သိန်းတထောင်အထက် ထုတ်ယူမှုတွေကို စောင့်ကြည့်နေတယ်လို့ ဗဟိုဘဏ်ပြောဆိုချက် ခြိမ်းခြောက်မှုအဖြစ်ရှု့မြင်

နိုဝင်ဘာ၊ ၂၀
 
ပုဂ္ဂလိကဘဏ်တွေကနေ ကျပ်သိန်းတထောင်အထက် ထုတ်ယူတဲ့ ပမာဏအားလုံးကို ဗဟိုဘဏ်အပြင် အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ)နဲ့ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (FIU) က အနီးကပ်စောင့် ကြည့်နေတယ်လို့ စစ်ကောင်စီဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။
 
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်က ရန်ကုန်မှာရှိတဲ့ ပုဂ္ဂလိကဘဏ်တချို့ကနေ ငွေထုတ်ယူမှု များပြားခဲ့ပြီး Special Account တွေကိုပါ ငွေပမာဏအကန့်အသတ်နဲ့ ထုတ်ယူခွင့်ပြုပြီးနောက် စစ်ကောင်စီဗဟိုဘဏ်က မနေ့က အခုလိုပြောဆိုလာတာပါ။
 
” ယခု ငွေထုတ်များနေသည့် လူများအားလုံးကို ဗဟိုဘဏ်၊ စစစ၊ FIU တို့က အနီးကပ်ကြီးကြပ်စောင့်ကြည့်နေတာဖြစ်၍ ဈေးကစားမှုများ ပါဝင်ပတ်သက်နေပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ” လို့ ဗဟိုဘဏ်ဒုတိယဥက္ကဌ ဒေါက်တာလင်းအောင်က ပြောပါတယ်။
 
ဒါ့အပြင် ငွေကြေးခဝါချမှုဗဟိုအဖွဲ့က သတ်မှတ်ထားတဲ့ ငွေသိန်းတထောင်အထက် ကျော်လွန်ပြီး ထုတ်ယူတဲ့ ပမာဏအားလုံးကို ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ (FIU) ကို ပေးပို့ရသလို မသမာမှုတွေမှာ ပါဝင်ပတ်သတ်နေရင် အရေးယူမယ်လို့လည်း ဆိုပါတယ်။
 
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အခုလို ပြောဆိုမှုဟာ ခြိမ်းခြောက်မှုလို့ ရှု့မြင်သူတွေရှိပါတယ်။
 
” ပြည်သူကို ခြိမ်းခြောက်နေတာထက် ဘဏ်တွေက ပြည်သူတွေအပ်ထားတဲ့ငွေကို လိုချင်တဲ့ အချိန် ထုတ်ပေးဖို့ တာဝန်ရှိပါတယ်။ အရင် (၂၀၂၁ ခုနှစ်အာဏာသိမ်းစ)ကစလို ကိုယ့်ပိုက်ဆံကိုယ် ရာခိုင်နှုန်း ပေးထုတ်ရတုန်းက ဗဟိုဘဏ်က ဘယ်မှာအိပ်ပျော်နေလဲ ” လို့ စမ်းချောင်းမြို့နယ်က ဘဏ်အသုံးပြုသူတဦးက ပြောပါတယ်။
 
ဘဏ်တွေမှာ ငွေအပ်ထားသူတွေဟာ အပ်နှံငွေအမျိုးအစားအပေါ် မူတည်ပြီး ငွေထုတ်ယူရာမှာ ကွဲပြားမှုများ ရှိနိုင်ကြောင်း၊ Special Account ဆိုပါက မိမိငွေသားထည့်သွင်းခဲ့သည့် ပမာဏအတိုင်း ငွေသားထုတ်ယူနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
Special Account ဆိုတာဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ငွေထုတ်လိုသူတွေ အကန့်အသတ်နဲ့သာ ထုတ်ခွင့်ရတဲ့ အခြေအနေတွေ ကြုံခဲ့ရပြီးနောက် အကန့်အသတ်မရှိ ထုတ်နိုင်ဖို့အတွက် ငွေထပ်သွင်းပြီး ဖွင့်ထားရတဲ့ အကောင့်အသစ်တွေ ဖြစ်ပါတယ်။
 
ဒါ့အပြင် ငွေစုဘဏ်စာရင်း (Saving Account) ဆိုပါက တပတ်တကြိမ် ငွေထုတ်ယူမှု ဆောင်ရွက်နိုင်ပြီး စာရင်းသေအပ်ငွေ (Fixed Deposit) ဖြစ်ပါက သက်တမ်းပြည့်တဲ့ အချိန်မှသာ ငွေထုတ်ယူနိုင်မည်ဖြစ်ကြောင်းလည်း ဆက်လက်ဖော်ပြထားပါတယ်။
 
လက်ရှိမှာ တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့တွေကို ဆက်တိုက်သိမ်းပိုက်မှုတွေ လုပ်နေပြီး စစ်ရေးကာလအတွင်း အဲဒီမြို့တွေက ဘဏ်တွေ မလည်ပတ်နိုင်လို့ ငွေထုတ်မရတဲ့ ဖြစ်စဉ်တွေကြောင့် တခြားမြို့တချို့က ဘဏ်အသုံးပြုသူတွေဟာ ကြိုတင်ငွေထုတ်ယူမှုတွေ ရှိလာတာပါ။
 
” ကိုယ့်ပိုက်ဆံကိုယ် ပြန်ထုတ်တာတောင် အကန့်အသတ်တွေ များနေတာက သူတို့ (ဘဏ်တွေ)က စည်းကမ်းချိုးဖောက်တာလား။ ကျွန်တော်တို့ ချိုးဖောက်တာလား စဉ်းစားကြည့်ပေါ့ ” လို့ ရန်ကုန်၊ တာမွေမြို့က ဘဏ်အသုံးပြုသူက ပြောပါတယ်။
 
စစ်ကောင်စီကတော့ ဘဏ်တွေမျာ ပြည်သူများ ငွေထုတ်ယူရန် လှုံ့ဆော်ရေးသား၊ ဝါဒဖြန့်နေသူတွေကိုလည်း ဥပဒေပြဋ္ဌာန်းချက်တွေနဲ့ အညီဖော်ထုတ်အရေးယူပြီး ထိရောက်ဟန့်တားသော ပြစ်ဒဏ်တွေ ချမှတ်နိုင်ဖို့ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ဆောင်ရွက်ခဲ့တဲ့ နည်းလမ်းအတိုင်း ပြည်ပရောက်မီဒီယာတွေရဲ့ ဝါဒဖြန့်မှုတွေကို ယုံကြည်ပြီး လိုအပ်တာထက်ငွေ ပိုမိုထုတ်ယူရင် အဲဒီကာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဘဏ်တွေကနေ ရာခိုင်နှုန်းတရပ်ပေးပြီး လဲလှယ်ရယူခြင်းတွေကို ပြန်ဖိတ်ခေါ်နေသလို ဖြစ်တယ်လို့လည်း ဆိုပါတယ်။
 
စစ်ကောင်စီဗဟိုဘဏ်ရဲ့အခုလိုပြောကြားချက်ဟာ ဘဏ်နဲ့ ဘဏ်အသုံးပြုကြား ဒါမှမဟုတ် ငွေအပ်လက်ခံသူနဲ့ ငွေအပ်နှံသူကြားက ပဋိညာဉ်ကို ချိုးဖောက်တာဖြစ်တယ်လို့ ဘဏ်အသုံးပြုသူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင် တချို့က ဆိုပါတယ်။
 
” ကျွန်တော်တို့က အတိုးနှုန်း တစုံတရာယူပြီး အချိန်အတိုင်းအတာတခုအတွင်း ငွေအပ်တယ်။ လိုချင်တဲ့အချိန် ဒါမှမဟုတ် အပ်တဲ့အချိန်ပြည့်ရင် ပြန်ထုတ်မှာပေါ့ ” စမ်းချောင်းမြို့နယ်က ဘဏ်အသုံးပြုသူတဦးက ပြောပါတယ်။
 
ဓာတ်ပုံ – Reuters (ပုံဟောင်း)