မင်းပြားမြို့ပေါ်နဲ့အနီးတဝိုက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ နှစ်ဦးသေ၊ ခြောက်ဦး ဒဏ်ရာရ

နိုဝင်ဘာ ၁၈

ရခိုင်ပြည်နယ် မင်းပြားမြို့မှာ တိုက်ပွဲဖြစ်နေတာမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ပစ်ခတ်တာကြောင့် လက်နက်ကြီးကျည်တချို့ မြို့ထဲကျရောက်ပေါက်ကွဲကာအရပ်သား နှစ်ဦးသေဆုံး၊ခြောက်ဦးဒဏ်ရာရကာ ဆေးရုံ အပါအဝင်  အဆောက်အအုံတချို့လည်းထိခိုက်ပျက်စီးသွားတယ်လို့ မြို့ခံတွေကပြောပါတယ်။

“တိုက်ပွဲဖြစ်နေတာနဲ့ မခြားအောင်ကို ပစ်နေတာ၊ညခြောက်နာရီလောက်ကတည်းက မိုးတလင်းထိကိုပစ်တယ်၊ မြို့ထဲရော မြို့ပြင်ရော အများကြီးကျတယ်၊ကံကောင်းလို့ မသေဘဲ လွှတ်လာခဲ့တာပါ”လို့ မင်းပြားမြို့ခံ အမျိုးသား တဦးက ပြောပါတယ်။

မင်းပြားမြို့အနီးမှာရှိတဲ့ စစ်ကောင်စီတပ်ရင်းသုံးခုနဲ့ ကျိန်းတောင်ဘုရားပေါ်မှာ ထိုင်ထားတဲ့ အမြှောက်စခန်း တို့ ကနေ မြို့တွင်းနဲ့ မြို့အနီးတဝိုက်ဆီ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောကြပါတယ်။

မြို့တွင်းကို  လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ သေဆုံးသူနှစ်ဦးဟာ မင်းပြားမြို့အလယ်ဈေး ရပ်ကွက်မှာ နေထိုင်တဲ့ အသက်ငါးဆယ်ကျော်အရွယ်နဲ့ခြောက်ဆယ်ကျော်အရွယအမျိုးသားနှစ်ဦး သေဆုံးသွားတယ်လို့ အဲ့ဒီ ရပ်ကွက်မှာနေထိုင်သူတဦးက DNAကိုအတည်ပြုပါတယ်။

အလားတူ ဥက္ကပျံရပ်ကွက်နဲ့၊ မြို့သစ်ရပ်ကွက်တို့မှ အသက် ဆယ်နှစ်ဝန်းကျင်အရွယ် မိန်းကလေးငယ်နှစ်ဦး အပါ အဝင် အမျိုးသမီး ငါးဦး၊ အမျိုးသားတဦး၊ စုစုပေါင်း ခြောက်ဦးဟာလည်း ဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။

ရခိုင်အခြေစိုက် သတင်းဌာနတချို့ကတော့ စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် လက်နက်ငယ်တွေနဲ့ ပစ် ခတ်တာမျိုးလည်း လုပ်ခဲ့ပြီး သေဆုံးထိခိုက်သူတွေထဲ  လက်နက်ငယ်ထိမှန်သူတွေလည်းပါတယ်လို့ ဖော်ပြပါ တယ်။

ဒါ့အပြင် မင်းပြားမြို့ပြည်သူ့ဆေးရုံဝန်းထဲက ခွဲစိတ်ခန်းတခုလုံးဟာလည်း လက်နက်ကြီးကျည် ကျရောက် ပေါက် ကွဲတာကြောင့် လုံး၀ပျက်စီးသွားခဲ့ပြီး မြို့သစ်ဘုန်းတော်ကြီးကျောင်းက ဓမ္မာရုံနဲ့ နေအိမ်အများအပြားလည်း ပျက် စီးသွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အဲ့ဒီလိုပစ်ခတ်မှုတွေကြောင့် မင်းပြားမြို့ပေါ်နေ ပြည်သူအများစုဟာ နယ်ကျေးရွာတွေဘက် ထွက်ပြေးတိမ်းရှောင် နေကြတယ်လို့သိရပါတယ်။

“မနေ့က ပစ်တာကတော်တော်ဆိုးတယ်၊တိုက်ပွဲဖြစ်လို့ ပစ်တာမဟုတ်ဘဲနဲ့ ဒီအတိုင်း လူတွေကို ဒုက္ခ ရောက် အောင် သေအောင် တမင်ကို ပစ်နေတာ၊လူသုံးပုံနှစ်ပုံလောက်က မြို့ထဲမှာ မရှိတော့ဘူး”လို့ မင်းပြားမြို့ခံ နောက် တဦးက ပြောပါတယ်။

မင်းပြားမြို့ရဲ့ အနောက်တောင်ဘက် မိုင်နှစ်ဆယ်ကျော်အကွာက ပေါက်တောမြို့ကိုလည်း နိုဝင်ဘာ ၁၆ရက်မှာ စစ်ကောင်စီက ကြည်း၊ရေ၊လေ ကနေ ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်ခဲ့တာကြောင့် မြို့ပေါ်မှာပဲအရပ်သား နှစ်ဆယ် ဝန်းကျင်သေဆုံးကာ ဖမ်းဆီးခံထားရသူတွေလည်း ဆယ်ချီ ရှိနေတယ်လို့ ပေါက်တောဒေသခံတွေက ပြောထားပါ တယ်။

အဲဒီပစ်ခတ်မှုတွေကြောင့် ပေါက်တောမြို့ပေါ်နဲ့ နယ်ကျေးရွာတွေက သောင်းချီတဲ့ ဒေသခံတွေ တိမ်းရှောင်နေ ကြရပြီး စားနပ်ရိက္ခာအခက်အခဲရှိနေတယ်လို့ ပြောကြပါတယ်။

“ရွာကပေးတဲ့ ဆန်နဲ့ ငှက်ပျောပင်လေး ခုတ်လိုက်၊ ချက်လိုက် စားနေကြရပါတယ်၊ရွာမှာလည်း ဆန်က ဘယ် လောက်ရှိမှာလဲ၊ ကြာရင် ဘာကို စားနေကြရမလဲမသိဘူး၊မြို့ပေါ်မှာလည်း ‌ေ-ွး(စစ်ကောင်စီတပ်သား) တွေ ရောက်နေတော့ သွားလို့မရဘူး”လို့ ပေါက်တောမြို့နယ်ဒေသခံ စစ်ရှောင်တဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း နိုဝင်ဘာ ၁၃ရက်ကစလို့ တိုက်ပွဲတွေပြန်ဖြစ်လာတဲ့ တပတ်နီးပါးအတွင်း မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ပေါက်တောမြို့နယ်တို့က လူဦးရေ ငါးသောင်းဝန်းကျင်လောက် နေရပ်စွန့် ခွာထွက်ပြေးနေကြရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ခန့်မှန်းပြောဆိုကြပါတယ်။

အဲ့ဒီကာလအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီလက်အောက်ခံ တပ်စခန်း သုံးခုကို သိမ်းပိုက်ရရှိထားတယ်လို့ ရခိုင့်တပ်တော် AA ကထုတ်ပြန်ထားသလို လက်နက်ချခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်ဟာလည်း တရာဝန်းကျင် ရှိနိုင်တယ်လို့ AA တပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောကြပါတယ်။

photo နိဥ္စရာ/social media

ပုံစာ လက်နက်ကြီးထိမှန်ခဲ့တဲ့မင်းပြားမြို့ဆေးရုံကဓာတ်ခွဲခန်း၊ ထွက်ပြေးတိမ်းရှောင်နေရတဲ့ မင်းပြားနဲ့ပေါက်တောဒေသခံများ