ထိုင်းမှာ လုပ်ခလစာ ခေါင်းပုံဖျက်ခံရတဲ့ MoUလုပ်သားတွေ အလုပ်သမား ရုံးတိုင်မယ်ဆိုမှ ပြေလည်မှုရ

နိုဝင်ဘာ၊ ၂၂

ထိုင်းနိုင်ငံမှာ MoUနဲ့ တရားဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားငါးဆယ်ကျော်ဟာ လုပ်ခလစာတွေ ခေါင်း ပုံဖျက်ခံရတာကြောင့် ထိုင်းအလုပ်သမားရုံးကို တိုင်မယ်ဆိုမှ နစ်နာခဲ့တဲ့ငွေကြေးတွေပြန်ပေးဖို့ ညှိနှိုင်းသဘောတူခဲ့တယ်လို့ ကိုယ်တိုင်ကြုံရတဲ့အလုပ်သမားတွေနဲ့ သူတို့ကို  ကူညီပေးခဲ့သူတွေကပြောပါတယ်။

ထိုင်းနိုင်ငံ ဆာရာဘူရီခရိုင်၊ ဆာရာဘူရီမြို့၊ ပါဖရီယိုရပ်ကွက်မှာ ရှိတဲ့ TATCIPHA CO., LTD ဆောက်လုပ်ရေးလုပ်ငန်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ရက်က စပြီးအလုပ်လုပ်နေတဲ့ မြန်မာ MoU လုပ် သားတွေကို အလုပ်ရှင်ဘက်က လုပ်ခလစာ ပေးချေဖို့ပျက်ကွက်နေခဲ့တာလို့ဆိုပါတယ်။

“ထိုင်းအလုပ်ရှင်တွေက အမြဲ ဒီလိုချည်းပဲ၊ ကျွန်တော်တို့သွားဖြေရှင်းတော့ ဆာဝါ ဒီကန်ရုံး(အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး) ဘာညာတိုင်မယ်ဆိုတော့ အဲ့သူဌေးက အတိုင်မခံချင်ဘူး” လို့ နစ်နာသူအလုပ်သမားတွေကို ကူညီပေးခဲ့တဲ့  WAG မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေး အဖွဲ့ တာဝန်ရှိသူ ကိုမုန်တိုင်းကDNAကိုပြောပါတယ်။

အဲ့ဒီမြန်မာအလုပ်သမားတွေဟာ TATCIPHA CO., LTD ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လုပ်ကိုင်ခဲ့ပြီးနောက် အခုလအထိ လုပ်ခလစာအပြည့်အဝမရဘဲ ဖြစ်နေတာကြောင့်အခက်တွေ့ခဲ့ကြရတာပါ။ ဒီအခြေအနေနဲ့ပတ်သက်လို့ သူတို့ကိုထိုင်းနိုင်ငံဘက်စေလွှတ်ပေးခဲ့တဲ့ အေဂျင်စီကိုတိုင်ကြားရာမှာ လည်းထိထိရောက်ရောက်မကူညီပေးတာကြောင့် WAG အဖွဲ့နဲ့ ဆက်သွယ်ခဲ့တာလို့ နစ်နာသူတွေထဲက တဦးဖြစ်တဲ့ ကိုကျော်ဝေယံစိုးကရှင်းပြပါတယ်။

အလုပ်သမားတွေအနေနဲ့ လက်ရှိအလုပ်ရှင်ဆီကနေ စုစုပေါင်းလုပ်ခလစာ ဘတ်လေးသိန်း ကျော်(ကျပ်သိန်း၃၉၀နီးပါး)ရဖို့ကျန်နေတာဖြစ်ပြီး ညှိနှိုင်းမှုတွေအရ လာမယ့် ဒီဇင်ဘာပထမပတ်အတွင်း ပေးချဖို့ အလုပ်ရှင်ဘက်က ကတိပြုစာချုပ်ချုပ်လိုက်တယ်လို့သိရပါတယ်။

“ပိုင်ရှင်ကိုလည်း ဖြေရှင်းပေးဖို့ တောင်းဆိုသေးတယ်၊ သူကမဖြေရှင်း‌ပေးဘူးဗျာ၊ အခုကျတော့ WAG ကဖြေရှင်းပေးပြီးတော့ ဒီ၁၂လပိုင်း ၇ရက်နေ့မှာ ကျွန်တော်တို့ရမယ့် လစာပေးမယ်လို့လည်းပြောတယ်၊ ပြီးတော့ အေဂျင်စီကလည်း ဘန်ကောက်မှာရှိတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီ တခုကိုလည်း ပြောင်းပေးလိုက်တယ် “လို့ သူကပြောပါတယ်။

အဲ့ဒီ့နစ်နာသူ အလုပ်သမားတွေဟာ မြန်မာနိုင်ငံ နယ်ပေါင်းစုံကလာကြသူတွေဖြစ်ပြီး အေဂျင်စီနဲ့ချိတ်ဆက်ကာ တဦးကို ၁၈သိန်းနဲ့ ၂၅သိန်းကြား ကုန်ကျခံကာ MOU နှစ်နှစ်စာချုပ်နဲ့ ထိုင်းနိုင်ငံကိုသွားရောက်လုပ်ကိုင်ကြတာလို့သိရပါတယ်။

အဲ့ဒီ့လို အစိုးရချင်းသဘောတူညီချက်စာချုပ် MoUနဲ့ တရားဝင်လာရောက် လုပ်ကိုင်ခဲ့ကျပေမယ့် အခုလိုမျိုး အဆင်မပြေမှုမျိုး ကြုံလာရတာပါ။

ကိုကျော်ဝေယံစိုးနဲ့ သူ့ရဲ့ ဇနီးwdkh[m မဲဆောက်မြို့မှာ ရှစ်နှစ်ကျော် နေထိုင်လုပ်ကိုင်ခဲ့သူတွေဖြစ်ပြီး MoU စာချုပ်နဲ့ တရားဝင်နေထိုင်လုပ်ကိုင်ရင် အခွင့်အလမ်းပိုရှိမယ်လို့ယူဆတာကြောင့် ပြည်တွင်းကိုပြန်လာပြီး စာချုပ်နဲ့ ပြန်သွားခဲ့ကြပေမယ့် အခုလို အဆင်မပြေမှုနဲ့ကြုံခဲ့ကြရတာလို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံကို တရားဝင်ရော တရားမဝင်နည်းလမ်းတွေနဲ့ပါ သွားရော်ကနေထိုင်အလုပ်လုပ်ကိုင်သူတွေ သန်းချီတိုးလာခဲ့ပြီး လုပ်ငန်းခွင်တွေမှာလုပ်ခလစာ ခေါင်းပုံဖျက်ခံရတာ၊လိမ်လည်ခံရတာ စာချုပ်ပါလုပ်ငန်းနဲ့ လက်တွေ့လုပ်ငန်းကွဲလွဲနေတာစတဲ့ အဆင်မပြေမှု တွေကြုံနေကြရပါတယ်။