ကြိုမကြေညာဘဲ ယူကရိန်းကို ရုတ်တရက် သွားရောက်ခဲ့တဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး

နိုဝင်ဘာ၊ ၂၁

အ​မေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင်ဟာ ကြိုတင် ကြေညာမထားဘဲ ယူကရိန်းနိုင်ငံ၊ ကိယက်ဗ် မြို့တော်ဆီ သွားရောက်ခဲ့ပြီး သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံခဲ့ပါတယ်။

မနှစ်က ဧပြီလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကိယက်ဗ်ကို ပြန်လည်ရောက်ရှိလာချိန်မှာ အော်စတင်က ယူကရိန်းအတွက် အမေရိကန်က ဒေါ်လာ သန်း ၁၀၀ ဖိုး ထောက်ပံ့မှု အသစ်တွေ ပေးအပ်မယ့် အစီအစဉ်ကိုလည်း ကြေညာခဲ့ပါတယ်။

သူဟာ ဇီလန်စကီးအပြင် ယူကရိန်း ကာကွယ်ရေး ဝန်ကြီးအသစ် ရူစ်တမ် အူမာရော့ဗ်၊ ကာကွယ်ရေး စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗယ်လာရီ ဇာလုဇ်ညီတို့နဲ့လည်း နိုဝင်ဘာ ၂၀ မှာ တွေ့ဆုံခဲ့ပါတယ်။

အမေရိကန်ဟာ မဟာမိတ် အစ္စရေးရဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲအတွက် စစ်လက်နက်တွေ ကူညီ ထောက်ပံ့နေရတဲ့တိုင် ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံနေတဲ့ ယူကရိန်းကိုလည်း ရေရှည် ဆက်လက် ပံ့ပိုးဖို့ စီစဉ်ထားတယ်လို့ အော်စတင်က ကတိပြုခဲ့ပါတယ်။

အော်စတင်က သူယူဆောင်လာပေးတဲ့ သတင်းစကားကတော့ အမေရိကန်ဟာ ယူကရိန်းနဲ့အတူ အချိန်တွေ အကြာကြီး ဆက်လက် ရပ်တည်နေမယ် ဆိုတာဖြစ်ကြောင်း ဇီလန်စကီးကို ပြောကြားခဲ့ပါတယ်။

ယူကရိန်း တပ်တွေက ကျူးကျော်သူ ရုရှားတွေကို ရွပ်ရွပ်ချွံချွံ ခုခံ တွန်းလှန်နေတာဟာ တကမ္ဘာလုံး စံနမူနာယူ လေးစားစရာ ဖြစ်နေတယ်လို့လည်း အော်စတင်က ဆိုပါတယ်။

ဇီလန်စကီးကလည်း အော်စတင်ရဲ့ ခရီးစဉ်ဟာ ယူကရိန်းအတွက် အဓိပ္ပါယ် အများကြီး ရှိစေခဲ့သလို အမေရိကန်ရဲ့ ရေရှည် ပံ့ပိုး ကူညီပေးနေမှုတွေကိုလည်း အထူးကျေးဇူးတင်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

မနှစ်က ဖေဖော်ဝါရီလမှာ ယူကရိန်းကို ရုရှားတပ်တွေ စတင် ကျူးကျော်ချိန်ကစလို့ အမေရိကန်ဟာ ဒေါ်လာ ၄၄ ဘီလီယံ ထောက်ပံ့ပေးပြီး ဖြစ်သလို တခြား မဟာမိတ်တွေကလည်း စုစုပေါင်း ဒေါ်လာ ၃၅ ဘီလီယံလောက် ပံ့ပိုးခဲ့ပါတယ်။ အမေရိကန်နဲ့ အနောက် မဟာမိတ်တွေဟာ ယူကရိန်းအတွက် ခေတ်မီ တင့်ကားတွေ၊ ဒုံးကျည်တွေ၊ လေကြောင်းကာကွယ်ရေး စနစ်တွေ၊ သံချပ်ကာယာဉ်တွေကို ယူကရိန်းအတွက် ပံ့ပိုးခဲ့တဲ့အပြင် F-16 တိုက်လေယာဉ်တွေ ပေးပို့ဖို့လည်း ကတိပြုထားပြီး ဖြစ်ပါတယ်။

 

Ref: AP