ကျွန်းလှမှာ အမျိုးသမီးတဦးအပါအဝင် သုံးဦးအသတ်ခံရ၊ ၂၅ ဦးထက် မနည်း ဖမ်းဆီးခံထားရ

 

နိုဝင်ဘာ၊ ၂၁

 စစ်ကိုင်းတိုင်း၊ကျွန်းလှမြို့နယ်မှာ စစ်ကောင်စီတပ်လက်အောက်ခံပျူစောထီးတွေက သပြေပန်းပန်းတဲ့ အမျိုးသမီးတဦးအပါအဝင် အရပ်သား သုံးဦးကို သတ်ဖြတ်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေ၊တက်ကြွလှုပ်ရှားသူအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေထံက သိရပါတယ်။

“ သပြေပန်းပန်ထားတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အသတ်ခံလိုက်ရတာ ။ အဲ့နေ့က တစ်လေးလုံးနေ့ဆိုတော့သူတို့ အဲ့ဒါကြောင့်သတ်သွားတာ “လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံအမျိုးသား တဦးကဆိုပါတယ်။

ကျွန်းလှမြို့နယ်၊ သစ်ရာပင်စျေးမှာ သစ်သီးရောင်းတဲ့ အငြိမ်းစားရဲဒုတပ်ကြပ်တဦးရဲ့ ဇနီးဖြစ်သူ အသက် ၄၁နှစ် အရွယ်ရှိတဲ့ ဒေါ်စန်းစန်းမြင့်ကိုမျက်နှာဖုံးစွပ်ထားသူ သုံးဦးက   ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်က  သတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရှမ်းမြောက်မှာ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ စစ်ဆင်ရေး ၁၀၂၇ ကို ကြိုဆိုတဲ့အနေနဲ့ နိုဝင်ဘာလ ၁၁ ရက်မှာ တစ်လေးလုံးလှုပ်ရှားမှုကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုုပ်ကြဖို့ တက်ကြွလှုပ်ရှားသူတွေတိုက်တွန်းခဲ့ကြတာ ဖြစ်ပါတယ်။

“’သ စ်သီးရောင်းတဲ့မစန်းကို ရင်ဘတ်ဖိနင်းပြီး သေ နတ်နဲ့နှစ်ချက်ပစ်သွားတယ်။ကြောက်လို့ အကုန်ငုံ့နေရတာ၊မျက် လုံးတဖက်လဲကျွတ်ထွက်ပြီး နေရာတင်ပွဲချင်းပြီးသေသွားတယ်’’ လို့ မျက်မြင်စျေးသည်တဦးကို ကိုးကားပြီး ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ရေးသားထားပါတယ်။

အလားတူပဲ နိုဝင်ဘာ ၁၅ရက်တုန်းက လည်း ကျွန်းလှမြို့ အ‌ရှေ့ဖက် ကိုစစ်ကောင်စီတပ် စစ်ကြောင်းထိုးလာချိန်ကြာတကန်ကျေးရွာက  ဦးစက်ဟန် ဥယျာဉ်ခြံမှာအလုပ်လုုပ်ကိုင်တဲံသားအဖနှစ်ဦးကို ပျူစောထီးတွေက  မီးရှို့သတ်ဖြတ်ခဲ့သေးတယ်လို့အဲဒီအဖွဲ့  ဆိုပါတယ်။

 “ သားအဖနှစ်ဦးလုံးသတ်ခံရတာ ဘယ်တပ်ကမှ မဟုတ်ဘူး။ဒီတိုင်းစစ်ကြောင်းထိုးလာချိန် သတ်ခံလိုက်ရတာ  “ လို့ ဒေသခံအမျိုးသားက ဆိုပါတယ်။

သေဆုံးခဲ့သူတွေဟာ အနောက်ပေကုန်းမှာ နေထိုင်တဲ့ အသက် ငါးဆယ် အရွယ် ဦးထွန်းမြင့်နဲ့ သားဖြစ်သူအသက် နှစ်ဆယ်ကျော် ကျော်အရွယ် ကိုဟန်နိုင်လင်းတို့ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်  အရပ်သား ပြည်သူ ၄,၁၉၂ ဦးထိသေဆုံးခဲ့တယ် လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က မနေ့က နိုဝင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေဟာ ကျွန်းလှမြို့ပေါ်ကသာမက ကျေးရွာတွေက ဒေသခံ ၂၅ ဦးထက်မနည်းကိုလည်း ဖမ်းဆီးထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ဒေသခံတွေက ဆက်လက် ပြောကြားပါတယ်။

 အင်အား နှစ်ဆယ် ကျော်ပါတဲ့စစ်ကောင်စီတပ်ဟာ ကျွန်းလှမြို့ပေါ် ပိတောက်မြိုင်ရပ်ကွက်မှာနေတဲ့ အသက် ခြောက်နှစ်အရွယ် ကလေးငယ်တဦးအပါအဝင် မိသားစုဝင်ကိုးဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ဝရက် ညပိုင်းမှာ လာရောက်ဖမ်းဆီးသွားခဲ့တာပါ။

 “ ဘာလို့ဖမ်းလဲတော့မသိဘူး အဲ့နေ့က သူတို့ဆိုင်ကိုလာဖမ်းတာ ကလေးရောပါတယ်။ ၊ဒီနေ့ထိလည်းပြန်မလွှတ်ပေးသေးဘူး”လို့ ကန့်ဘလူပြည်သူ့ကာကွယ်ရေးတပ်က ဗိုလ်တိုက်ဂါးက ဆိုပါတယ်။

  အလားတူပဲ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်ကလည်းချပ်သင်းမြို့ကထွက်ခွာသွားတဲ့ စစ်ကြောင်းဟာလည်း ပုဏ္ဏငယ်ရွာက ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် ဒေသခံ ၁၄ ဦးကို ထပ်မံဖမ်းဆီးသွားပြီး လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

နိုင်ဘာလ ၁၆ ရက်ညကလည်း  ရဲစခန်းတောင်ဘက်ရှိ ကျွန်းလှမြို့ပေါ်က စတိုးဆိုင်ပိုင်ရှင်လင်မယားနှစ်ဦးကိုလည်း ဂျပန်မှာနေထိုင်တဲ့ သမီးဖြစ်သူက ပြည်သူ့ကာကွယ်ရေးတပ်တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပျူစောထီးတွေက ဖမ်းဆီးသွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

  ကျွန်းလှမြို့ ဟာ ပျူစောထီး အားကောင်းတဲ့နေရာဖြစ်ပြီး မြို့အဝင်အထွက် တွေကို စစ်ကောင်စီတပ်က ပိတ်ပင်ထားတာဖြစ်သလို  မြို့တွေပေါ်မှာလည်း ပျူစောထီးအဖွဲ့ဝင်ဖို့ စည်းရုံးတာ၊ အတင်းအကျပ်ဝင်စေတာတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။