UNA အဖွဲ့ဝင် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ ဖျက်သိမ်းခံရ

နိုဝင်ဘာ၊ ၂၁
 
အာဏာသိမ်းစစ်ကောင်စီက အသစ်ပြဌာန်းထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပါ သတ်မှတ်ချက် တချို့နဲ့ မညီညွတ်တာကြောင့် မှတ်ပုံတင်ခွင့်ရပြီးမှ ဖျက်သိမ်းခံလိုက်ရတဲ့ ပါတီတွေ ရှိလာတယ်လို့ စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကြေညာချက်နဲ့ ပါတီတချို့ထံက သိရပါတယ်။
 
အခုနှစ် မေလ ၃၀ ရက်က မှတ်ပုံတင်ခွင့်ပြုထားတဲ့ ရှမ်းပြည်အခြေစိုက်၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ (SSKDP) ကို သတ်မှတ်ချိန်အတွင်း သတ်ချက်ချက်နဲ့ ကိုက်ညီတဲ့ ပါတီဝင်အင်အား စုစည်းမတင်ပြနိုင်လို့ဆိုကာ ပါတီကို ဖျက်သိမ်းကြောင်း UEC က နိုဝင်ဘာ ၂၀ ရက် မနေ့က ကြေညာခဲ့ပါတယ်။
 
စစ်ကောင်စီမှာ ပါတီပြန်လည်မှတ်ပုံမတင်တဲ့ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အပါအဝင် ပါတီပေါင်း ၁၃ ပါတီနဲ့၂၀၀၂ ခုနှစ်က ဖွဲ့စည်းထားတဲ့ စည်းလုံးညွတ်ညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) အဖွဲ့ဝင်ဖြစ်တဲ့ SSKDP ပါတီဟာ မြိုတိုင်းရင်းသားပါတီပြီးနောက် ဒုတိယမြောက်ဖျက်သိမ်းခံရတဲ့ ပါတီဖြစ်လာပါတယ်။
 
စစ်ကောင်စီက ဒီနှစ်ဇန်နဝါရီ ၂၆ ရက်မှာ ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ တနိုင်ငံလုံးဝင်ပြိုင်မယ့်ပါတီဟာအနည်းဆုံး ပါတီဝင်တသိန်းနဲ့ တိုင်း ဒါမှမဟုတ် ပြည်နယ်တခုတည်းမှာသာ စည်းရုံးမယ့် ပါတီဖြစ်ပါက မှတ်ပုံတင်ခွင့်ပြုတဲ့ နေ့ကစပြီး ရက်ပေါင်း ကိုးဆယ်အတွင်း အနည်းဆုံး ပါတီဝင် တထောင်ရှိရမယ်လို့ ပါရှိပါတယ်။
 
ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီဟာ ရက်ပေါင်းကိုးဆယ်အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး တထောင် စည်းရုံးတင်ပြနိုင်တာ မရှိတာကြောင့် ပါတီဝင်အင်အား ပြည့်မီရေး အောက်တိုဘာ ၃၁ ရက်နောက်ဆုံးထား ပြန်လည်တင်ပြဖို့ အကြောင်းကြားခဲ့ပေမယ့် ပြန်လည်တင်ပြတာ မရှိခဲ့ဘူးလို့ UEC က ဆိုပါတယ်။
 
ဒါကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် ၉ အရ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်ပြီး ပါတီကို ဖျက်သိမ်းလိုက်တယ်လို့ UEC က ကြေညာပါတယ်။
 
ပါတီဖျက်သိမ်းခံရမှုနဲ့ ပါတီဝင်ဦးရေ တထောင် စည်းရုံး မတင်ပြနိုင်မှု အခြေအနေတွေကို မေးမြန်းနိုင်ဖို့ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီကို DNA က ဆက်သွယ်ထားပေမယ့် အဆက်သွယ်မရသေးပါဘူး။
 
၁၉၈၈ ခုနှစ်မှာ စတင်ထူထောင်ခဲ့တဲ့ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ ဟာ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ ကွမ်းလုံမဲဆန္ဒနယ်ကနေ တနေရာ အနိုင်ရခဲ့ဖူးပြီး ၂၀၁၅ နဲ့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် တနေရာမှ အနိုင်မရရှိခဲ့ပါဘူး။
 
အလားတူပဲ ရခိုင်တိုင်းရင်းသား လူနည်းစုမျိုးနွယ်စုဖြစ်တဲ့ မြိုတိုင်းရင်းသားပါတီဟာလည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအသစ်ပါ သတ်မှတ်ချက်တချို့ကြောင့် ပါတီကို ဖျက်သိမ်းလိုက်ရတယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
 
ပုဒ်မ ၅၊ ပုဒ်မခွဲ (ဇ)ပါ တိုင်း ဒါမှမဟုတ် ပြည်နယ်တခုမှာသာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီအနေနဲ့ ပါတီမှတ်ပုံတင်ခွင့်ပြုပြီး ရက်ပေါင်း ၁၈၀ အတွင်း တိုင်း ဒါမှမဟုတ် ပြည်နယ်အတွင်းရှိ မြို့နယ် ငါးခုမှာ ပါတီရုံးခန်းဖွင့်လှစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို မပြည့်မိတာကြောင့် ပါတီကို ဖျက်သိမ်းလိုက်တာလို့ သိရပါတယ်။
 
” မြို့ပေါ်မှာတော့ ကျနော်တို့ အကုန်လုံးမဖွင့်နိုင်တဲ့ အခြေအနေမှာ နယ်မှာဖွင့်ဖို့ အစီအစဉ်လုပ်ထားတယ်။ ဒါပေမယ့် မြို့ပေါ်မှာ ဖွင့်မှ အဆင်ပြေမယ့် ပုံစံမျိုးပြောလာတယ်။ မြို့ပေါ်မှာက ကျနော်တို့ပြည်သူ (မြိုလူမျိုး) တွေလည်း သိပ်မရှိဘူး။ ရုံးခန်း ငှားရမ်းဖို့ကလည်း ပါတီရန်ပုံငွေက အားနည်းချက်ရှိတယ် ” လို့ မြိုတိုင်းရင်းသားပါတီ အတွင်းရေးမှူး ဦးမင်းအောင်က DNA ကို ပြောပါတယ်။
 
ဒါ့အပြင် UEC က မြိုတိုင်းရင်းသားပါတီကို ဥပဒေပါသတ်မှတ်ချက် မပြည်မီလို့ဆိုကာ ဖျက်သိမ်းကြောင်း မကြေညာခင်မှာပဲ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်မှာ ဗဟိုကော်မတီအစည်းအဝေးခေါ်ယူပြီး ပါတီကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်တယ်လို့လည်း ဦးမင်းအောင်က ပြောပါတယ်။
 
ပြီးခဲ့တဲ့ မေလ ၅ ရက်မှာ UEC က မှတ်ပုံတင်ခွင့်ပြုခဲ့တဲ့ မြိုတိုင်းရင်းသားပါတီဟာ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ ရုံးခန်းဖွင့်လှစ်ဖို့ စီစဉ်ထားပေမယ့် မြို့နယ် သုံးခုမှာသာ ရုံးခန်းဖွင့်လှစ်နိုင်ခဲ့ပြီး ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာတော့ မဖွင့်လှစ်နိုင်ခဲ့ဘူးလို့ သိရပါတယ်။
 
” ဒီဥပဒေက ကျနော်တို့ လူမျိုးတွေပဲ မဟုတ်ဘူး။ တခြားတိုင်းရင်းသား လူနည်းစုတွေအတွက်လည်း အခက်အခဲ၊ အဟန့်အတားတော့ ဖြစ်မှာပဲလို့ ကျနော်ထင်တယ် ” လို့ ဦးမင်းအောင်က ပြောပါတယ်။
 
လက်ရှိမှာတော့ အခုလို ဖျက်သိမ်းလိုက်တဲ့ ပါတီနှစ်ခုအပါအဝင် ရွေးကောက်ပွဲအတွက် ရည်ရွယ်ကာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့် ချပေးထားတဲ့ ပါတီပေါင်း ၄၂ ပါတီအထိ ရှိနေပြီ ဖြစ်ပါတယ်။
 
စစ်ကောင်စီရဲ့ ကော်မရှင်ထံကို ပါတီ ၆၄ ပါတီလျှောက်ထားတာဖြစ်ပါတယ်။
 
အာဏာသိမ်းစစ်ကောင်စီကတော့ ရွေးကောက်ပွဲကျင်းပနိုင်ရေးကို ရှေ့လုပ်ငန်းစဉ်ငါးရပ်ထဲ ထည့်သွင်းကာ အကောင်ထည်ဖော်ဖို့ ကြိုးပမ်းနေပြီး ဘယ်ချိန်မှာ ရွေးကောက်ပွဲ ကျင်းပမလဲဆိုတာကိုတော့ အတိအကျ ပြောဆိုတာမရှိသေးပါဘူး။
 
တဖက်မှာလည်း စစ်ကောင်စီက ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အပါအဝင် ပါတီ လေးဆယ်ကို သတ်မှတ်ကာလအတွင်း မှတ်ပုံတင်ခွင့်ပြန်မလျှောက်လို့ ဖျက်သိမ်းလိုက်ကြောင်း အခုနှစ် မတ်လထဲမှာ ကြေညာထားပါတယ်။
 
ဓာတ်ပုံ – Social Media