မြောက်ကိုရီးယားကို အင်အားပြ တုံ့ပြန်ဖို့ တောင်ကိုရီးယားမှာ အမေရိကန် လေယာဉ်တင်သင်္ဘော ဆိုက်ကပ်

နိုဝင်ဘာ၊ ၂၂

မြောက်ကိုရီးယား ခြိမ်းခြောက်မှုတွေကို တုံ့ပြန် အင်အားပြတဲ့ အနေနဲ့ အမေရိကန်ဟာ လေယာဉ်တင် သင်္ဘောကြီး တစီးကို တောင်ကိုရီးယားမှာ ကမ်းကပ် ရပ်နားထားစေခဲ့ပါတယ်။

USS Carl Vinson လေယာဉ်တင် သင်္ဘောကြီး ဦးဆောင်တဲ့ မဟာဗျူဟာ တိုက်ရေယာဉ် အုပ်စုဟာ နိုဝင်ဘာ ၂၁ ရက်မှာ ဘူဆန်မြို့ ဆိပ်ကမ်းကို ဆိုက်ကပ်ခဲ့တာ ဖြစ်ပါတယ်။ မဟာမိတ် အမေရိကန်ရဲ့ လေယာဉ်တင်သင်္ဘော ရောက်ရှိလာတာဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်နဲ့ ဒုံးကျည် နည်းပညာ စမ်းသပ်မှုတွေကို တန်ပြန်ဖို့ ဖြစ်တယ်လို့ တောင်ကိုရီးယား ရေတပ်က ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့လည်း USS Carl Vinson တောင်ကိုရီးယားကို ရောက်ရှိလာတဲ့နေ့ ညပိုင်းမှာပဲ မြောက်ကိုရီးယားဟာ သူလျှို ဂြိုဟ်တု တစင်းကို အာကာသထဲ လွှတ်တင်နိုင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ ပြည်တွင်းဖြစ် သူလျှို ဂြိုဟ်တု လွှတ်တင်ဖို့ အစဉ်တစိုက် ကြိုးစားနေခဲ့ပြီး ၃ ကြိမ်မြောက် အားထုတ်မှုမှာ အောင်မြင်သွားခဲ့တယ်လို့ အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြသွားပါတယ်။

အမေရိကန်က မြောက်ကိုရီးယားရဲ့ ဂြိုဟ်တု လွှတ်တင်မှုဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သတ်မှတ်ချက်တွေကို အတိအလင်း ချိုးဖောက်လိုက်တာ ဖြစ်တယ်လို့ စွပ်စွဲပါတယ်။ ဂြိုဟ်တု လွှတ်တင်မှုကို အကြောင်းပြပြီး ဒုံးကျည် နည်းပညာ စမ်းသပ်မှုတွေ လုပ်ဆောင်နိုင်ခြေ ရှိတာကြောင့် မြောက်ကိုရီးယားကို ဂြိုဟ်တု လွှတ်တင်ခွင့် မပေးဖို့ လုံခြုံရေး ကောင်စီက ဆုံးဖြတ်ထားခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယား ရေတပ်ရဲ့ နောက်တန်း သေနာပတိ ကင်ဂျီဟွန်းကတော့ Carl Vinson ရောက်ရှိလာမှုကို ကြိုဆိုခဲ့ပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည် ခြိမ်းခြောက်မှုတွေကို မဟာမိတ် နှစ်နိုင်ငံ ပူးပေါင်း တွန်းလှန်ဖို့ အမြဲတမ်း အသင့်အနေအထား ရှိနေတာကို ထင်ဟပ်ပြနိုင်ခဲ့ကြောင်း ပြောပါတယ်။

နျူကလီးယား စွမ်းအင်ကို အသုံးပြု ခုတ်မောင်းတဲ့ USS Carl Vinsonဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး စာရင်း​ဝင် Nimitzအဆင့်အတန်း လေယာဉ်တင် သင်္ဘောကြီး တစီးဖြစ်ပြီး လေယာဉ်နဲ့ ရဟတ်ယာဉ် စုစုပေါင်း အစီး ၉၀ လောက်ကို တင်ဆောင်နိုင်ကြောင်း သိရပါတယ်။  

 

Ref: Reuters