တန့်ဆည်မြို့က စစ်ကောင်စီအထိုင် စခန်းလေးခုကို PDF တွေ တပြိုင်တည်းတိုက်ခိုက်

နိုဝင်ဘာ၊ ၂၂

နိုဝင်ဘာ၊ ၂၂
 
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြိုပေါ်ရှိ စစ်ကောင်စီတပ်ရဲ့ အထိုင်စခန်းလေးခုဖြစ်တဲ့ ဆေးရုံကြီး၊ အထက(၁) ကျောင်း၊ ထွေအုပ်ရုံးနဲ့ ဝန်ထမ်းအိမ်ယာကို ဒီကနေ့ မနက်ပိုင်းမှာ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။
 
“ ရဲစခန်းပတ်ဝန်းကျင် အဲ့နေရာလေးခုမှာပဲ ကျန်တော့တာပေါ့။ ဒီနေ့အပြီးသတ် ဝင်စီးပြီးတော့ အဲထဲက တပ်စွဲတဲ့ကောင်တွေကတော့ မြို့မရဲစခန်းထဲ ဝင်ပြေးပြီး ခံစစ်ပြင် လက်နက်ကြီးတွေနဲ့ ပစ်တာမျိုးတွေရှိတယ် ” လို့ တန့်ဆည်မြို့၊ ပြည်သူ့ကာကွယ်ရေး (PDF)အဖွဲ့ဝင်တဦးက ပြောပါတယ်။
 
အဲဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင်ကွပ်ကဲရေးက ဦးဆောင်ပြီး ခရိုင်တပ်ရင်း ခုနှစ်ခုနဲ့အတူ တန့်ဆည်မြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး စစ်ဆင်ရေးတရပ်အနေနဲ့ ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။
 
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အထိအခိုက် အကျအဆုံး သေချာပေါက်ရှိခဲ့သော်လည်း အရေအတွက်ကိုတော့ မသိနိုင်သေးသလို တော်လှန်ရေး ပူးပေါင်းအဖွဲ့ဘက်က ရွှေဘို ခရိုင်ရင်း (၉) မှ ရဲဘော်တဦး သွေးထွက်လွန်ပြီး ကျဆုံးခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။
 
“ သူတို့က စဝင်စီးကတည်းက ဒဏ်ရာရသူကော၊ အလောင်းတွေကော အကုန်ကောက်ပြီးတော့ ပြေးကြတာပေါ့။ ဘာကိုမှာတော့ အတိအကျ သက်သေမကျန်ဘူးပေါ့ဗျ။ သူတို့ တပ်စွဲတဲ့ အနေအထား လောက်ကျန်တယ် ” လို့ သူကပြောပါတယ်။
 
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က စစ်ဆေးရုံသဖွယ် အသုံးပြုနေတဲ့ ဆေးရုံကြီးအတွင်းက ဆေးဝါးတချို့နဲ့ လက်ပ်တော့ တလုံးကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သူကဆိုပါတယ်။
 
စစ်တပ်အာဏသိမ်းပြီးနောက် တန်ဆည့်မြို့မှာ စစ်ကောင်စီတပ်က နေရာဆယ်ခုလောက်ခွဲပြီး အထိုင်ချ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် လက်ရှိမှာတော့ မြို့မရဲစခန်းအတွင်းမှာသာ နေထိုင်တော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
“ ရဲစခန်းထဲမှာ အဲလို ဘန်ကာတွေဘာတွေနဲ့ အင်အား အများအပြားနဲ့ ခံစစ်ပုံစံ တပ်စွဲထားတယ်။ ဘယ်မှာလည်း သူတို့မထွက်တော့ဘူး။ ဒီနေ့ဖြစ်တဲ့ နေရာတွေကလည်း စခန်းနဲ့ နီးနီးလေး။ သူတို့ထွက်တိုက်ပေးတာ မရှိဘူး။ အတွင်းထဲကနေပဲ လက်နက်ကြီးတွေနဲ့ ပစ်နေတာပဲရှိတယ် ” လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတဦးက ဆိုပါတယ်။
 
အခုလို မြို့တွင်းတိုက်ပွဲတွေ မဖြစ်ခင် တော်လှန်ရေးအဖွဲ့တွေက ညပိုင်းအပြင်မထွက်ရန် အပါအဝင် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တွေနဲ့ နီးကပ်တဲ့နေရာတွေမှာ ပြည်သူတွေ ထွက်ခွာပေးကြရန် အသိပေးပြောဆိုတာတွေ ရှိတယ်လို့ သူကဆက်ပြောပါတယ်။
 
ဒါ့အပြင် မနေ့ နိုဝင်ဘာလ ၂၁ ရက်ကလည်း ဝက်လက်မြို့အတွင်းက စစ်ကောင်စီအထိုင်စခန်း လေးခုကို တော်လှန်ရေးအဖွဲ့တွေက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြပါသေးတယ်။
 
ဓာတ်ပုံ – Social Media