မန္တလေးမြို့ရှိ ရွှေဆိုင်တဆိုင် သိန်းတသောင်းကျော်ဖိုး ဓားပြတိုက်ခံရ

နိုဝင်ဘာ ၊ ၁၇
 
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၂ လမ်း နဲ့ ၇၃ လမ်းကြား လမ်း ၃၀ ပေါ်ရှိ “အောင်” ရွှေဆိုင် မှာ ဒီကနေ့ မနက်ပိုင်းက ဓားပြတိုက်ခံရလို့ ဆိုင်ရှိ ရွှေထည်ပစ္စည်း အားလုံးနီးပါး ပါသွားပြီး သိန်းတသောင်းကျော် တန်ဖိုးရှိတယ်လို့ အဲဒီဆိုင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
 
ဒီနေ့ မနက် (၁၀)နာရီကျော်လောက်မှာ 2E/ 6723 နံပါတ်ပါ မတ်တူးကားနဲ့ လူသုံးဦး ရောက်လာပြီး ရွှေဆိုင်ကို သေနတ်ပစ်ဖောက်ကာ ဆိုင်တွင်းရှိ ရွှေကောင်တာတွေ ရိုက်ခွဲ ဓားပြတိုက်သွားတယ်လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့ တယ်လီဂရမ်တွေမှာ ရေးသားထားပါတယ်။
 
” ဆိုင် ဓားမြတိုက်ခိုက်ခံလိုက်ရပြီ။ ရင်တွေလည်း ကွဲပါပြီ။ သေနတ်တွေလည်း ပစ်။ လူမထိတာဘဲ ကံကောင်း။ ပစ္စည်းတွေ ပါသွားပြီ။ လုပ်ရက်ကြတယ် လူတွေ ” လို့ အဲဒီဆိုင်ပိုင်ရှင်က သူရဲ့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။
 
ကောင်တာအတွင်းရှိ စိန်လက်စွပ်၊ ရွှေဆွဲသီး၊ ရွှေလက်ကောက်၊ ရွှေဆွဲကြိုး၊ နားကပ်နဲ့ ပလပ်တီနမ်ဆွဲကြိုးတွေအပါအဝင် စုစုပေါင်း ကာလတန်းဖိုး ကျပ်သိန်းပေါင်း (၁၁,၃၁၀) ခန့် ဓားပြတိုက်ခံလိုက်ရတာလို့ သိရပါတယ်။
 
ရွှေဆိုင်ဓားပြတိုက်ခံရပြီးနောက် စစ်ကောင်စီလုံခြုုံရေးတွေက လမ်း ၃၀ တဖက်ခြမ်းကို ပိတ်ဆို့ပြီး စစ်ဆေးတာတွေအပြင် အနီးပတ်ဝန်းကျင်ကိုလည်း မေးမြန်းတာတွေ လုပ်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
 
“ သေနတ်သံ နှစ်ချက်ကြားတော့ ခြောက်လန့်ပစ်တာထင်နေတာ နောက်မှ ရွှေဆိုင်ဓားပြတိုက်ခံရတာ သိရတာပေါ့။ အခုဖြစ်တဲ့နားက ဆေးကျောင်းနဲ့ နီးတယ်လေ။ အဲထဲမှာလည်း လုံခြုံရေးတွေရှိတော့ သေနတ်သံကြားပြီး သူတို့လာစစ်တောင် ပစ္စည်းတွေ ဒီလောက်ပါမယ် မထင်ဘူး “ လို့ သူကဆိုပါတယ်။
 
ဓားပြတိုက်သူတွေဟာ အင်္ကျီအနက်ရောင်၊ ဘောင်းဘီရှည် အနက်ရောင် ဝတ်ဆင်ထားသူ အမျိုးသား သုံးဦး ဖြစ်ပြီး သေနတ်အတို နှစ်လက်ကို ကိုင်ဆောင်ထားတယ်လို့ စစ်ကောင်စီကို အားပေးတဲ့ တယ်လီဂရမ်တွေက ရေးသားထားပါတယ်။
 
ဓားပြတိုက်ခံရတဲ့ ရွှေဆိုင်ဟာ မန္တလေးမြို့အလယ်ခေါင် လူစည်ကားတဲ့ နေရာဖြစ်တဲ့ အပြင် စစ်ကောင်စီတပ်ဖွဲ့တွေ အထိုင်ချတဲ့ နေရာတွေနဲ့ နီးကပ်နေတာကြောင့် လုံခြုံရေး မပေးနိုင်မှုအပေါ် မြို့ခံတွေက ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။
 
ပြီးခဲ့တဲ့ အောက်တိုဘာ ၃ဝ ရက်ကလည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၄ လမ်း ၄၁ နဲ့ ၄၂ လမ်းကြားရှိ “ပေါ်ဦး” ရွှေဆိုင်မှာ ဓားပြတိုက်ခံရလို့ ကျပ်သိန်း တထောင်ကျော် ဆုံးရှုံးခဲ့ရပါသေးတယ်။
 
ဓာတ်ပုံ – Social Media