ကန့်ဘလူ၊ ချပ်သင်းရွာမှာ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

နိုဝင်ဘာ၊ ၂၀

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ချပ်သင်းရွာမှာ မနေ့က မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ လို့ သုံးဦးသေဆုံးကာ လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိတယ်လို့ ကန့်ဘလူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

ကန့်ဘလူမြို့မြောက်ဘက် ၂၄ မိုင်လောက်အကွာ ချပ်သင်းကျေးရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကော င်စီတပ်ဖွဲ့တွေဟာ မနေ့က ကျေးရွာထဲဝင်လာကာ ဒေသခံပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေကို ဝင်ရောက်သိမ်းယူပြီး ပြန်အထွက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

“ညှပ်ပြီး ပစ်ခံရတာ၊ ဒီကောင်တွေ ရိက္ခာပြတ်လို့ ထင်တယ်၊ ရွာမှာ ဝင်ခိုးတာပေါ့၊ အများကြီးပါပဲ၊ လှည်းနဲ့သယ် တာက သယ်၊ ယူလို့တောင်မခင်(နိုင်)ပါဘူး” လို့ အဲဒီ PDF တပ်ဖွဲ့ဝင်က ပြောပါတယ်။

အဲ့ဒီလို တိုက်ခိုက်မှုကြောင့် နှစ်ဖက် ၁၅မိနစ် ဝန်းကျင်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိတာကြောင့် ချပ်သင်းကျေးရွာ အနီးက တောင်ကုန်းမှာ အထိုင်ချထားတဲ့ စခန်းဘက် ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ချပ်သင်းနယ်မြေရဲစခန်းကို အခုလပထမပတ်အတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက် ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် အဲဒီကျေးရွာကို ပူးပေါင်းတပ်ဖွဲ့ဘက်က ထိန်းချုပ်ထားတယ်လို့သိရပါတယ်။

ချပ်သင်းနယ်မြေရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ရဲတပ်ဖွဲ့ဝင်တချို့က ရွာ အနီး တောင်ကုန်းမှာ အထိုင်ချထားတဲ့ စခန်းဘက်ကို သွားရောက်ပူးပေါင်းထားကာ အင်အား ၈၀ ဝန်းကျင်ခန့်ရှိနိုင်တယ်လို့ သိရပါတယ်။

ချပ်သင်းရဲစခန်းသိမ်းတိုက်ပွဲဖြစ်ချိန်ကတည်းက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတာကြောင့် မနေ့ကတိုက်ပွဲမှာအရပ်သားထိခိုက်တာ မရှိဘူးလို့ ဆိုပါတယ်။

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေကတော့ ကန့်ဘလူမြို့နယ် ချပ်သင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီပူးပေါင်း အဖွဲ့ ခြုံခိုတိုက်ခိုက်ခံရလို့ ရဲအုပ်တဦးအပါအဝင် ရဲတပ်သားနှစ်ဦးသေဆုံးကာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြကြပါတယ်။