စွက်စေခဲ့သလို လေယာဉ်မှူးနဲ့ လေထီးသမားကြား တိကျရှင်းလင်းတဲ့ ဆက်သွယ် ဆွေးနွေးမှုတွေ ကြိုတင် လုပ်ဆောင်ဖို့လည်း ညွှန်ကြားထားလိုက်ကြောင်း သိရပါတယ်။