ဗိုလ်ချုပ်စောနယ်ဒါးမြရဲ့ ကော်သူးလေအစိုးရကြေညာချက်ကို KNUလက်မခံ

နိုဝင်ဘာ၊ ၂၂

ဗိုလ်ချုပ်စောနယ်ဒါးမြက သူကိုယ်တိုင်ပြည်နယ်သမ္မတအနေနဲ့ဦးဆောင်ပါဝင်တဲ့ ကော်သူးလေအစိုး ရဖွဲ့စည်းတယ်ဆိုပြီး ထုတ်ပြန်တာဟာ တော်လှန်ရေးဆောင်ရွက်မှုတွေကို ရှုပ်ထွေးဝေဝါးအောင်လုပ်တာလို့ ကရင်အမျိုးသားအစည်းအရုံး KNU ကဝေဖန်လိုက်ပါတယ်။

ဗိုလ်ချုပ်စောနယ်ဒါးမြ ဦးဆောင်တဲ့ ကော်သူးလေအစိုးရ ဖွဲ့စည်းကြောင်းကြေညာချက်နဲ့ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံး KNUရဲ့သဘောထားကို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတာနီးက မနေ့က ထုတ်ပြန်ပြောဆိုခဲ့တာာပါ။

“ကျွန်တော်တို့ တပ်က အသက်သွေးချွေး ခန္ဓာတွေ ရာချီပေးဆပ်ပြီး ရန်သူ့အင်အား (၁၀၀၀၀ ကနေ ၂၀၀၀၀) နီးပါးထိကို ၂ နှစ်ကျော် ၂ နှစ်၀က် ကာလအတွင်း တိုက်ခဲ့တာတွေကို မှေးမှိန်သေးသိမ်အောင် လုပ်နေတာ၊ကျွန်တော်တို့ရဲ့ တော်လှန်‌ရေး ဆောင်ရွက်မှုတွေကို ရှုပ်ထွေးဝေဝါးအောင် လုပ်တာ”လို့ ပဒိုစောတာနီးက ဆိုပါတယ်။ 

KNU လက်အောက်ခံ KNDO စစ်ဦးစီးချုပ်ဟောင်း စောနယ်ဒါးမြဟာ ၂၀၂၁ခုနှစ် ဇူလိုင်လအတွင်း တာဝန်ရပ်ဆိုင်းတယ်လို့ကြေညာခံရပြီးနောက် ကော်သူးလေအာမီ(KTLA)အမည်နဲ့ သီးခြားတပ် ဖွဲ့ထူထောင်ခဲ့သလို အခုလ ၁၃ရက်ကလည်း ကော်သူးလေ အစိုးရထူထောင်ပြီလို့ကြေညာခဲ့တာပါ။

အဲဒီအစိုးရအဖွဲ့မှာ ပြည်နယ်ဥသျှောင်သမ္မတအဖြစ် စောနယ်ဒါးဘိုမြကတာဝန်ယူထားပြီး ဒုပြည်နယ်ဥသျှောင်အကြီးအကဲတွေ၊ ဝန်ကြီးချုပ်တွေ အပါအဝင် အစိုးရအဖွဲ့ဝင် ၁၈ ဦး ပါဝင်ပါတယ်။

ပြည်တွင်းပြည်ပမှာရှိတဲ့ ကရင်ပြည်သူတွေရဲ့ တိုက်တွန်းမှုအရ စိုးရိမ်ကြောင့်ကျ သမာဓိရှိတဲ့ ကရင် ခေါင်းဆောင်တွေက ကော်သူးလေအစိုးရကို ထူထောင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ KTLAရဲ့ထုတ်ပြန်ချက်က ဆိုပါတယ်။

ကော်သူးလေအစိုးရဖွဲ့စည်းတာနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်နယ်ဒါးမြနဲ့ KTLA တာဝန်ရှိသူတွေကို DNA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရသေးပါဘူး။

အဲ့ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ကရင်ပြည်သူတွေ၊အရပ်ဘက်အဖွဲ့တွေနဲ့ နိုင်ငံရေး၊စစ်ရေး  အင်အားစုတွေကြား အငြင်းပွားမှုတွေရှိနေသလို KNU ကလည်း မနေ့က လူသိရှင်ကြားထုတ် ပြန်ဝေဖန်ခဲ့တာဖြစ်ပါတယ်။

နယ်မြေလုံးဝမရှိတဲ့၊ စစ်တပ်လုံးဝမရှိတဲ့၊ လူထု လုံးဝမရှိတဲ့ သူက နိုင်ငံခြားမှာ ဒီက ပြည်သူတွေမဟုတ်တဲ့ တိုင်းပြည် ပြင်ပကသူတွေကို ခေါင်းဆောင်တွေခန့်ပြီး အစိုးရဖွဲ့တော့ ပြည်သူတွေအနေနဲ့ ဒီဟာက အစစ်အမှန်လား၊ အတုအယောင်လား ဆိုတာ သေချာစဉ်းစားဖို့ကိုကျွန်တော် အကြံပြုချင်ပါတယ်”လို့ ပဒိုစောတာနီးကပြောပါတယ်။

ဒါ့အပြင် အနာဂတ်ကာလ ပြည်ထောင်စု အစစ်အမှန်တခုအဖြစ်တည်ဆောက်ချိန်မှာ KNU အနေနဲ့ ကော်သူးလေ ဖက်ဒရယ်ယူနစ် တည်ဆောက်ဖို့ အစီအစဉ်တွေအတိအကျရှိထားပြီဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO  စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြဟာ ကေအဲန်ယူခေါင်းဆောင် ဥက္ကဌဟောင်း စောဗိုလ်မြရဲ့ သားဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်လပိုင်းအကြာ ၂၀၂၁ခုနှစ်မေလက ဝေါလေဒေသမှာ စစ်တပ်သတင်းပေးဆိုတဲ့ စွပ်စွဲချက်နဲ့ လူ ၂၅ဦးကိုသတ်ဖြတ်ခဲ့တာကြောင့် စစ်ဘက်စည်းကမ်းတွေကို ချိုးဖောက်ခဲ့တယ်လို့ ဆိုကာ KNUဗဟိုက သူ့ကိုတာဝန်က ရပ်စဲခဲ့တာပါ။ 

စောနယ်ဒါးမြကိုယ်တိုင်ကတော့ အဲ့ဒီလိုတာဝန်ရပ်စဲခံရမှုကိုအသိအမှတ်မပြုဘဲ KNU ကနေနှုတ်ထွက်တယ်လို့ ကြေညာခဲ့ပါတယ်။

လက်ရှိ ကော်သူးလေတပ်မှာ ဗိုလ်ချုပ်နယ်ဒါးမြဦးဆောင်မှုနဲ့အတူ KNUရာရှိဟောင်းတွေ၊ DKBA အဖွဲ့ဝင်တချို့ ပါဝင်နေသလို နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်အင်အားစု တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်မှုတွေရှိတယ်လို့ KNUလက်အောက်မှာ လှုပ်ရှားနေတဲ့ PDF ခေါင်းဆောင်တဦးက ပြောပါတယ်။

ဒ့ါအပြင်ရှေ့တန်းစစ်မျက်နှာတချို့မှာတော့ KNUလက်အောက်က တပ်ဖွဲ့တချို့နဲ့လည်း အတူတကွ စစ်ရေးဖော်ဆောင် နေတာ ရှိတယ်လို့ သူကဆိုပါတယ်။

လက်ရှိနွေဦးတော်လှန်ရေးမှာ အရေးပါတဲ့ ဒေသ၊အင်အားစုတခုအနေနဲ့ ရှိနေတဲ့ ကရင်ပြည်နယ်အခြေစိုက် တော်လှန်ရေးအင်အားစုတွေကြား အခုလို အားပြိုင်နေတဲ့အခြေအနေဟာ တော်လှန်ရေးအတွက် ကောင်းမွန်တဲ့ လက္ခဏာမဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသူတွေနဲ့ ကရင်ပြည်နယ်ဒေသခံတွေကသုံးသပ်ပါတယ်။

ဒီမတိုင်ခင်ကလည်း ကရင်အမျိုးသားအစည်းအရုံး KNU တာဝန်ရှိသူတွေကြား တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်(NCA)ကို ဆက်လက် ဆွဲကိုင်ခြင်းပြု မပြုနဲ့ ပတ်သက်လို့ သဘောထားကွဲတာတွေရှိခဲ့ပါသေးတယ်။

“ပြည်နယ်တခုမှာ အစိုးရနှစ်ရပ်ဖြစ်နေတယ်၊ ယှဉ်ပြိုင်အစိုးရဖြစ်လာမှာလည်း စိုးရိမ်တာရှိတယ်၊ အချင်းချင်း ထိတွေ့ ပွတ်တိုက်မှုတွေ ရှိလာမယ်၊ တော်လှန်ရေးကို ထိခိုက်လာမှာတော့ အမှန်ပဲ” လို့ ကရင်တိုင်းရင်းသား အမျိုးသားတဦးက သူ့အမြင်ကို ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဒီလိုအကွဲအပြဲတွေဖြစ်နေချိန်မှာ ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ပြီး ကြားဖြတ်အစိုးရတရပ် ပေါ်ပေါက်လာရေး ကြိုးပမ်းသင့်တယ်လို့ မှတ်ချက်ပြုပါတယ်။

“ဒီလိုအကွဲအပြဲတွေနဲ့ နားလည်မှုမတည်ဆောက်နိုင်တာတွေ၊ သီးခြားလုပ်ဆောင်နေတာနဲ့ပတ်သက်ပြီး ကျော်လွှားဖို့ ကရင်တပြည်နယ်လုံးလွှမ်းခြုံနိုင်တဲ့ ကြားဖြတ်အစိုးရဖွဲ့စည်းရေးအတွက် ညီလာခံ တရပ်ကျင်းပပေးပြီး အချင်းချင်း ညှိနှိုင်း အားလုံးညီညီညွှတ်ညွှတ်နဲ့ ကြားဖြတ်အစိုးရပေါ်ပေါက်လာဖို့ကို မြင်လိုပါတယ်” လို့ သူကဆိုပါတယ်။