ဂုတ်တွင်းလမ်းပိုင်းမှာ ပိတ်မိနေတဲ့ ကားတွေကို စတင်ဖြတ်သန်းခွင့်ပြုနေ

နိုဝင်ဘာ ၂၁

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နဲ့ ကျောက်မဲမြို့နယ်ကြားက ဂုတ်တွင်း လမ်းပိုင်းမှာ ပိတ်မိနေတဲ့ ခရီး သည်တင် ကားတွေနဲ့ကုန်တင်ကားကြီးတွေကို မနေ့ကစလို့ ပြန်လည်ဖြတ်သန်းခွင့်ပေးနေတယ်လို့ ကျောက်မဲမြို့ ဒေသခံ တဦးက ပြောပါတယ်။

“အဲဒီမှာပိတ်မိနေတဲ့ ကားတွေကို သွားခွင့်ပြုတဲ့သဘောပါ၊အတက်ကားတွေကတော့ လုံးဝလာလို့မရသေးဘူး၊ နောင်ချိုမှာတင် တားထားတယ်၊အဆင်းကားတွေကတော့ သွားရတယ်” လို့ သူကဆိုပါတယ်။

စစ်ကောင်စီကလည်း ပြင်ဦးလွင်-လားရှိုး ပြည်ထောင်စုကားလမ်းမကြီးပေါ်က လမ်းပိုင်း ဖြတ်တောက်ခံထားရတဲ့ နေရာခုနှစ်ခုကို ပြန်လည်ပြင်ဆင်ပြီးတာကြောင့် ကျောက်မဲမြို့အထိဖြတ်သန်းသွားလာနိုင်ပြီလို့ ဒီကနေ့ထုတ် သတင်းစာတွေမှာဖော်ပြထားပါတယ်။

အဲဒီလမ်းပိုင်းပေါ်မှာက နောင်ချိုမြို့အနီး၊ ရွှေညောင်ပင်အနီး၊ လယ်ကျင်းကွေ့ရွာ၊ အုမ္မခါးရွာ၊ ဂုတ်တွင်း(ရှုခင်းသာ)၊ နောင်ပစ်လမ်းခွဲ၊ နောင်ပိန်ရွာအနီးစတဲ့နေရာခုနစ်မှာ လမ်းပိုင်းဖြတ်တောက်ခံထားရတာ  သစ်ပင်တွေ ခုတ်လှဲ ပိတ်ဆို့ထားတာတွေကို  ပြန်လည်ရှင်းလင်းပြုပြင်ခဲ့ရတယ်လို့ စစ်ကောင်စီကဆိုပါတယ်။

ရှမ်းမြောက်ဒေသမှာ အောက်တိုဘာ ၂၇ရက်ကစတဲ့ “၁၀၂၇ စစ်ဆင်ရေး”ကာလအတွင်း ကိုးကန့်ဒေသအပါအဝင် တရုတ်မြန်မာ-နယ်စပ်မြို့တွေမှာ စစ်ကောင်စီနဲ့မဟာတပ်တွေတိုက်ပွဲပြင်းထန်ခဲ့သလို မန္တလေး-လားရှိုးလမ်း ပေါ် မှာရှိတဲ့ သီပေါ၊ကျောက်မဲ၊နောင်ချိုမြို့နယ်တွေအထိ တိုက်ပွဲတွေဖြစ်နေတာကြောင့်လမ်းပိုင်းပိတ်ဆို့မှုတွေဖြစ်ခဲ့ တာပါ။

တအာင်းလွတ်မြောက်ရေးတပ် TNLA နဲ့ မဟာမိတ်တပ်တွေနဲ့စစ်ကောင်စီတပ်တွေ ဟာ နောင်ချိုမြို့နယ်ထဲက အုမ္မတီး၊အုမ္မခါး၊ဂုတ်ထိပ်တံတား အနီးနေရာတွေမှာအထိ တိုက်ပွဲတွေဖြစ်ခဲ့ကြတာပါ။

လက်ရှိဂုတ်တွင်းလမ်းပိုင်းမှာပြန်လည်သွားလာလို့ရနေပြီဆိုပေမယ့် လမ်းပိုင်းပျက်စီးမှုတွေများခဲ့တာကြောင့် သွား လာဖို့မလွယ်ကူသေးသလို လမ်းတလျှောက် တင်းတင်းကျပ်ကျပ်စစ်ဆေးမှုတွေရှိနေတာ၊ လုံခြုံရေးစိတ်မချရ သေးတာ စတဲ့အခြေအနေတွေတော့ ရှိနေသေးတယ်လို့ အဲဒီလမ်းပိုင်းကို ဒီကနေ့ဖြတ်သန်းသွား လာခဲ့သူတဦး ကဆိုပါတယ်။

“ဒီမနက် ရှုခင်းသာမှာ ကားတချို့ပိတ်မိနေသေးတယ်၊ကျိုးထားတဲ့ တံတားကလည်း သိပ်မခိုင်သေးတာရယ် လမ်း ကလည်း မိုးရွာတော့ လမ်းချော်ပြီး ကားတွေ တစီးချင်း ဖြည်းဖြည်းချင်းသွားနေရတဲ့သဘောပေါ့” လို့သူက ဆိုပါ တယ်။

လက်ရှိ ကားလမ်းပိုင်းအခြေအနေအရ တစီးတည်းသွားလာတာထက် စုပေါင်းသွားလာတာကပိုသင့်တော်ပြီး လုံခြုံ ရေး စိတ်မချရသေးတာကြောင့် အရေးပေါ်အခြေအနေ မဟုတ်ရင် သွားလာဖို့ မသင့်သေးဘူး လို့လည်း သူကအကြံပြုပါတယ်။

ဒါ့အပြင် ကျောက်မဲနဲ့ သီပေါမြို့ကြားက ကျင်တီတံတားကို တော်လှန်ရေး အင်အားစုတွေက စစ်ကောင်စီတပ်ရဲ့ စစ်ကူ လမ်းကြောင်းကို တားဆီးဖို့အတွက် ဖြတ်တောက်ထားပြီး လက်ရှိမှာ စစ်အုပ်စုက အဲဒီတံတားကို ပြန်လည် ပြင်ဆင်ဖို့ ကြိုးပမ်းနေတယ်လို့ သီပေါမြို့ခံတဦးကပြောပါတယ်။

မနေ့ညပိုင်းက တံတားပြင်ဖို့ ရောက်နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးအဖွဲ့တွေကြား တညလုံးနီးပါး တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီးဒီကနေ့ မနက်ပိုင်းအထိတော့ ကျင်တီတံတားကို ဖြတ်သန်းသွားလာ သူမရှိ သေးဘူးလို့သူကဆိုပါတယ်။

“ကျောက်မဲဘက်က ဈေးသယ်တွေလည်း မလာကြဘူး၊ဂုတ်တွင်းက လာတဲ့ကားသမားတွေလည်း ကျင်တီတံ တားမှာ ထပ်ပိတ်မိမှာပဲ” လို့ သီပေါဒေသခံကဆိုပါတယ်။

ကျင်တီတံတားရှိ တပ်စခန်းကို တအာင်းတပ်(TNLA) က ဒီလ ၁၂ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တံတား ကို လည်းဖြတ်တောက်ခဲ့တာပါ။

ဒါကြောင့် အဲဒီလမ်းပိုင်းကို သွားလာနေတဲ့ ကုန်တင်ကားတွေဟာ တံတားထိပ်မှာ ကုန်တွေကို ကူးပြောင်း သယ် ယူတာ၊ကားအသေးတွေကို ကရိန်းတွေနဲ့ သယ်ယူပို့ဆောင်ပေးတာတွေ လုပ်နေကြတယ်လို့သိရပါတယ်။

“ ဒေသခံတွေကတော့ အဲဒီဘက်လုံး၀ မသွားကြတော့ပါဘူး၊ အခုသွားလာနေတဲ့သူတွေက ပိတ်မိနေတဲ့ သူတွေ သွားနေကြတဲ့ သဘောပါ” လို့ သီပေါဒေသခံကပြောပါတယ်။