လက်နက်နဲ့အတူ စစ်ကောင်စီကို စွန့်ခွာလာတဲ့ တပ်သားတဦးကို သိန်းငါးဆယ်ချီးမြှင့်

နိုဝင်ဘာ၊ ၂၀

 စစ်ကိုင်းတိုင်း ၊ခင်ဦးမြို့နယ် ပြည်သူ့ဆေးရုံမှာ တပ်စွဲထားတဲ့တပ်သားတဦး ဟာ စစ်ကောင်စီတပ်ကို စွန့်ခွာပြီး လက်နက်ခဲယမ်းတွေနဲ့ အတူ ထွက်ပြေးလာတဲ့အတွက် နိုဝင်ဘာလ ၂၀ ရက် ဒီကနေ့မှာ သိန်းငါးဆယ်ချီးမြှင့်ခဲ့တယ်လို့ ခင်ဦးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ထံက သိရပါတယ်။

 “ အဲ့ဒီနေ့ကပဲ ဆက်သွယ်ပြီး အဲဒီနေ့ပဲဝင်လာတာပါ ။ အရင်ကတည်းကတော့ အဆက်သွယ်ရှိတယ် “လို့ ခင်ဦး(ပကဖ)တာဝန်ရှိသူ ကိုသာစစ်လင်းကပြောပါတယ်။

 စစ်သက် ၁၇ နှစ်ရှိတဲ့ အဲဒီ စစ်ကောင်စီတပ်သားဟာ   ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်က  ပြည်သူ့ကာကွယ်ရေးတပ်တွေကို ဆက်သွယ်လာပြီး MA- 1 အမျိုးအစား တလက်၊ကျည်ဘောက်သုံးခု၊ ကျည် ၂၃၆ တောင့်ယူလာတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က စစ်သားနဲ့ရဲတွေ အာဏာသိမ်းစစ်ကောင်စီရဲ့ အမိန့်ကို မလိုက်နာဘဲ ပြည်သူနဲ့ ပူးပေါင်း CDM လုပ်လာမယ်ဆိုရင် ဆုကြေးငွေတွေပေးမယ်လို့   ၂၀၂၂ ခုနှစ်၊ ပြီလကစပြီး ဖိတ်ခေါ်ထားပါတယ်။

ဘယ်သူမဆို လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့အတူ ပူးပေါင်းလာမယ်ဆိုရင် ကျပ်သိန်းတသောင်း၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊  တိုက်ရေယာဉ်တွေကို ဖျက်ဆီးပြီး ပူးပေါင်းလာမယ်ဆိုရင် ကျပ် သိန်းခြောက်ထောင်၊ ဆီသိုလှောင်ကန်တွေ၊ လက်နက်စက်ရုံတွေကို ဖျက်ဆီးနိုင်ရင် ဒါမှမဟုတ် တင့်ကား၊ သံချပ်ကာကားတွေ ယူလာနိုင်ရင် ကျပ် သိန်း နှစ်ထောင် ချီးမြှင့်မယ်လို့ ဆိုထားပါတယ်။

 လက်ရှိမှာတော့ အဲ့ဒီစစ်ကောင်စီတပ်သားကို လွတ်မြောက်နယ်မြေတနေရာကို ပို့ဆောင်ထားတာဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ စစ်သားတွေအနေဖြင့် ပြည်သူလူထုထံ အချိန်မီ အလင်းဝင်ရောက်လာဖို့ကို လည်း ကိုသာစစ်လင်းက တိုက်တွန်းပါတယ်။

 ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်ကလည်း ခင်ဦးမြို့နယ်၊ရေဦးလမ်းထွက် (ဗလီကွေ့) မှာတပ်စွဲထားတဲ့  စစ်ကောင်စီ တပ်သားတွေကိုပြည်သူ့ကာကွယ်ရေးတပ်တွေက သွားရောက်တိုက်ခိုက် ရာ သေနတ်နှစ် လက်ရရှိခဲ့ပါတယ်။

အဲဒီတိုက်ပွဲအတွင်း အခုအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားကိုယ်တိုင်ပါဝင်ခဲ့ပေမဲ့ တိုက်ပွဲဖြစ်ပွားချိန် ကွမ်းသွားဝယ်ခြင်းကြောင့် လွတ်မြောက်ခဲ့တာဖြစ်တယ်လို့့  ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။

မြောက်ပိုင်း ညီနောင် သုံးဖွဲ့ ကစစ်ဆင်ရေး ၁၀၂ရစတင်ပြီးနောက်ပိုင်း ခင်ဦးမြို့နယ် ၊ရေဦး-ခင်ဦး ကားလမ်းဘေးမှာရှိတဲ့ စစ်ကောင်စီတပ်အထိုင်ချ စခန်းတွေဖြစ်တဲ့ မူးတိမ်ချောင်းတံတား၊ ရွာသစ်ကုန်းပျူရွာနဲ့ အင်းပတ်ကွေ့ဈေးတန်း စခန်းများဟာဒီလဆန်းကစပြီး ရေဦးမြို့ပေါ်ကို တပ်ဆုတ်သွားတယ်လို့ သိရပါတယ်။

 အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၊ ကာကွယ်ရေး ဝန်ကြီး ဌာန ကတော့ အာဏာသိမ်းချိန် ကနေ စစ်ကောင်စီ တပ်ကို စွန့်ခွာလာသူ စစ်သား ၃,၂၃၅ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၁၀, ၃၅၆ ဦးရှိတယ်လို့ ဒီနှစ် စက်တင်ဘာ  ၇ ရက်က ထုတ်ပြန်ထားပါတယ်။

Photo – ခင်ဦး ပကဖ