ရခိုင်မှာ ပို့ဆက်ဌာနပိုင် ဇက်နှစ်စီးကို AAက သိမ်းပိုက်ယူသွား၊ စစ်ရေယာဉ်တချို့လည်း တိုက်ခိုက်ခံရ

နိုဝင်ဘာ၊ ၂၂
 
ရခိုင်ပြည်နယ်မြို့နယ်တချို့မှာ မနေ့က စစ်ကောင်စီနဲ့ တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ရခိုင့်တပ်တော် AA ဟာ စစ်ကောင်စီ လက်အောက်ခံ ရေကြောင်းဦးစီးဌာနပိုင် ဇက်နှစ်စီးကို သိမ်းပိုက်မောင်းယူသွားတယ်လို့ ဒေသခံတွေက ပြောကြသလို စစ်ကောင်စီကလည်း ဝန်ခံထားပါတယ်။
 
AAက သိမ်းပိုက်၊ ယူဆောင်သွားတဲ့ ရေယာဥ်နှစ်စီးဟာ ကျောက်တော်-ပလက်၀ ပြေးဆွဲတဲ့ ရေကြောင်းဦးစီးဌာနပိုင် ရေနယား (၁) ရေယာဉ်နဲ့ ရေဘဝဲ (၄) ရေယာဥ်တို့ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့ညနေပိုင်းမှာ ၀န်ခံ‌ပြောဆိုထားပါတယ်။
 
“ ဒီအတိုင်း မောင်းယူသွားကြတာ၊ စစ်တပ်က သိသွားတော့ လေယာဉ်နဲ့ကော လက်နက်ကြီးနဲ့ကော မြစ်ကြောင်းတလျောက်က ရွာတွေကို လိုက်ပစ်တယ်၊ ဒါပေမယ့် ပြန်မရပါဘူး ” လို့ ကျောက်တော်ဒေသခံတဦးက ပြောပါတယ်။
 
အဲဒီရေယာဉ်တွေဟာ ပလက်၀နဲ့ ကျောက်တော်ကို တပတ်တကြိမ် ပုံမှန်ပြေးဆွဲတဲ့ ရေယာဉ်တွေဖြစ်ပေမယ့် စစ်ကောင်စီတပ်က လမ်းပိတ်ကာ မပြေးဆွဲဘဲ ရပ်နား၊ ကမ်းကပ်ထားတာ တလ၀န်းကျင်ရှိပြီလို့ သိရပါတယ်။
 
အဲဒီလို ရေယာဉ် တိုက်ခိုက်၊ ယူ‌ဆောင်ခံရပြီးတဲ့နောက် စစ်ကောင်စီရဲ့ စစ်ရေယာဉ်တချို့ဟာ ကုလားတန် မြစ်ထဲကနေ ပုဏ္ဏားကျွန်းမြို့နယ် မင်းဇီချောင်း၊ ရင်းချောင်းတွေဘက်ဆီ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
 
“ လေယာဉ်က ပစ်တာ လယ်ကွင်းထဲ စပါးရိတ်နေတဲ့သူတွေ ၀ပ်နေကြရတယ်၊ တိုက်ပွဲလည်း မရှိဘဲ အလိုလို‌နေရင်း လာပစ်တာ ” လို့ ပုဏ္ဏားကျွန်းဒေသခံတဦးက ပြောပါတယ်။
 
ဒါ့အပြင် မနေ့က နို၀င်ဘာ ၂၁ ရက်မှာပဲ ပေါက်တောနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့အတွင်း သွားလာ၊ ပစ်ခတ်နေတဲ့ စစ်ရေယာဉ်တချို့ကို AA က တိုက်ခိုက်ခဲ့တာကြောင့် စစ်ရေယာဉ်တွေ ထိခိုက်မှုရှိတယ်လို့ နီးစပ်သူတွေက ပြောကြပါတယ်။
 
“ နေဗီနှစ်စီး တော်တော်ထိသွားတယ်၊ လုံး၀ မပျက်သွားပေမယ့် တော်တော်ထိသွားပါတယ် ” လို့ AA နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
 
မနေ့က မနက်ပိုင်းကစလို့ ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ပေါက်တောမြို့နယ်တို့အတွင်း တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်း၊ ရေ‌ကြောင်း ပစ်ကူ၊ လက်နက်ကြီးအ မြှောက်တွေနဲ့ ပစ်ခတ်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
နို၀င်ဘာ ၁၃ ရက်နေ့က စခဲ့တဲ့ ရခိုင်တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က တပ်စခန်းအချို့ လက်လွှတ်ထားရသလို စစ်ကောင်စီလက်အောက်ခံ တရာ၀န်းကျင်ဟာလည်း AA ထံ လက်နက်ချထားကြပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စီးနင်းထိန်းချုပ်ခဲ့တဲ့ ပေါက်တောမြို့ကို မနေ့က နေ့လယ်ပိုင်းကစလို့ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး မြို့ပေါ်မှာ ဖမ်းဆီးခံထားရတဲ့ ဓားစားခံ တရာနီးပါးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ AA က မနေ့က ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – Social Media (ပုံဟောင်း)
ပုံစာ – AA သိမ်းယူသွားတဲ့ ဇက်နှစစ်စီးထဲပါဝင်တဲ့ ရွှေနယား(၁)။