နိုဝင်ဘာ၊ ၂၁
ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မှာ ကျန်ရှိနေသေးတဲ့ ဒေသခံတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ ကုန်စျေးနှုန်းတွေ အဆမတန်မြင့်တက်နေတာအပြင် ဝယ်ယူရလည်း ခက်ခဲတာကြောင့် စားရေးသောက်ရေးအတွက် အခက်ခဲရှိနေတယ်လို့ ကာယကံရှင်တွေက DNA ကို ပြောပါတယ်။
” ဆန်တွေ၊ ဆီတွေကတော့ ဝယ်လို့မရဘူး။ ခရမ်းချဉ်သီး၊ ကြက်သွန်နီကတော့ ဝယ်လို့ရသေးတယ်။ ဒါမယ့် စျေးအရမ်းကြီးတယ်။ အခုက အလုပ်ကမရှိ ဆန်တွေက ဝယ်မရ။ စားစရာသောက်စရာတွေက အဲ့လောက်စျေးကြီးနေတော့ ဘယ်လိုမှ အဆင်မပြေဘူး။ ဒုက္ခရောက်နေတာ မရေ ” လို့ လောက်ကိုင်မြို့ရောက် ရွှေ့ပြောင်းလုပ်သားတဦးက ပြောပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်ကစပြီး လောက်ကိုင်မှာ ကာစီနိုလုပ်ငန်း၊ အွန်လိုင်းလောင်းကစားလုပ်ငန်း၊ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ လုပ်ငန်းတော်တော်များများဟာ ပိတ်ထားကြရပြီး လူအများအပြားဟာလည်း အလုပ်လက်မဲ့ ဖြစ်ခဲ့ကြရပါတယ်။
အဲဒီနောက် လောက်ကိုင်ကို အလုပ်လာရောက်လုပ်ကိုင်သူတွေဟာ နိုင်ငံရေးအခြေနေအပြင်၊ အလုပ်အကိုင်မရှိတော့တာနဲ့ စားရေးသောက်ရေး အခက်ခဲကြောင့် လောက်ကိုင်မှာ ဆက်နေဖို့ အဆင်မပြေဖြစ်နေကြတာပါ။
ရွှေ့ပြောင်းလုပ်သားတွေဟာ နေရပ်ကို ပြန်သွားကြတဲ့လူတွေလည်း ရှိသလို လမ်းကြောင်းတွေက ပိတ်ထားတာကြောင့် ခုချိန်ထိ နေရပ်ကိုပြန်ဖို့ အဆင်မပြေဖြစ်ကြပြီး လောက်ကိုင်မှာ ပိတ်မိနေတဲ့လူတွေလည်း ရှိနေပေမယ့် အရေအတွက် အတိအကျမသိရပါဘူး။
လက်ရှိမှာတော့ လောက်ကိုင်မှာ တရုတ်ပြည်ဘက်ကနေပြီး တပတ်ကို တကြိမ်နှုန်းနဲ့ ဆန်ကိုလာရောက်ရောင်းချပေးနေလို့သာ ဝယ်ယူလို့ရနေတယ်ဆိုပေမယ့် ရောင်းလိုအားထက် ဝယ်လိုအားက ပိုများနေတာကြောင့် အလုအယက်နဲ့ ဝယ်ယူရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စျေးနှုန်းကလည်း အရမ်းကိုများပြီး ဆန်တပြည်ကို တရုတ်ငွေယွမ် တရာကနေ တရာ့ငါးဆယ် (ကျပ် ၄၅,၀၀၀ ကနေ ၆၇,၀၀၀) ပေးနေရသလို ကြက်သွန်ဖြူ၊ ကြက်သွန်နီ တကျင် ( ၀ ဒဿမ ၅ကီလို)ကို တရုတ်ငွေ ၁၅၀ (၆၇,၀၀၀ ကျပ်)နဲ့ ခရမ်းချဉ်သီးဆိုရင် ယွမ် ၁၈၀ (ကျပ် ရှစ်သောင်းကျော်)ပေးနေရတယ်လို့ ဆိုပါတယ်။
လောလောဆယ်မှာတော့ လောက်ကိုင်မှာ နေထိုင်နေသူတွေဟာ ဆန်ရရှိရေးအတွက်ကိုပဲ အကုန်လုံးက အာရုံစိုက်နေကြရကာ မနက်မိုးလင်းလာပြီဆိုရင် ဘယ်နားမှာ ဆန်ရောင်းမလဲဆိုတာကို လိုက်လံစုံစမ်းနေကြရတယ်လို့ ပြောကြပါတယ်။
တချို့သူတွေဟာ ဆန်ဝယ်ယူလို့ မရတာ၊ တခြားစားသောက်ကုန်တွေ စျေးအဆမတန်မြင့်တက်လာတာကြောင့် ထမင်းတောင်မစားနိုင်ပဲ ခေါက်ဆွဲခြောက်နဲ့ ဆန်ကွဲတွေကိုသာ စားနေရတဲ့ လူတွေလည်း ရှိသလို တချို့ဆို မိမိမှာရှိနေတဲ့ အခြောက်အခြမ်းတွေကိုပဲ ချွေတာပြီး စားနေကြရတယ်လို့ သိရပါတယ်။
” ကျနော်ဆိုရင် ဆန်ကွဲတအိတ်ရှိတယ်ပေါ့နော်။ ခေါက်ဆွဲခြောက်တွေ ဝယ်ထားတယ်ပေါ့။ ဆန်တော့ မစားနိုင်တော့ဘူးပေါ့နော်။ ဆန်ကွဲစားနေရတယ်ပေါ့။ ဒါမယ့်ကျနော့်မှာတော့ တလစာရှိနေသေးတယ်ပေါ့ ” လို့ အီလက်ထရောနစ်ပြုပြင်ရေးလုပ်ငန်း လုပ်ကိုင်တဲ့ အသက် သုံးဆယ်အရွယ် ဒေသခံတဦးက ဆိုပါတယ်။
လက်ရှိ လောက်ကိုင်မှာဆိုရင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းအပြင် နိုဝင်ဘာလ ၁၅ ရက်ညနေပိုင်းက တည်းက မီးတွေပါ ဖျက်ခံထားရတာကြောင့် အရပ်သားတွေဟာ ဆက်သွယ်ရေးအပြင် ချက်ပြုတ်ရေးနဲ့ ရေရရှိမှုပါ ခက်ခဲလာကြပါတယ်။
ပြည်သူတွေဟာ လောလောဆယ်မှာတော့ ချက်ပြုတ်ရေးအတွက် ထင်းကို အားကိုးနေရပြီး ဆက်သွယ်ရေးအတွက် ဖုန်းအားအတွက်ကိုတော့ မီးစက်ရှိတဲ့ အိမ်တွေမှာ သွားရောက်ပြီး အားသွင်းနေရတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် လက်ရှိမှာဆိုရင် စက်သုံးဆီတွေဟာလည်း ဓာတ်ဆီ တလီတာကို ယွမ်နှစ်ရာ (ကျပ်ကိုးသောင်း)လောက်ပေါက်နေပြီး ငါးဂါလန်ပုံး အဝါကို ယွမ်ငါးထောင် (ကျပ် သိန်းနှစ်ဆယ်ကျော်) စျေးပေးနေရပြီး တစ်မြို့လုံးအတိုင်းတာနဲ့ စက်သုံးဆီ ပြတ်တောက်နေပြီလို့ သိရပါတယ်။
လက်ရှိမှာတော့ လောက်ကိုင်မြို့အပါအဝင် လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်၊ ကုန်းကြမ်း စတဲ့ မြို့နယ် ရှစ်မြို့နယ်ကို စစ်အုပ်ချုပ်ရေး သတ်မှတ်လိုက်ကြောင်း စစ်ကောင်စီက နိုဝင်ဘာ ၁၂ ရက် ညပိုင်းမှာ ကြေညာလိုက်ပါတယ်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့ဘက်ကလည်း ပိတ်ဆို့ထားတာ ရက်ပေါင်း နှစ်ဆယ်ကျော်ရှိလာတဲ့ လောက်ကိုင်ကို ဝင်တိုက်မယ်လို့ ဒီလ ၁၄ ရက်က ထုတ်ပြန်ထားပြီး ၁၈ ရက်မှာလည်း အရပ်သားတွေအနေနဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးဌာန၊ တပ်စခန်းတွေနဲ့ အမြန်ဆုံး တတ်နိုင်သမျှ ဝေးဝေးမှာ နေကြဖို့ဆိုပြီး ထုတ်ပြန်အသိပေးထားပါသေးတယ်။
ဒီလိုကိစ္စတွေကြောင့် တချို့ဒေသခံတွေဟာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းအဖွဲ့တွေကြား တိုက်ပွဲက ဒီထက်ကြာလာမယ်ဆိုရင် နေထိုင်စားသောက်ဖို့အပြင် လုံခြုံရေးအခြေအနေကိုပါ စိုးရိမ်လာရတယ်လို့ ဆိုပါတယ်။
” ရေရှည်ဆိုရင်တော့ မလွယ်လောက်ဘူးဗျ။ နောက်ဆုံးလေ လူတွေက စားစရာမရှိတော့ဘူးဆိုရင်လေ ကြံမိ ကြံရာ ကြံကြတော့မှာ။ အဲ့ကျရင် ဒုစရိုက်မှုတွေ တော်တော်များလာမယ်ထင်တာပဲ ” လို့ နောက်ထပ် လောက်ကိုင်ဒေသခံတဦးက ပြောပါတယ်။ စျေး
ဓာတ်ပုံ – Social Media