ထွက်ပြေးသွားတဲ့ စစ်သားတွေက အရပ်သားတွေကို လူသားဒိုင်းအသုံးချနိုင်တယ်လို့ CNO သတိပေး

နိုဝင်ဘာ၊ ၂၂

 ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ထင်းရှုးစခန်းကိုနိုဝင်ဘာလ ၂၂ ရက် ဒီကနေ့မှာ  စွန့်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေက အရပ်သားတွေကို လူသားဒိုင်းအဖြစ်အသုံးပြုလာနိုင်တာကြောင့် ဖလမ်း-ကလေး ကားလမ်းမကို အသုံးမပြုဖို့ချင်းအမျိုးသားအဖွဲ့ချုပ်( CNO )က ထုတ်ပြန်ကြေငြာထားပါတယ်။

 ဖလမ်းမြို့မှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေက စစ်ဆင်ရေး၁၀၂၇ နဲ့ အတူ  ပြီးခဲ့တဲ့ နိုဝင်ဘာ ဒုတိယ အပတ်ကစပြီး စခန်းသိမ်းတိုက်ပွဲတွေ ဆက််တိုက်ဆင်နွှဲနေရာ ဒီနေ့မှာ တော့ ထင်းရှုးစခန်းက စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးခဲ့တာပါ။

 “ ဒီစခန်းကိုကျွန်တော်တို့ဗျူဟာ ကျကျတိုက်ဖို့ ကျွန်တော်တို့ လုပ်ထားတာပေါ့။ စခန်းတွေတခုပြီးတခုကျတာရော သူတို့လူအင်အား မထောက်ပံ့နိုင်လို့ ထွက်ပြေးသွားတာပါမှာပေါ့။လူကိုအသေမခံချင်လို့နေမှာ   “ လို့ CNDF  တာဝန်ရှိသူတဦးက ဆိုပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံပေါ်ပေါက်ရေးကြိုးပမ်းဖို့ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ကို ၂၀၂၁ ခုနှစ်၊ ဧပြီလမှာစတင်တည်ထောင်ခဲ့ပြီး ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ကိုပါပူးတွဲတည်ထောင်ခဲ့တာဖြစ် ပါတယ်။

 ဖလမ်းမြို့ အခြေစိုက် ခလရ (၂၆၈) လက်အောက်ခံ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ အဲဒီ ထင်းရှုးစခန်းကို ချင်းကာကွယ်ရေးတပ်တွေက ဝိုင်းထားတာ တပတ်နီးပါးအကြာ   ဒီနေ့မှာတော့ အဲ့ဒီစစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးခဲ့ကြတာပါ။

 ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဖလမ်းမြို့ အခြေစိုက် ခလရ (၂၆၉) ကို သွားရောက်ပူးပေါင်းနိုင်ခြေရှိပြီး လမ်းခရီးကို ဖြတ်သန်းရာမှာ အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးချနိုင်ခြေရှိနိုင်တာကြောင့် ဖလမ်း-ကလေးလမ်းမကို မသွားလာဖို့ အမိန့်ထုတ်ပြန်တာလို့သိရပါတယ်။

 “ ဒီကောင်တွေ တရွာဝင်တရွာထွက်သွားရင် ဒေသခံတွေကို လူသားဒိုင်းအဖြစ်သုံးမှာစိုးလို့ပါ။ပြီးတော့ ကားတွေနဲ့လက်နက်တွေသယ်နိုင်ခြေရှိတယ်”လို့ CNDF  တာဝန်ရှိသူက  ဆိုပါတယ်။

 ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဝန်းရံပိတ်ဆို့ ဖမ်းဆီးမှာ ဖြစ်လို့ ဒီနေ့က စပြီး ဖလမ်းမြို့နယ် အတွင်း ရှိ ခွန်လီတောင်ကြောတဝိုက်နဲ့ ဝေဘူလ တောင်ကြောမှာ ရှိတဲ့ ဒေသခံတွေအနေနဲ့  ခရီးမသွားဖို့နဲက တာင်ယာသွားလာခြင်းတွေမပြုလုပ်ဖို့ကို CNO ကသတိပေးထားပါတယ်။

 ဖလမ်းမြို့၊ ရိဒ်ခေါဒါရ် မြို့ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို CNA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

 ဒါ့အပြင် မနေ့က  တီးတိန်မြို့နယ် ကနေဒီတောင်ရှိ စစ်ကောင်စီတပ်စခန်းကို PDF-Zoland ကတိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီတပ်သားများထွက်ပြေးသွားခဲ့ပြီး ဗိုလ်မှူးတဦးအပါအဝင် ၁၂ ဦးဖမ်းဆီးမိပြီး လက်နက်အမြောက်အမြားသိမ်းဆည်းရမိခဲ့ပါသေးတယ်။