မော်လမြိုင်က အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒရုန်းနဲ့တိုက်ခိုက်ခံရ

နိုဝင်ဘာ၊ ၁၆
 
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အခြေစိုက် စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒီကနေ့ ညနေ ၅ နာရီခွဲလောက်က ဒရုန်းနဲ့ တိုက်ခိုက်ခံရတယ်လို့ တပ်တွင်းနီးစပ်သူတွေနဲ့ မြို့ခံတွေက ပြောပါတယ်။
 
“ ပေါက်ကွဲသံ နှစ်ချက်ကြားရတယ်၊ ပြီးတော့ သေနတ်ပစ်သံတွေ ဆက်တိုက်ကြားရတာပဲ၊ မိနစ်ပိုင်းလောက်ပဲ ပစ်တာ ” လို့ မြို့ခံတဦးက DNA ကို ပြောပါတယ်။
 
မော်လမြိုင်မြို့၊ ရခိုင်ကုန်းရပ်ကွက်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းမဘေးမှာရှိတဲ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒရုန်းနဲ့ ဗုံးသီးနှစ်လုံးချ တိုက်ခိုက်ခံရတာဖြစ်ပြီး ဗုံးသီးတလုံးသာ စစ်ဌာနချုပ်အတွင်းက ဓမ္မာရုံအနီး ကျရောက်ပေါက်ကွဲခဲ့ကာ လူထိခိုက်မှု မရှိဘူးလို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
 
ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေက အရှေ့တောင်တိုင်းစစ်ဌာနချုပ်အရှေ့ လမ်းမတလျှောက်ကို ပိတ်ဆို့စစ်ဆေးခဲ့သလို ဒရုန်းလာရာလမ်းကြောင်းတွေဘက်ကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး ဝင်ရောက်သွားတာ ရှိတယ်လို့ အဲဒီအနီးမှာ နေထိုင်တဲ့ မြို့ခံတဦးက ပြောပါတယ်။
 
“ စစ်တာက တော်တော်စစ်တယ်၊ ရှိသမျှ၊ ဖြတ်သမျှ မသင်္ကာတဲ့သူတွေ ပိုစစ်တာ၊ အဲဒီနောက်က တောင်ပေါ်ဘက်ကို ကားနဲ့ တက်သွားကြတာ အများကြီးပဲ ” လို့ မော်လမြိုင်မြို့ခံက ပြောပါတယ်။
 
ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်ခဲ့တယ်ဆိုတာတော့ အခုချိန်ထိ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
 
မော်လမြိုင်ခရိုင်အတွင်း လှုပ်ရှားနေတဲ့ တော်လှန်ရေးအဖွဲ့နှစ်ဖွဲ့ကို DNA က ဆက်သွယ်မေးမြန်းပေမယ့် သူတို့အနေနဲ့ အဲဒီလိုတိုက်ခိုက်ခဲ့တာ မရှိဘူးလို့ ပြောပါတယ်။
 
အခုနှစ် မတ်လ ၁၆ ရက် ညပိုင်းကလည်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို တော်လှန်ရေးအင်အားစုတွေက ဒရုန်းနဲ့ တိုက်ခိုက်လို့ ရုံးအဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။
 
အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဟာ မွန်ပြည်နယ် ကရင်ပြည်နယ်ရဲ့ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ စစ်ဆင်ရေးဆိုင်ရာ ကိစ္စရပ်တွေကို အဓိက တာဝန်ယူဆောင်ရွက်နေရတဲ့ ဌာနချုပ်ဖြစ်ပြီး လက်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးမှာ ဗိုလ်ချုပ်မြတ်သက်ဦး ဖြစ်ပါတယ်။
 
ဓာတ်ပုံ – Google