နိုဝင်ဘာ ၊ ၁၉
ချင်းပြည်နယ် ၊မတူပီမြို့ ၊ဝေလူးကျေးရွာကို စစ်ကောင်စီတပ်က အကြောင်းမဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား၁၁ ဦး သေဆုံးခဲ့မှုနဲ့ ပက်သက်ပြီး စစ်ရေးအရ ပြန်လည် အရေးယူဆောင်ရွက်သွားမယ်လို့ CDF(မတူပီ) ရဲ့ ပြောရေးဆိုခွင့် ရှိသူတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ မတရား လေကြောင်း အသုံးပြု ဗုံးကြဲမှုကြောင့် သေဆုံးရသူတွေအတွက် မတူပီမြို့တွင်း တိုက်ပွဲတွေအဖြစ် စစ်ရေးအရှိန်မြှင့်မှာ ဖြစ်သလို အခုလို အရပ်သားတွေ ပစ်မှတ်တိုက်ခိုက်မှုကို ကန့်ကွတ်ရှုံ့ချတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ ကထုတ်ပြန်ထားပါတယ်။
“ အခုထိတော့ ကျနော်တို့က မြို့ပေါ်ကထွက်လာတဲ့ အချိန်မှာပဲ ခြုံခိုတိုက်ပေမယ် အဲထက် အရှိန်မြင့်ပြိး လိုအပ်ရင် လိုအပ်သလို မြို့တွင်း စစ်ဆင်ရေးအထိပါသွားမယ်။ စစ်စခန်းတွေအထိ ပိုပြီးတော့ ချဉ်ကပ်သွားမယ်” လို့ CDF (မတူပီ) ပြောခွင့်ရသူကဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်၊ ညနေ ၆ နာရီလောက်မှာ စစ်ကောင်စီတပ်က တော်လှန်ရေးတပ်တွေ လည်းမရှိတဲ့အပြင် မြို့နဲ့လည်းအလှမ်းဝေးတဲ့ မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို တိုက်ခိုက်ရေး ဂျက်ဖိုက်တာ နှစ်စီးနဲ့ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ။
အဲဒီပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ ကလေးငယ် ရှစ်ဦးအပါအဝင် CDM ကျောင်းဆရာတဦး၊အရပ်သား နှစ်ဦး စုစုပေါင်း ၁၁ ဦးသေဆုံးခဲ့့သလို လေဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဘုရားကျောင်း၊ စာသင်ကျောင်းနဲ့ နေအိမ် ၁၅ လုံးထိခိုက်ပျက်ဆီးခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် -မတူပီ ကဆိုထားပါတယ်။
“ သူတို့က သေနတ်သံတောင် တခါမှကြားဖူးတဲ့ရွာမဟုတ်ဘူး ။ကျနော်တို့တပ်ချထားတဲ့နေရာ ဗုံးကြဲရင်တောင် ဖြစ်သင့်တယ် ပြောလိုရတယ်။အခုဟာက လုံးဝ မဆိုင်တဲ့နေရာကို ပြည်သူကို သက်သက်မဲ့ ပစ်မှတ်ထားလုပ်တဲ့ဟာကို ခံပြင်းဖို့ ကောင်းတယ် ” အဲဒီအဖွဲ့ ပြောခွင့်ရသူကဆိုပါတယ်။
လက်ရှိမှာ ဒဏ်ရာရသူ လေးဦးမှာလည်း ထိခိုက်မှု ပြင်းထန်တဲ့အတွက် ဆေးကုသမှုပေးနေရသလို ကျေးရွာအတွင်း ပြည်သူလူထုတချို့ကလည်း စိတ်လုံခြုံမှုမရှိတော့တာကြောင့် လေကြောင်းရန်ကာကွယ်ရေး နည်းလမ်းတွေကို ပညာပေးလုပ်ဆောင်နေရတယ်လို့ သူကဆက်ပြောပါတယ်။
အခုလိုစစ်ကောင်စီတပ်က လေကြောင်းက တိုက်ခိုက်တာဟာ မတူပီမြို့တွင်းက စစ်စခန်းတွေက ဆီက သတင်းရယူပြီး ပစ်မှတ်တွေကို တိုက်ခိုက်တာဖြစ်ပေမဲ့ အရပ်ဘက်ပစ်မှတ်တွေကို မှားယွင်းစွာသတင်းတာလို့ CDF(မတူပီ)ပြောခွင့်ရသူက ဆိုပါတယ်။
“ အဲနေရာကလည်းမှားယွင်းစွာသတင်းပေးမှုနဲ့ ဖြစ်တယ်ဆိုတော့။ ဒါပေမယ့် သူတို့ တမင်သက်သက်လုပ်တယ်လို့ပဲ ခံယူထားတယ် ” လို့ သူကဆိုပါတယ်။
ချင်းကာကွယ်ရေးတပ်-မတူပီအနေနဲ့ အရင်က မြို့တွင်းတိုက်ပွဲများကို ပြည်သူလူထု ထိခိုက်နစ်နာမည် စိုရိမ်သဖြင့် မဖော်ဆောင်ခဲ့ပေမယ့် လက်ရှိမှာတော့ မြို့တွင်းက ပြည်သူလူထုအတွက် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေကို ဆောင်ရွက်ပေးပြီး တိုက်ပွဲတွေ ဖော်ဆောင်မယ့်လို့ သူကဆိုပါတယ်။
ဒါ့အပြင် မြို့အတွင်းနဲ့ အပြင်က စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်တဲ့ နေရာမှာ ချင်းကာကွယ်ရေးတပ်-မတူပီ တဖွဲ့တည်းမဟုတ်ဘဲ အင်အားရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မယ့်လို့လည်း သူကဆက်ပြောပါတယ်။