ပေါက်တောမြို့မှာ စစ်တပ်က ပစ်ခတ်လို့ အရပ်သားတွေ ထိခိုက်သေဆုံးမှုရှိ၊ ပိတ်မိနေသူတွေလည်း ရှိနေ

နိုဝင်ဘာ၊ ၁၇
 
ရခိုင်ပြည်နယ် ပေါက်တောမြို့တွင်းကို စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး ပစ်ခတ်၊ ဖမ်းဆီးမှုတွေ လုပ်နေတာကြောင့် အရပ်သားသေဆုံးသူတွေ ရှိနေသလို မြို့တွင်းပိတ်မိနေသူတွေလည်း အများအပြား ရှိနေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
 
ရက္ခိုင့်တပ်တော် (AA)လက်ထဲ ရောက်သွားတဲ့ ပေါက်တောမြို့ကို စစ်ကောင်စီတပ်က မနေ့က နေ့လယ်ပိုင်းမှာ စစ်ရေယာဉ်သုံးစီး၊ Mi – 35 ရဟတ်ယာဉ်တစီးနဲ့ နှစ်နာရီနီးပါးကြာ ဆက်တိုက်ပစ်ခတ်ခဲ့သလို ညနေပိုင်းမှာလည်း မြို့တွင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ပစ်ခတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။
 
“ ပုန်းနေတာကို စစ်တပ်က ပစ်လို့ သေတဲ့သူတွေ ရှိနေပါတယ်၊ ဘယ်နှစ်ယောက်သေတယ်ဆိုတာ အတည်ပြုလို့ မရပေမယ့် အရေအတွက်က များနိုင်ပါတယ်၊ အခုထိ ပိတ်နေသူတွေ ရှိသေးတယ်၊ ဘယ်သူမှ အိမ်ပြင်လည်း မထွက်ရဲကြဘူး ” လို့ ပေါက်တောမြို့တွင်းမှာ အခုသတင်းရေးသားချိန်အထိ ပိတ်မိနေသူတဦးက ပြောပါတယ်။
 
မိသားစုဝင်တွေနဲ့ မျက်မြင်တွေရဲ့ အတည်ပြုပြောပြချက်အရ ပေါက်တောမြို့တွင်း စစ်ကောင်စီဘက်က ပစ်ခတ်မှုတွေကြောင့် သေဆုံးသူတွေထဲ သံဃာတော်တပါး ပါဝင်သလို အမျိုးသမီးနှစ်ဦးလည်း ပုန်းခိုနေချိန် ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။
 
လက်ရှိပေါက်တောမြို့တွင်း အခြေအနေတွေကို သီးခြားအတည်မပြုနိုင်သေးပေမယ့် ဒေသခံတွေကတော့ စစ်ကောင်စီတပ်လက်ချက်နဲ့ အရပ်သားနှ စ်ဆယ်ဝန်းကျင်အထိ သေဆုံးနိုင်တယ်လို့ ဆိုကြပါတယ်။
 
“ မနေ့ည ကိုးနာရီလောက်မှာလည်း မြို့ထဲက ပစ်သံတွေ ကြားတယ်၊ မြို့က လူတချို့ကို စစ်တပ်က ဖမ်းထားကြတယ်လို့လည်း ကြားတယ် ” လို့ နောက်ထပ်ပိတ်မိနေသူတဦးက ပြောပါတယ်။
 
ပိတ်မိနေသူတွေထဲ ကလေးငယ်၊ သက်ကြီးရွယ်အို၊ ကျန်းမာရေးမကောင်း၊ လမ်းမလျှောက်နိုင်သူတွေလည်း အများအပြား ပါဝင်ပြီး နေအိမ်ကနေ အပြင်ကို မထွက်ရဲကြတာကြောင့် စားနပ်ရိက္ခာအခက်အခဲနဲ့လည်း ကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
“ မိသားစုက မြို့ထဲမှာ အခု ဖုန်းလည်းဆက်မရတော့ဘူး၊ တော်တော်စိတ်ပူပါတယ်။ ကယ်ဆယ်ပေးကြဖို့ တောင်းဆိုချင်ပါတယ်၊ နိုင်တဲ့သူတွေ ကူပေးကြစေချင်ပါတယ် ” လို့ မြို့ထဲပိတ်မိနေသူတွေရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။
 
ဒါ့အပြင် ပစ်ခတ်မှုတွေကြောင့် ပေါက်တောမြို့ပေါ်က နေအိမ်အဆောက်အအုံတွေလည်း အများအပြား ထိခိုက်ပျက်စီးသွားတယ်လို့ ဒီကနေ့မနက်ပိုင်းမှာ မြို့ထဲကနေ ထွက်လာနိုင်ခဲ့သူတဦးက ပြောပါတယ်။
 
“ အိမ်တွေ အများကြီး ထိတယ်၊ ပြေးထွက်လာရတော့ အခြေအနေတွေ သေချာတော့ မသိခဲ့ဘူး ” လို့ သူကဆိုပါတယ်။
အထိုင်စစ်စခန်းမရှိဘဲ ရဲတပ်ဖွဲ့သာရှိတဲ့ ပေါက်တောမြို့ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေကို ‌AA တပ်ဖွဲ့က နိုဝင်ဘာ ၁၅ ရက် ညသန်းခေါင် မနေ့ကမနက် အစောပိုင်းလောက်မှာ ဝင်ရောက်ထိန်းချုပ်နိုင်ခဲ့ပေမယ့် မနက် ၁၁ နာရီ ဝန်းကျင်လောက်မှာ စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လေကြောင်းတိုက်ခိုက်မှု စတင်ပြုလုပ်ခဲ့ပါတယ်။
 
အဲ့ဒီနောက် ညနေပိုင်းအထိ ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်ခဲ့ပြီးနောက် ညပိုင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မြို့တွင်းအထိ ဝင်ရောက်လာပြီး ပစ်ခတ်ဖမ်းဆီးမှုတွေ လုပ်ခဲ့တာလို့ သိရပါတယ်။
 
မနေ့က မနက်ကိုးနာရီလောက်ကတည်းကစလို့ ပေါက်တောမြို့ပေါ်မှာရော နယ်ဘက်ကျေးရွာတွေမှာပါ လျှပ်စစ်မီးတွေ လည်းပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ဒီကနေ့ အထိ ပေါက်တောမြို့ပေါ်နဲ့ မြို့အနီးဝန်းကျင်တဝိုက်မှာ AA နဲ့ စစ်ကောင်စီတပ်တွေ နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်တဲ့ အခြေအနေမျိုး မရှိသေးဘဲ စစ်ကောင်စီဘက်က ပစ်ခတ်မှုတွေသာ ရှိနေတယ်လို့ ပေါက်တောမြို့အနီး ကျေးရွာတရွာကနေ တိမ်းရှောင်နေရတဲ့ ဒေသခံတဦးက ပြောပါတယ်။
 
စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ စစ်ရေယာဉ်တို့ကနေ ပစ်ခတ်မှုတွေ ရှိနေတာကြောင့် ပေါက်တောမြို့ အပါအဝင် အနီးတဝိုက်ကျေးရွာတွေက ဒေသခံ သောင်းချီဟာ ဘေးလွတ်နိုင်မယ်လို့ ယူဆရတဲ့ ရွာတွေဆီ တိမ်းရှောင်နေကြရတယ်လို့ ပြောကြပါတယ်။
 
“ မိုးကလည်း ညကတည်းက တောက်လျှောက်ရွာနေတာ၊ ပြေးလာတုန်းက ထီးမရ၊ ဘာမရနဲ့ အခု စွတ်စွတ်စိုစိုနဲ့ ထပ်ပြေးနေကြရတယ်၊ ဒီနေရာမှာ မလုံခြုံဘူးဆိုလို့ နောက်တနေရာ ပြေးကြရတာ၊ လယ်ကွင်းထဲကနေ လမ်းလျှောက်ပြေးနေကြတာ ” လို့ တိမ်းရှောင်နေရသူ အမျိုးသမီးတဦးက ပြောပါတယ်။
 
ရခိုင့်တပ်တော် AA တပ်ဖွဲ့ကတော့ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ ပေါက်တောဒေသခံ အရပ်သားပြည်သူတွေအတွက် ဝမ်းနည်းရတယ်လို့ ဆိုထားသလို အဲဒီအတွက် လက်တုံ့ပြန်မယ်လို့လည်း မနေ့က ထုတ်ပြန်ထားပါတယ်။
 
ဒီကနေ့ AA တပ်ဖွဲ့ရဲ့ စစ်ရေးထုတ်ပြန်ချက်တခုအရ မောင်တောမြို့နယ် အခြေစိုက် “ဒုံးညို” နယ်ခြားစောင့် တပ်စခန်းကို စတင်ထိုးစစ်ဆင်ပြီးနောက် ၂၇ နာရီအကြာ ဒီကနေ့ နေ့လယ်တနာရီမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
 
စစ်ကောင်စီဘက်က လက်နက်ကြီး၊ လေကြောင်းပစ်ကူ ပေးနေတဲ့အပြင် မိုးသည်းထန်နေတဲ့ကြားက အဲဒီစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း သုံ့ပန်း ၁၈ ဦး၊ လက်နက် အလက် လေးဆယ်၊ ရုပ်အလောင်းတွေနဲ့ ခဲယမ်း စစ်အသုံးအဆောင်တွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
 
ဓာတ်ပုံ – CJ