လောက်ကိုင်မြို့က တရုတ်နိုင်ငံသားတွေ နေရပ်အမြန်ဆုံးပြန်ကြဖို့ MNDAA ထုတ်ပြန်

နိုဝင်ဘာ၊ ၁၈

ကိုးကန့်ဒေသ အုပ်ချုပ်ရေးမြို့တော် လောက်ကိုင်မြို့မှာ ရှိတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့ နေရပ်နိုင်ငံကို အမြန်ဆုံးပြန်ကြဖို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဒီကနေ့ ထုတ်ပြန်အသိပေးလိုက်ပါတယ်။

MNDAA ကိုးကန့်တပ်ဟာ လောက်ကိုင်မြို့ကို ဝင်ရောက်တိုက်ခိုက်တော့မယ်လို့ နိုဝင်ဘာ ၁၄ ရက်ကတရုတ်ဘာသာနဲ့ ထုတ်ပြန် ပြီးနောက် ငါးရက်အကြာဒီကနေ့ညပိုင်းမှာ လောက်ကိုင်မြို့နဲ့ ပတ်သက်တဲ့ ကြေညာချက်တရပ်ထပ်မံထုတ်ပြန်လာတာပါ။

ဒီကနေ့ ထုတ်ပြန်ချက်မှာတော့ တရုတ်နိုင်ငံသားတွေအပြင် ပြည်တွင်းက အရပ်သားတွေကို ရည်ရွယ်တဲ့ အသိပေးဖော်ပြချက်တွေလည်းပါဝင်ပြီး အရပ်သားတွေအနေနဲ့ စစ်ကောင်စီအုပ်ချုပ်ရေးဌာနနဲ့ တပ်စခန်းတွေအနီး ကနေ အမြန်ဆုံးထွက်ခွာသွားကြဖို့ ဖော်ပြထားပါတယ်။

ဒါအပြင် လောက်ကိုင်အနီးတဝိုက်ဒေသတခုလုံးဟာ စစ်မြေပြင်တွေ ဖြစ်တဲ့အတွက် အရပ်သားတွေအနေနဲ့ကိုယ့်သဘောနဲ့ကိုယ် နေရာပြောင်းရွေ့တာမျိုးမလုပ်ကြဖို့လည်း အသိပေးထားပါတယ်။

ဒီအချက်နဲ့ပတ်သက်လို့ “စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကနေ ကာကွယ်ဖို့”လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်ကဆိုပါတယ်။

အခုအသိပေးထုတ်ပြန်ချက်တွေကို အလေးထားလိုက်နာပေးကြဖို့နဲ့ ချိုးဖောက်မယ်ဆိုရင် ချိုးဖောက်သူရဲ့ တာဝန်သာဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။  

ညီနောင်မဟာမိတ်သုံးဖွဲ့က အောက်တိုဘာ ၂၇ရက်မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ထိုးစစ်ဆင်တိုက်ခိုက်မှုတွေအတွင်း ကိုးကန့်ဒေသက မြို့အများစုက သိမ်းပိုက်ထိန်းချုပ်နိုင်နေပြီလို့ ဆိုထားတာပါ။

ဒါကြောင့် စစ်ဆင်ရေး ပစ်မှတ်တွေကို အပြီးသတ်သိမ်းပိုက်နိုင်ရေးနဲ့ ဌာနေမှာ ပြန်လည်အခြေချနိုင်ရေးတို့ကိုဦးစားပေးဆောင်ရွက်နေတယ်လို့ဆိုထားတဲ့ MNDAA တပ်ဖွဲ့အနေနဲ့ ကိုးကန့်ဒေသတခုလုံးကို ထိန်းချုပ်နိုင်ဖို့အတွက် လောက်ကိုင်မြို့ကိုသာ သိမ်းပိုက်နိုင်ဖို့လိုပါတော့တယ်။

လောက်ကိုင်မြို့ကို  ဝင်တိုက်တော့မယ်လို့ MNDAA တပ်ဖွဲ့က နိုဝင်ဘာ ၁၄ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်မှာတော့ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သူတွေ၊စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေနဲ့ ပတ်သက်တဲ့ အသိပေးချက်တွေကို ထည့်သွင်းဖော်ပြခဲ့ပြီး ဒီကနေ့ကြေညာချက်ကတော့ တရုတ်နိုင်ငံသားတွေနဲ့ ပြည်တွင်းက အရပ်သားတွေကိုပဲ ရည်ညွှန်းထားတာဖြစ်ပါတယ်။

ဒီအတောအတွင်း လောက်ကိုင်မြို့က ဩဇာကြီး  ကိုးကန့်မိသားစုဝင်တချို့ကို စစ်ကောင်စီနဲ့  တရုတ်အာဏာပိုင်တွေပူးပေါင်းဖမ်းဆီးခဲ့သလို ကိုးကန့်ဒေသဦးစီးအဖွဲ့ ဥက္ကဌကိုလည်း စစ်ကောင်စီက တပ်အရာရှိတဦးနဲ့ အစားထိုးခန့်အပ်ထားပါတယ်။

လက်ရှိ “၁၀၂၇” စစ်ဆင်ရေးစတင်ပြီး သုံးပတ်တာကာလအတွင်း ညီနေင်မဟာမိတ်တပ်တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက ချင်းရွှေဟော်၊ ကြူကုတ်(ပန်ဆိုင်း)၊ သိန္နီ၊ မုံးကိုး၊ နမ့်ခမ်း၊ကွမ်းလုံ မြို့တွေအပြင် စစ်ကောင်စီတပ်စခန်းကြီးငယ်ပေါင်း ၁၅၀ ကျော် သိမ်းပိုက်နိုင်ထားတယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။